စီဒရစ်ကို  တစ်ပွဲလုံး လန့်နေခဲ့တာပါ  –  တိုနီအဒမ်

မန်ချက်စတာယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ စီဒရစ်ဟာ မန်ယူရဲ့ တိုက်စစ်ကို ဟန့်တားနိုင်ဖို့၊ ဆန်ချိုကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်စွမ်းမရှိခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ပွဲပြီးဆုံးခါနီးမှာတော့ ဒဏ်ရာပြဿနာကြောင့် ဇန်နဝါရီလကတည်းက အနားယူနေခဲ့ရတဲ့ တိုမီယာဆု၀င်ရောက်လာခဲ့ပြီး နောက်လာမယ့် ပွဲစဉ်တွေမှာ ဂျပန်သားကြီးကို ပွဲထွက်လူစာရင်းမှာ ပြန်လည်မြင်တွေ့ရဖို့ ရှိနေပါတယ်။ 

ခုလိုမျိုး တိုမီယာဆု ဒဏ်ရာကနေ ပြန်ကောင်းလာပြီး အသင်းမှာ ပြန်လည်ပါ၀င်နိုင်မယ့်အပေါ် တိုနီအဒမ်က ၀မ်းသာနေပြီး သူ့အနေနဲ့ စီဒရစ်ရဲ့ခြေစွမ်းကြောင့် ထိတ်လန့်ခဲ့ရတယ်လို့ ၀န်ခံလာခဲ့ပါတယ်။ တိုမီယာဆုဒဏ်ရာရနေချိန်မှာ စီဒရစ်ဟာ အသင်းရဲ့ လူစာရင်းမှာ ပါ၀င်ခွင့်ရနေခဲ့တာ ဖြစ်ပါတယ်။ 

အာဆင်နယ်မှာ ၁၉နှစ်ကြာကစားခဲ့ပြီး အာဆင်နယ်နဲ့အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကပ္ပတိန်ဟောင်းဖြစ်သူ တိုနီအဒမ်ဟာ The Sunနဲ့ တွေ့ဆုံမှုမှာ ခုလိုမျိုးဆိုလာခဲ့ပါတယ်။ 

“ပွဲပြီးခါနီးမှာ တိုမီယာဆုဟာ ပြန်ပေါ်လာခဲ့ပြီး ဒါဟာ တကယ်ကို ကောင်းပါတယ်။ဘာလို့လဲဆိုတော့ စီဒရစ်ကို ကျွန်တော်လန့်နေတုန်းပါပဲ။” 

“သူ့ကြောင့် ကျွန်တော် တော်တော်ကို လန့်ခဲ့ရတာပါ။ ဒါကြောင့် တိုမီယာဆုကို ပြန်မြင်တွေ့ခွင့်ရတာဟာ အတော်ကို ကောင်းပါတယ်။” 

“တိုမီယာဆု ပြန်ပါလာနိုင်ပြီး ခံစစ်က်ု ဒီထက်ပို ကျစ်လျစ်အောင်လုပ်နိုင်ခဲ့ရင် ကျွန်တော်တို့အသင်းဟာ အဆင့်လေးနေရာရနိုင်မယ်လို့ ထင်ပါတယ်” 

ဂန်းနားနောက်ခံလူဟောင်းကြီးတစ်ယောက်အနေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အားနည်းချက်တွေများခဲ့တဲ့ ‌အသင်းရဲ့နောက်တန်းအတွက် စိတ်ပူနေခဲ့ပြီး စီဒရစ်ရဲ့ ခြေစွမ်းအပေါ်လည်း အားရမှု မရှိခဲ့တာ ဖြစ်ပါတယ်။တိုမီယာဆုပြန်လာနိုင်ဖို့ ပရိသတ်တွေကလည်း  မျှော်လင့်နေခဲ့သလို တိုနီအဒမ်ကလည်း ဂျပန်သားကြီးကို အမြန်ဆုံးပြန်မြင်ရဖို့ စောင့်မျှော်နေခဲ့ပုံပါပဲ။ အာဆင်နယ်ဟာလည်း စီဒရစ်ရဲ့ ခြေစွမ်းကို အပြည့်အ၀မယုံကြည်တာကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ တိုမီယာဆုကို ခေါ်ယူခဲ့တာ ဖြစ်ပြီး ပေါ်တူဂီသားကြီးကိုတော့ အရန်ခုံပေါ်မှာပဲ ထိုင်နေစေခဲ့တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် အချို့ ပွဲစဉ်တွေမှာ စီဒရစ်ဟာ ခြေစွမ်းကောင်းပြနိုင်ခဲ့ပြီး တိုမီယာဆုမပါနိုင်ချိန်မှာ အကောင်းဆုံး ကြိုးစားခဲ့တာကိုတော့ မဖြစ်မနေ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: