အာဆင်နယ်ဂိုးသမားရမ်းစ်ဒေးလ်ဟာ သိပ်ကိုထူးချွန်တဲ့ ကစားသမားတစ်ယောက်ဆိုတာကို သက်သေပြပြီးသားပါ။ ဒါက Reference တွေသိပ်ပြီးလိုက်ရှာနေစရာမလိုပါဘူး။ သူ့ရဲ့ ပွဲတွင်းလက်စွမ်းတွေမှာ မြင်နေရပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ပွဲတစ်ပွဲထဲမှာ အမှားလုပ်မိပြီဆိုရင်လဲ မျက်စေ့မျက်နှာပျက်နေတတ်တာကို ပရိတ်သတ်တွေသတိထားမိကြမှာပါ။ ဒီအချက်ဟာ ပိုပြီးတိုးတက်ရဦးမယ့် ကစားသမားဘဝအတွက် အရေးပါနေပါတယ်။
ပြီးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ရမ်းစ်ဒေလ်းတစ်ယောက် သူ့ရဲ့စိတ်ကို မထိန်းနိုင်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ် ရဲ့ပယ်နယ်တီလွဲချော်ချိန်မှာ အောင်ပွဲခံတဲ့ကိစ္စဖြစ်ပါတယ်။ အာဆင်နယ်ပရိတ်သတ်တွေကတော့ အလွန်သဘောကျနေကြပါတယ်။ ဒါပေမယ့် ဝေဖန်မှုအချို့လဲရှိနေပါတယ်။ ထို ဝေဖန်မှုတွေထဲကမှ ဒန်နီမာဖီရဲ့အပြောကတော့ လေးလေးနက်နက်ရှိပါတယ်။
“ ရမ်းစ်ဒေးလ်အောင်ပွဲခံနေတာကို ကျွန်တော်နားလည်ပေးနိုင်ပေမယ့် မန်နေဂျာတစ်ယောက်သာဆိုရင်တော့ “ ထပ်မလုပ်နဲ့ “ လို့ပြောရမှာပါပဲ။ ပစ်ခ်ဖို့ဒ်ဟာ စိတ်ခံစားမှုကိုလည်းထိန်းချုပ်နိုင်တာဖြစ်လို့ အဂ်လန်မှာ နံပါတ် ၁ ဖြစ်နေတာပါ။ ရမ်းစ်ဒေးလ်အနေနဲ့ ပစ်ခ်ဖို့ရဲ့နေရာကိုလိုချင်တယ်ိဆိုရင်တော့ ဒါတွေကိုပြင်ဆင်ရပါလိမ့်မယ်။ နိုင်လိုစိတ်ပြင်းထန်တာကို ကျွန်တော်အပြစ်မပြောပါဘူး။ ဒါပေမယ့် ဒိပင်နယ်တီက သူကာကွယ်ခဲ့တာမဟုတ်ပါဘူး “

ဆိုလိုရင်းကတော့ စိတ်ဓါတ်ပြင်းထန်တာကောင်းပေမယ့် ကိုယ်တိုင်လဲ စွမ်းဆောင်ရည်နဲ့ တည်ငြိမ်မှုကို မြှင့်တင်ဖို့လိုတယ်ဆိုပြီး ထောက်ပြခဲ့တာပါ။ ဒန်နီမာဖီရဲ့ ဒီစကားကို အာဆင်နယ် အားပေးသူတွေအနေနဲ့ သဘောကျချင်မှ ကျမှာဖြစ်ပေမယ့် လက်ရွေးစင်အဆင့်ထိသွားချင်တဲ့ ၊ အာဆင်နယ်လိုအသင်းမှာ နံပါတ်တစ်ကို သိမ်းပိုက်ထားချင်တဲ့ ကစားသမားတစ်ယောက်အနေနဲ့ကတော့အလေးထားရမှာဖြစ်ပါတယ်။
ရမ်းစ်ဒေးလ်ရဲ့ စွမ်းဆောင်ရည်နဲ့အလားအလာက ကောင်းမွန်ပေမယ့် ခံစားချက်နဲ့ အာရုံစူးစိုက်မှုက မတည်ငြိမ်သေးတာကိုမြင်ရပါတယ်။ ဒါကလည်း အပြစ်တင်စရာမဟုတ်ပါဘူး။ လူသားတစ်ယောက် ၊ကစားသမားတစ်ယောက်အနေနဲ့ဖြစ်တတ်ပါတယ်။ တဖက်မှာလည်း ထိပ်ဆုံးကို တက်ရောက်ချင်တဲ့သူ ၊ အောင်မြင်ချင်တဲ့သူအနေနဲ့ အဖက်ဖက်ကို အမြဲတမ်း ဂရုစိုက်ရမှာဖြစ်ပါတယ်။
ဒီရက်ပိုင်းရမ်းစ်ဒေးလ်နဲ့ပတ်သတ်တဲ့ဆွေးနွေးမှုအချို့ရှိပါတယ်။ သူ့က မာန်တက်လာသလား .. အရပ်အခေါ် ဆိုက်ပိ လာသလားဆိုတဲ့ သံသယအချို့လဲရှိပါတယ်။ ဒါပေမယ့် စာရေးသူရဲ့အမြင်ကတော့ တစ်မျိုးဖြစ်ပါတယ်။
သူ့မှာစိတ်ပိုင်းဆိုင်ရာ ဖိအားတွေရှိပါတယ်။ ဒါပေမယ့် အများယူဆသလို ထောင်လွှားတဲ့ဖက်ကို ဦးတည်နေတာမျိုးမဟုတ်ပဲနဲ့ စိုးရိမ်တာက များတယ်လို့ ထင်မိပါတယ်။ ဆိုလိုတာက သူ့ကို လက်ရှိနေရာနဲ့ မထိုက်တန်ဘူးဆိုတဲ့ ယူဆချက်တွေများစွာရှိထားပါတယ်။ ရောက်လာခါစတုန်းကဆိုရင် အလွန်ပြင်းထန်တဲ့ ဝေဖန်မှုတွေကိုပါရရှိခဲ့တာပါ။ ဒီတော့ ရမ်းစ်ဒေးလ်ဟာ သက်သေပြလိုစိတ်ရော ၊ ဆုံးရှုံးမှာ စိုးရိမ်စိတ်ရော ရှုတ်ထွေးနေတယ်လို့ ယူဆပါတယ်။
ဒီအခြေအနေကို အာတီတာနဲ့ နည်းပြအဖွဲ့တွေက အကောင်းဆုံးကိုင်တွယ်ပေးရမှာဖြစ်ပါတယ်။ ရမ်းစ်ဒေလ်းကိုယ်တိုင်လဲ လွန်မြောက်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရမ်းစ်ဒေးလ်ဟာ အဆင့်တစ်ခုကို ကျော်ဖြတ်ခဲ့ပြီးပါပြီ။ သူရောက်ချင်တဲ့နေရာကိုရောက်ဖို့ … အကြာကြီးတည်မြဲဖို့အတွက်ကတော့ ခက်ခဲဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ ပြင်းအားနဲ့ တက်ကြွမှုတွေမှာ ရင့်ကျက်မှုပေါင်းထည့်လိုက်တဲ့အခါ ထိပ်တန်းဂိုးသမားတစ်ယောက်ဖြစ်လာဖို့ကတော့ ရာခိုင်နှုန်းအလွန်များတယ်လို့ ဆိုနိုင်ပါတယ်။