ဆဲဒရစ်ရဲ့ကြိုးစားမှုကို ချီးကျူးပေမယ့် တိုမီယာစုကို မျှော်နေတဲ့ ချားလ်ဝက်စ်
နာမည်ကျော်ဂျာနယ်လစ် ချားလ်ဝက်စ်ကတော့ အာတီတာအနေနဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ တိုမီယာစုကို ပြန်လည်အသုံးပြုလာဖို့ရှိကြောင်း သူ့ရဲ့ Youtube အစီအစဥ်ကနေထုတ်ပြောလာပါတယ်။ ကာလရှည်ကြာအနားယူနေရတဲ့ ဂျပန်သားဟာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး ပရိတ်သတ်တွေရဲ့ ကြိုဆိုမှုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။ ချားလ်စ်က “ တိုမီယာစုအနေနဲ့ပါဝင်နိုင်ခဲ့တဲ့ မိနစ်အနဲငယ်မှာ ရိုနယ်ဒိုကို အနှောင့်အယှက်များစွာပေးနိုင်ခဲ့ကြောင်း ၊ ဆဲဒရစ်အနေနဲ့ အကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့ပေမယ့် အသင်းအတွက် ပိုကောင်းလာဖို့ဆိုရင်တော့ တိုမီယာစုကြံ့ခိုင်မှုပြည့်ဝဖို့က ပိုပြီးအရေးကြီးကြောင်း” မှတ်ချက်ပြုလာခဲ့တာဖြစ်ပါတယ်။
ဂျက်စပန့်ဒ်အတွက် အသင်း ၅ သင်းထံက ကမ်းလှမ်းမှုရရှိနေပြီလို့ အတည်ပြုလာ
အာဆင်နယ် အပါအဝင်အသင်းတော်တော်များများရဲ့ စိတ်ဝင်စားမှုကိုရရှိနေတဲ့ ဘိုရိုနောက်ခံလူ (နော်တင်ဟမ်ဖောရက်စ်မှာအငှားကစားနေ) ဂျက်ဒ်စပန့်စ်အတွက် ကမ်းလှမ်းမှု ၅ ခုအထိရရှိထားတယ်လို့ အတည်ပြုလာခဲ့ပြီး အာဆင်နယ်နဲ့စပါးတို့လည်းပါဝင်ကြမယ်လို့ ယူဆရပါတယ်။ အဆိုပါကစားသမားရဲ့တန်ကြေးက ၁၂.၅ သန်းရှိတယ်လို့ လည်းသိရပါတယ်။ ကစားသမားရဲ့ ဆန္ဒကတော့ ငယ်စဥ်ကတည်းက အားပေးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခွင့်ရရေးဖြစ်တယ်လို့ သိရပါတယ်။
တိုနေးကို အာဆင်နယ်မှာ မြင်ချင်နေတဲ့ပါလာ
အာဆင်နယ်ဂန္တဝင်ကြီးရေးပါလာကတော့ ဘရန်းဖို့ဒ်အသင်းရဲ့တိုက်စစ်မှုး အိုင်ဗန်တိုနေး ကို အာဆင်နယ်အသင်းမှာမြင်ချင်ကြောင်း Talksports ရဲ့အစီအစဥ်ကနေ ထုတ်ပြောလာခဲ့ပါတယ်။
“ ဘယ်သူမဆို ကိုယ်လိုချင်တဲ့ကစားသမားတစ်ယောက်အတွက် အသင်းအများကြီးနဲ့ပြိုင်နေရတာမျိုး မဖြစ်ချင်ပါဘူး … တိုနေးအတွက် အသင်းဘယ်နှသင်းလောက်ကကြိုးစားနေကြသလဲ … ပြီးတော့ သူကိုရော ထွက်ခွာခွင့်ပေးမှာလား .. ဒီလိုမေးခွန်းတွေလဲရှိနေပါသေးတယ် .. ကျွန်တော့်အတွက်ကတော့ တိုနေးဟာ အာဆင်နယ်မှာ မြင်စေချင်တဲ့ ကစားသမားပါပဲ .. “ ဆိုပြီး သူ့ရဲ့နှစ်သက်မှုကို ထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။
ဂျေးဆူအပြင်အရံပစ်မှတ်များစွာရှိကြောင်း အွန်းစတိန်းပြောကြားလာ
အာဆင်နယ်အသင်းအကြောင်းကို တစိုက်မတ်မိတ်ရေးသားနေတဲ့ The Athletic ရဲ့သတင်းထောက် အွန်းစတိန်းကတော့ ဂန်းနားတို့ဟာ ဂါဘရီယယ်ဂျေးဆူတစ်ယောက်ထဲအပေါ်မှာပဲ ပုံအောထားတာမဟုတ်ကြောင်းအခုလိုပြောကြားလာခဲ့ပါတယ်။
“ သူတို့မှာ အစားထိုးရွေးစရာတွေစီစဥ်ထားပြီးသားပါ။ ဂျေးဆူဆစ်ယောက်ထဲအပေါ်မှာပဲ အရာအားလုံးပုံအပ်ထားတာမဟုတ်ပါဘူး .. အခြားသောကစားသမားတွေကိုလဲ အရံသင့်စီစဥ်ပြီးသားပါ။ အဲ့ဒီအထဲကတစ်ယောက်ကိုပြောရရင်တော့ ကဲဗက်လီဝင်ပါပဲ .. အာဆင်နယ်အသင်းအနေနဲ့သူတို့ရဲံ့ ကာလရှည်ပစ်မှတ်ကို စောင့်ကြည့်ဆဲဖြစ်သလို ကစားသမားကလည်း အမ်းမရိတ်ကို သဘောကျနေပါတယ် “ ဆိုပြီး ပြောဆိုလာခဲ့တာဖြစ်ပါတယ်။
ဘက်တစ်ကို အပြီးသတ်ပြောင်းရွေ့ဖိ့ ဘယ်လာရင်ပြင်ဆင်နေ
ရီးရဲဘက်တစ်အသင်းမှာ အငှားနဲ့သွားရောက်ကစားနေတဲ့ ဘယ်လာရင်က စပိန်ကလပ်ဆီကို အပြီးသတ်ပြောင်းရွေ့ဖို့အတွက် ခွင့်ပြုချက်တောင်းခံထားပြီဖြစ်ကြောင်း Express UK က ဖော်ပြလာပါတယ်။ ကိုပါဖလားကို ပူပူနွေးနွေးရရှိထားတဲ့စပိန်သားဟာ အငှားကစားရင်းခြေစွမ်းပြနိုင်ခဲ့သလို အသင်းနဲ့အတူလည်းအောင်မြင်တဲ့ရာသီကို ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဘက်တစ်ကို လာခဲ့တာ ဆုဖလားတွေယူဖို့ဖြစ်တယ်ဆိုပြီး သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာလည်း ထုတ်ဖော်ပြောကြားထားသူဖြစ်ပါတယ်။
