ဂနာဘရီအတွက် အာဆင်နယ်က သင့်တော်ကြောင်း Football London သုံးသပ်
အာဆင်နယ်ကစားသမားဟောင်း ဂနာဘရီ အနေနဲ့ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလိုနေတာဟာ ငွေကြေးကြောင့်သီးသန့်မဟုတ်ပဲ ၊ ပွဲကစားချိန်နဲပါးခြင်းနဲ့ အသင်းမှာ အရေးပါမှုအတိုင်းအတာတို့ကြောင့်လဲပါဝင်ကြောင်း Football London ရဲ့ဆောင်းပါးမှာ အလေးပေးဖော်ပြထားပါတယ်။ ဒါ့အပြင် ကစားသမားအနေနဲ့ အသင်းဟောင်းအာဆင်နယ်ကိုသာပြန်လည်ပြောင်းရွေ့ဖြစ်ခဲ့ရင် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းစေနိုင်မယ်လို့လည်း သုံးသပ်ရေးသားထားပါတယ်။
ဒဏ်ရာရလို့ ပွဲတွေနားရမယ့် တော်ရဲရား
ဖိအိုရင်တီးနားမှာ အငှားကစားနေတဲ့ အာဆင်နယ်ကစားသမား လူးကပ်စ်တော်ရဲရားဟာ ဝမ်းဗိုက်ကြွက်သားနာကျင်မှုကြောင့် လူစားလဲခံခဲ့ရပြီး ရက်သတ္တပတ်အတော်များများကို အနားယူရမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါဥရုဂွေးသားဟာ ရာသီကုန်မှာ ဖီအိုတို့ဆီကို အပြီးသတ်ပြောင်းရွှေ့ဖို့ရှိနေသူဖြစ်ပြီး လန်ဒန်မှာခြေစွမ်းမပြနိုင်ပေမယ့် အီတလီမြေမှာတော့ တောက်လျှောက်ခြေစွမ်းပြနေနိုင်သူဖြစ်ပါတယ်။
အန်ကတ်တီးယားကို ချီးကျူးတဲ့ လေးမန်း
ဂန္တဝင်ဂိုးသမားကြီး ယန်လေးမန်းက တိုက်စစ်မှုးလေး အန်ကတ်တီးယားဟာ အံ့သြစရာကောင်းတဲ့ တိုက်စစ်ကစားသမားဖြစ်ကြောင်း Stadium Astro အစီအစဥ်နဲ့တွေ့ဆုံစဥ်မှာ ပြောဆိုလာခဲ့ပါတယ်။ လေးမန်းဟာ အန်ကတ်တီးယားကို တစ်နှစ်တာ နည်းပြပေးဖူးသူလည်းဖြစ်ပြီး ဘောလုံးပေးပို့မှုမှာသာတိုးတက်လာရင် တကယ့်ကိုထိပ်တန်းကစားသမားဖြစ်လာမယ်လို့ မှတ်ချက်ပြုထားခဲ့တာလည်းဖြစ်ပါတယ်။
အာဆင်နယ်ကြောင်းပြောရမယ့်အချိန်မဟုတ်သေးကြောင်း ဂျေးဆူပြောလာ
အာဆင်နယ်အသင်းနဲ့ ဆက်တိုက်သတင်းတွေထွက်နေတဲ့ ဂေဘရီယယ်ဂျေးဆူကတော့ အခုအချိန်က အပြောင်းအရွေ့အကြောင်းပြောရမယ့်ကာလမဟုတ်ကြောင်းပြောဆိုလာပါတယ်။
“ ခင်ဗျားအနေနဲ့ ဒါက အမှန်ပါပဲ လို့ ပြောစေချင်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်က ဘောလုံးရာသီရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဒီအပေါ်မှာပဲ ကျွန်တော် အာရုံစိုက်ထားပါတယ်။ ဒါကြောင့် အပြောင်းအရွေ့အကြောင်းပြောရမယ့်အချိန်မဟုတ်သေးပါဘူး .. ပြီးတော့ ရီးရဲနဲ့ကစားမယ့် ချန်ပီယံလိဂ်ပွဲစဥ်လဲရှိပါသေးတယ် “ ဆိုပြီး ပြောဆိုလာတာဖြစ်ပါတယ်။
တာဗာရက်စ်ကို ပေါ်ပေါ်တင်တင်ထောက်ပြပေးခဲ့တဲ့ အီယန်ရိုက်
ဂန္တဝင်ကြီး အီယန်ရိုက်ကတော့ နောက်ခံလူနူနိုတာဗာရက်စ်ရဲ့ စွမ်းဆောင်ရည်အပေါ်စိုးရိမ်ထိတ်လန့်နေသလို ဝေဖန်မှုလဲပြုလုပ်လာခဲ့ပါတယ်။ အထူးသဖြင့် ပင်နယ်တီပေးခဲ့ရတဲ့ အခိုက်အတန့်အပေါ်ဖြစ်ပါတယ်။
“ တာဗာရက်စ်ရေ .. မင်းအနေနဲ့ ဘောလုံးကိုရှင်းထုတ်ချိန်မှာ လက်ကို မြှောက်ထားလို့မရဘူးလေကွာ .. ဘာကြောင့် လဲဆိုတာ မေးစရာကိုမလိုတာပါ … မင်းဘာလို့ လက်ကလေထဲရောက်နေလဲ ငါနားကိုမလည်ဘူး .. “ ဆိုပြီးပင်နယ်တီပေးခဲ့ရတဲ့အပေါ် Match Of the Day နဲ့အတွေ့မှာ စိတ်ပျက်လက်ပျက်ဆိုခဲ့တာပါ။ အဆိုပါဖြစ်အပျက်အပြီးမှာ ဒိုင်လူကြီးက ချက်ခြင်းပဲ ပင်နယ်တီပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
