အာဆင်နယ်အသင်းဘာဖြစ်နေသလဲ  (  ၃ / ၃ )

အပိုင်း   ၃ ပိုင်းခွဲပြီးရေးသားတဲ့ Editorial  ဆောင်းပါးရှည်ကို ဒီနေ့အဆုံးသတ်တာအသင့်တော်ဆုံးဖြတ်မယ်လို့ထင်ပါတယ်။ စာဖတ်သူတွေ လည်း စိတ်လက်ကြည်ကြည်သာသာရှိနေကြပုံရပါတယ်။ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်ကို ဆက်တိုက်နိုင်ခဲ့တော့ အားလုံးလည်းပျော်နေကြပါတယ်။ သို့သော်  ထိုနိုင်ပွဲ  ၂ ပွဲဟာ  အာဆင်နယ်အသင်းရဲ့  ရှိရင်းစွဲစိန်ခေါ်မှုတွေကို လျော့ကျသွားစေမှာတော့မဟုတ်ပါဘူး။

အပိုင်း ၁ မှာ  Corporate Strategy ကိုမှီခိုလွန်းတဲ့အကြောင်း ၊  အပိုင်း  ၂ မှာတော့   Conventional Supporter တွေအကြောင်းရေးသားအပြီးမှာတော့  အာဆင်နယ်အသင်း လာမယ့်  ၂ ရာသီလောက်မှာ ဘာတွေဖြစ်နေနိုင်သလဲဆိုတာကို  သိထားတဲ့အချက်တွေကို အခြေခံပြီးရေးသားတင်ပြပါ့မယ်။

ပြီးခဲ့တဲ့ရက်တွေမှာ  အီဒူးနဲ့ ESPN ရဲ့ သတင်းထောက်တို့ရဲ့ အမေးအဖြေက တော်ေတာ်လေး စာမျက်နှာတွေပါ်မှာ မြင်ရပါတယ်။ အတိုင်းအတာတစ်ခုထိ လှုပ်ခတ်မှုလည်းရှိပါတယ်။

ကျွန်တော်တို့ရဲ့ လူစာရင်းကို ပြန်ချိန်ညှိရမှာပါ။ လူတစ်ယောက်၊ နှစ်ယောက်လောက် ခေါ်တာက ချိန်ညှိတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လာမယ့်နှစ်မှာ ချန်ပီယံလိဂ် ကစားရနိုင်ပါတယ်။ အနည်းဆုံးတော့ ယူရိုပါလိဂ်ကန်ရမှာ သေချာနေပါပြီ။ အခုလို အထိအခိုက်မခံတဲ့ လူစာရင်းလေးနဲ့တော့ဖြင့် ကျွန်တော်တို့တွေ တစ်ပါတ်ကို ၂ပွဲ ကစားလို့ မဖြစ်သေးပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့တွေ အနေနဲ့ တစ်ဆင့်ချင်းဆီ အာရုံစိုက် လုပ်ဆောင်သွားရမှာဖြစ်ပြီး လာမယ့် အပြောင်းအရွှေ့မှာ စီမံရမှာတွေကိုလည်း ခုကတည်းက စိတ်လှုပ်ရှားနေပါပြီဆိုပြီး အီဒူးက ​ပြောကြခဲ့ပါတယ်။

သူပြောတဲ့စကားမှာ အဖြေကပေါ်နေပါပြီ။  သူတို့သွားရမယ့် အဆင့်အတိုင်းပဲ တစ်ဆင့်ခြင်းသွားနေကြပါတယ်။  အာဆင်နယ်အသင်းရဲ့ ကနဦးရည်မှန်းချက်ဟာ ယူရိုပါလိဂ်ဖြစ်ကြောင်း အားလုံးလဲသိကြမယ်ထင်ပါတယ်။ ဘာကြောင့် ယူရိုပါလိဂ်ကိုပဲ မှန်းရတာလဲ။

အသင်းမှာ ကျွန်တော်တို့ မမြင်ရတဲ့  ပြသနာတွေများစွာရှိပါတယ်။  ပြင်ပ ပညာရှင်တွေကို ငှားရမ်းပြီး The Arsenal Way ဆိုတဲ့ Project နဲ့အတူ  အာဆင်နယ်ရဲ့ အနှစ်သာရကို  ဝန်ထမ်းအားလုံးရဲ့စိတ်ထဲမှာ ကိန်းအောင်းစေဖို့ ပြန်လည်တည်ဆောက်နေပါတယ်။  ဒီအရာကို အသင်းပိုင်ရှင်တွေဖက်က  ကွင်းတွင်းရလဒ်များနဲ့တန်းတူ အလေးထားနေတယ်လို့ ယူဆရပါတယ်။ ဒါကြောင့်  ကစားသမားတွေခေါ်မယ် ၊ ဖလားတွေယူမယ်ဆိုတဲ့  Framework က လတ်တလောမှာ အာဆင်နယ်ဖော်ဆောင်နေတဲ့အရာမဟုတ်ပါဘူး။  ဒီအကြောင်းကို အသင်းရှုံးနေတုန်းရေးရင်  အာတီတာကို ကာကွယ်တယ်လို့ မှတ်ချက်ပြုနိုင်တာဖြစ်လို့   ဒီဆောင်းပါးရဲ့  အပိုင်း  ၃ နဲ့ ဇာတ်သိမ်းပိုင်းဟာ အနဲငယ်ကျန့်ကြာနေတာဖြစ်ပါတယ်။  ပြန်ကောက်ရရင်တော့   ပရိတ်သတ်တွေမျှော်လင့်နေတဲ့  ခြေစွမ်းတွေပြ ၊ ဆုဖလားတွေယူဆိုတဲ့ အခင်းအကျင်းဟာ ကြာဦးမှာပါ။  အခုအချိန်မှာမျှော်လင့်သင့်တာက အသင်းရဲ့ ဟန်ချက်ညီမှု ၊ စည်းလုံးမှုနဲ့ ပုံမှန်တိုးတက်နေဖို့သာဖြစ်ပါတယ်။  အာဆင်နယ်ဟာ ဒီကြားထဲမှာ  ဘန်လေကိုလဲ ဂိုးပြတ်ရှုံးနိုင်ပါသေးတယ်။ တချိန်ထဲမှာလည်းတိုးတက်နေမှုနဲ့အတူ  နိုင်ပွဲတွေဆက်နိုင်ပါသေးတယ်။

အာဆင်နယ်တို့ဟာ လာမယ့်နှစ်ပိုင်းတွေမှာ  တဖြေးဖြေးတိုးတက်လာဖို့ရှိပါတယ်။ လက်ရှိလူငယ်တွေပိုရင့်ကျက်လာပြီး  နောက်ထပ်တစ်သုတ်ခြေစွမ်းပြချိန်ဟာ အာဆင်နယ်ရဲ့ ပြန်လည်တောက်ပချိန်ဖြစ်ပါတယ်။ ဒီအချိန်တွေကြားထဲမှာတော့  ပရိတ်သတ်တွေအနေနဲ့ ပျော်တလှဲ့  ဆဲတစ်ခါကြုံနေကြဦးမှာပါ။ ဒါပေမယ့် ခရီးဆိုတာသွားနေဖို့လိုပါတယ်။

လုပ်ငန်းစဥ်ကို ယုံလိုက ယုံပါ။ မယုံလိုကလဲ ငြင်းပယ်ပါ။  အာဆင်နယ်ကတော့ သူ့ခရီးအတိုင်းသူသွားပါလိမ့်မယ်။  ကျွန်တော်ကတော့ ဒီခရီးစဥ်မှာ စီးမြောလိုက်ဖို့ ရွေးချယ်ထားပါတယ်။ လာမယ့်ရာသီမှာလည်း အာဆင်နယ်အသင်းအနေနဲ့ကစားသမားသစ်တွေရောက်လာပြီး အောင်မြင်မှုတွေရတော့မယ်လို့ မျှော်လင့်ထားတယ်ဆိုရင်တော့  ထိုခံစားချက်တွေကို ခနလောက်ပြန်သိမ်းထားစေလိုပါတယ်။

ယခင်ဆောင်းပါးများဖတ်ရှုရန်

Advertisement

Leave a Reply

%d bloggers like this: