လူငယ်လေးတွေအများအပြားနဲ့အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ High Profile Player တွေရဲ့ကြားမှာ တည်ငြိမ်မှုတွေပျောက်ဆုံးနေကြပါတယ်။ သူတို့တွေ ကစားကွက်ကို ပြန်လည် မထိမ်းချုပ်နိုင်သေးခင်မှာ ယူနိုက်တက်အသင်းအနေနဲ့ ကစားကွက်ကို လုပ်ချင်တိုင်းလုပ်မရအောင် တည်တည်ငြိမ်ငြိမ်ထိမ်းကျောင်းပေးသွားတဲ့သူကတော့ အာဆင်နယ်ကွင်းလယ်က အယ်နီနီပဲဖြစ်ပါတယ်။ သူ့ရဲ့ ဘောလုံးကိုင်မှုတွေ ၊ ဖြန့်ထုတ်မှုတွေဟာ မန်ယူအသင်းရဲ့အရှိန်ကို လျော့ကျစေခဲ့ပါတယ်။
အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးဟာ ၂၀၁၆ခုနှစ်ဇန်နဝါရီမှာ ဆွစ်ဇာလန်ကလပ်ဘေဆယ်အသင်းကနေ အီဂျစ်လူမျိုး ကွင်းလယ်လူ မိုဟာမက်အယ်နီနီကို ပေါင် ၁၀သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ အဲ့ဒီနောက် အာဆင်ဝင်းဂါးလည်း ထွက်ခွာခဲ့သလို နည်းပြတွေအလီလီ ပြောင်းခဲ့ပြီး အယ်နီနီလည်း ဘက်ဆစ်တပ်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ရ ပါသေးတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ကွင်းလယ်ပိုင်းက သောမတ်စ်ပါတေး ဒါဏ်ရာရသွားခဲ့တဲ့အချိန်မှာ အယ်နီနီဟာ အရန်ခုံကနေ ထလာပြီး အာတေတာနဲ့အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်တွေကို အသက်ဆက်ပေးနေပါပြီ။

မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာလည်း ၅၉ကြိမ် ပေးပို့မှုမှာ ၅၂ကြိမ် အောင်မြင်ခဲ့သလို လျှောထိုးဖျက်ထုတ်မှု ၂ကြိမ်၊ ကြားဖြတ်လုယူမှု ၂ကြိမ်နဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်ပါ လုပ်ပေးခဲ့တဲ့ အယ်နီနီတစ်ယောက် လာမယ့်ပွဲစဥ်တွေမှာလည်း ရှာခါနဲ့ ကွင်းလယ်မှာတွဲပြီး အသင်းကို ဘယ်လောက်ကူညီနိုင်ဦးမလဲဆိုတာကို စောင့်ကြည့်သွားရပါမယ်။
အသင်းမှာ သောင်တင်နေပြီးသုံးမရတဲ့ကစားသမားတွေကို ရှင်းဖို့ဆိုတာ အာတီတာရဲ့လုပ်ငန်းစဥ်မှာအရေးကြီးတဲ့အခန်းကဏ္ဏမှာ ပါဝင်ပါတယ်။ သို့သော် ထွက်ခွာသွားတဲ့ကစားသမားတွေထဲမှာတော့ အယ်နီနီမပါဝင်ခဲ့ပါဘူး။ အယ်နီနီကို ဆက်နေဖို့အတွက် ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာကို အာတီတာက
“ ဇန်နဝါရီမှာတုန်းက တော်တော်လေးကြိုးစားပြီးနားချခဲ့ရပါတယ် .. နွေရာသီမှာပြောရမယ့်စကားတွေကိုပေါ့ဗျာ .. သူက အသင်းရဲ့အနေအထားကိုနားလည်ပြီး ကျွန်တော်လက်မလွတ်ချင်ဘူးဆိုတာကိုလည်း မြင်ခဲ့ပါတယ် “ ဆိုပြီးသူ့ရဲ့ သဘောထားကိုရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် နောက်ဆုံးသတင်းတွေအရ အာဆင်နယ်အသင်းမှာနေရာမရဘူးဆိုရင်တောင် အသင်းကသာအလိုရှိမယ်ဆိုရင် မြောက်လန်ဒန်မှာပဲဆက်နေမယ်လို့ ကာယကံရှင် အယ်နီနီကဆိုပါတယ်။
“ ဒီအသင်းကို ကျွန်တော်ချစ်တယ် .. လန်ဒန်မှာနေတာလဲ ၆ နှစ်ရှိပါပြီ။ မိသားစုကလဲ ဒီမှာအသားကျနေပါပြီ “ လို့ အီဂျစ်သားကြီးကဆိုပါတယ်။ အသင်းကလည်း ဆက်လက်စာချုပ်ထားဖို့ ရှိနေတယ်လို့သိရပါတယ်။
အာဆင်ဝင်းဂါးရဲ့သားဆိုပြီး အာတီတာကိုနောက်ပြောင်လေ့ရှိကြပါတယ်။ ဒါပေမယ့် အာဆင်ဝင်းဂါးထားခဲ့တဲ့လက်ဆောင်က အာတီတာရဲ့ အိမ်မက်အတွက် အကောင်းဆုံးအသက်ဆက်ပေးနေတာကိုတော့ အားလုံးအမြင်ပဲဖြစ်ပါတယ်။ စွမ်းဆောင်ရည်တွေကို ဘေးချိတ်လိုက်ရင်တောင် အာဆင်နယ်ပရိတ်သတ်တွေ မုန်းလို့မရတဲ့ကစားသမားတွေထဲမှာ အယ်နီနီက ထိပ်ဆုံးမှာရှိနေမယ်ထင်ပါတယ်။