ပရီးမီးယားလိဂ်ပွဲကျန် ၇ ပွဲကျန်တုန်းက အာဆင်နယ်ပရီတ်သတ်တွေရဲ့ အနေအထားနဲ့ ၅ ပွဲကျန်ချိန်ကတော့ အလွန်ကွာခြားသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ရိုလာကိုစတာဖြစ်နေတဲ့ အာတီတာအတွက်ကတော့ Arteta Out ကိစ္စတွေကနေ ကင်းလွတ်သွားပြီလို့ ပြောမရသေးတဲ့အခြေအနေပါပဲ။
ဧပြီလ ၂၀ ရက်နေ့ ည ၁၀ နာရီခန့်အထိ အာတီတာ က အသင်းကနေမဖြစ်မနေထွက်ရမယ့်သူ ၊ အသင်းရဲ့ အကြီးမားဆုံးသော ပြသနာဆိုတဲ့ အသံတွေက ဆူညံနေခဲ့တယ်။ ဘာစီလိုနာအသင်းအတွက် အူဘာမီယန်ရဲ့ခြေစွမ်းပြမှုကလည်း အာဆင်နယ်ရဲ့ ရလဒ်အကျမှာ လာပြီးပူးပေါင်းသွားတဲ့ အင်အားဖြစ်ခဲ့ပါတယ်။ သို့သော် နောက်ထပ်နာရီပိုင်းအကြာမှာတော့ ထိုအသံတွေပျောက်သွားခဲ့ပါတယ်။ ပြီးတော့ မန်ချက်စတာယူနိုက်တက်ကို ထပ်ပြီးနိုင်လိုက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အူဘာမီယန် တစ်ယောက်လူမရှိတဲ့ ဂိုးပေါက်ကို လွဲချော်တဲ့ ဗီဒီယိုကလည်းတက်လာပြန်တော့ အာတီတာ Supporter တွေအတွက် ကိုးကားစရာပိုများသွားခဲ့ပါတယ်။ လောလောဆယ်တော့ ဂျေးဆူကိစ္စအပါအဝင်တောက်ပတဲ့အနာဂတ်ကိုပဲ တွေးတောပြီး ပရီတ်သတ်တွေက အားတက်နေကြပါတယ်။ တကယ်တော့ ကိစ္စတွေက သူ့ဟာသူလည်ပတ်နေကြတာပါပဲ။

ပွဲကျန် ၅ ပွဲရဲ့ အခြေအနေက စိတ်ဝင်စားစရာတော့ကောင်းတယ်။ စပါးနဲ့ပွဲက ၃ပွဲမြောက်။ သူနဲ့မတိုင်ခင်က ၂ ပွဲ .. သူ့အလွန်က ၂ ပွဲ။ အားလုံးကအဆုံးအဖြတ်လို့ပြောထားပေမယ့် အဆုံးအဖြတ်မဖြစ်နိုင်သေး။ ဆိုလိုတာက မြောက်လန်ဒန်ဒါဘီမှာ ခြေချော်တဲ့အသင်းကလဲ အခွင့်ကောင်းပြန်ရနိုင်ပါသေးတယ်။ ပွဲကြပ် ပွဲချောင်ကိစ္စတော့ရှိတာပေါ့လေ။
စပါးနဲ့ပွဲမတိုင်ခင်မှာတင် အဆင့် ၄ အတွက်ရင်မောရတဲ့ ကိစ္စတွေအပြတ်ဖြတ်နို်င်ဖို့ ပရီတ်သတ်တွေမျှော်လင့်နေကြပါတယ်။ ဒါက လက်တွေ့မှာဖြစ်နိုင်ပါသလား။ လက်စတာနဲ့ လီဗာပူးလ်ပွဲတွေမှာ စပါးက ခြေချော်ပြီး အာဆင်နယ်က တဖက်မှာ အမှတ်ပြည့်ယူလိုက်နိုင်ရင်တော့ ဂန်းနားပရိတ်သတ်တွေအလွန်ပျော်ကြဖွယ်ရှိပါတယ်။ ဒါပေမယ့် အနေအထားက တွေသလောက်မရိုးရှင်းပါဘူး။
လက်စတာ ၊ လီဗာပူးလ်တို့ဆီမှာ စပါးက အမှတ်လျော့ပြီး အာဆင်နယ်က အခွင့်အရေးမယူနိုင်ခဲ့ရင် ..
တကယ်လို့သာ ခေါင်းစဥ်တပ်ထားတဲ့အတိုင်းဖြစ်လာခဲ့ရင် အာတီတာ Out ကိစ္စက တစခန်းပြန်ထလာနိုင်ပါတယ်။ ဖြစ်နိုင်စရာလဲရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ဝက်စ်ဟမ်းရဲ့ မာကျောမှု ၊ လိဒ်စ်ရဲ့ Rhythm ပြန်တက်လာမှုတွေက အာဆင်နယ်ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် တဖက်မှာ လုံးဝဥသုံပွဲကြပ်နေတဲ့ စပါးရဲ့ အမှတ်လျော့မှုကို အခွင့်အရေးမယူနိုင်ဘူးဆိုရင်တော့ ပရိတ်သတ်တွေရဲ့ အားမလိုအားမရဖြစ်မှုတွေက တဖန်ပြန်ဖြစ်လာဦးမှာပါ။
စပါးနဲ့ပွဲမှာသာ အာဆင်နယ်ရှုံးခဲ့ရင်
ဒီအခြေအနေက ပိုဆိုးပါတယ်။ သေချာပေါက်ကို ပရိတ်သတ်တွေရဲ့ခံစားချက်တွေပြင်းထန်လာကြဦးမှာပါ။ ပွဲကျန်ကလဲ ၂ ပွဲပဲကျန်တော့တယ်။ တဖက်က စပါးအသင်းကတော့ အရမ်းချောင်သွားပြီ။ ကိုယ်တွေက ခြေတက်နေတဲ့ နယူးကာဆယ်ရယ် တန်းမဆင်းရဖို့ သေလုအောင်ကစားကြမယ့် အဲဗာတန်ရယ်။ မပြောကောင်း မဆိုကောင်း ရာသီသိမ်းခါနီးမှခြေခေါက်သွားလို့ကတော့ ချဲလ်ဆီးနဲ့ မန်ယူကိုနိုင်လိုက်တာက နည်းစနစ်ကောင်းလို့ဆိုတဲ့ သုံးသပ်မှုကနေ ၊ ကံကောင်းလို့ ဆိုတဲ့ ကောက်ချက်ကို ချက်ခြင်းပြောင်းသွားဦးမှာပါပဲ။
ဒါကြောင့်မို့လို့ အာဆင်နယ်အသင်းနဲ့ အာတီတာတို့ဟာ အမှတ်ပေးဇယားမှအဖြေမပေါ်သေးရုံမကပဲ In/Out Conversation ကနေပါ မလွတ်ကင်းသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းကြီး ၂ သင်းကို ဆက်တိုက်အနိုင်ရထားခဲ့တာကြောင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ကိုတော့ ကောင်းစွာအခွင့်အရေးရထားပြီလို့ ဆိုရပါမယ်။