မန်ချက်စတာယူနိုက်တက်ကို အနိုင်ရတဲ့ပွဲဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားကောင်းသွားစေတဲ့ပွဲလို့ ပြောနိုင်သလိုပဲ ယူရိုပါလိဂ်ဝင်ခွင့်ကို ပိုမိုခိုင်မာသွားစေတဲ့ပွဲလို့လည်းဆိုရပါမယ်။ အာတီတာနဲ့ အာဆင်နယ်တို့ရဲ့ ကနဦးမျှော်လင့်ချက်က အသင်းတည်ဆောက်ရေးနဲ့ ယူရိုပါလိဂ်အဆင့်ဖြစ်တာကြောင့် လက်ရှိအခြေအနေက သူတို့ရဲ့ Objective ကိုတော့ ရောက်ရှိစေခဲ့ပြီလို့ဆိုရမယ့်ပွဲပါပဲ။
နိုင်တဲ့နေ့ဆိုတော့ အရာအားလုံးက လှပနေပုံပါပဲ။ အသင်းလိုအပ်ချက်အကြောင်းရေးရင် အပျော်တွေကို တားဆီးရာရောက်မလားလဲတွေးမိပါတယ်။ စိတ်လိုက်မာန်ပါကန်ချက်ကြောင့် အဝါကတ်ထိသွားတဲ့ ကိစ္စအစား Xhakaboom ဆိုတဲ့ချီးကျူးမှုတွေက ပိုများနေခဲ့ပါတယ်။ တကယ်တော့ အခုအဝါကတ်က သူ့ရဲ့ ယခုရာသီ ၈ ကြိမ်မြောက်ဖြစ်ပြီး ပွဲပယ်ထိဖို့နီးစပ်တဲ့ပမာဏကို ရောက်ရှိနေပြိဖြစ်ပါတယ်။
ဒါပေမယ့် ရှုံးတဲ့နေ့တွေမှာလဲ ကောင်းတဲ့အချက်တွေရှိနေသလို ၊ နိုင်တဲ့နေ့တွေမှာလည်း အားနဲချက်တွေရှိနေပါတယ်။ အချက်အလက်တွေနဲ့ ပကတိ performance တွေကို နားလည်သလောက်ထုတ်နှုတ်ထားတဲ့ ပွဲအကြောင်းအချက်အလက်တွေကို ရေးသားသွားပါ့မယ်။
မနေ့ကပွဲမှာ အနိုင်ရသွားစေတဲ့အချက်တွေကိုပြောရရင်တော့ အယ်နီနီရဲ့ Central Midfield ကစားပုံ ၊ ဆာကာရဲ့နေရာယူပုံနဲ့ ထိုးဖောက်ပုံ ၊ တာဗာရက်စ်ရဲ့ Overlap လုပ်ချိန်မှာ တောင်ပံတိုက်စစ်ကစားသမားတစ်ယောက်ကဲ့သို့ ပြောင်းလဲနေတဲ့ကစားဟန် ၊ Master Class တွေနဲ့ အိုဒီဂတ် ၊ အန်ကတ်တီးယားရဲ့ Number 9 ပီသမှုတွေကို ပြောရမှာပါပဲ။ ဒီလိုပုံစံဖြစ်အောင်လို့ပဲ ၄-၂-၃-၁ ကို အာတီတာက ပြန်ပြီးရွေးချယ်လာခဲ့ပါတယ်။ တဖက်ကတောင်ပံတွေကို ထိမ်းဖို့အတွက် Solid Defense Zone တစ်ခုဖန်တီးပြီးနေရာလွတ်တွေမပေး ၊ ဖျက်ထုတ်မှုတွေပြုလုပ်စေခဲ့ပါတယ်။ ဒီနေရာမှာ အာတီတာရဲ့ နည်းစနစ်ပြင်ဆင်မှုတွေက အမှားအယွင်းနဲခဲ့ပေမယ့် အကောင်အထည်ဖော်ဆောင်တဲ့အပိုင်းမှာတော့ အနာအဆာအချို့ရှိခဲ့ပါတယ်။

နောက်ထပ်ချီးကျူးရမှာက Double Pivot တွေဖြစ်ကြတဲ့ ရှာခါနဲ့ အယ်နီနီတို့ပါပဲ။ ဘေးတိုက်ပဲလူပေးတတ်တယ်ဆိုပြီး ဝေဖန်ခံခဲ့ကြရတဲ့ အယ်နီနီဟာ Forward Pass တွေပြုလုပ်နိုင်ရုံမျှကမ Ball Control ကိုပါကောင်းစွာလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင်ရှာခါဟာလည်း သူပါဝင်ပတ်သတ်ရတဲ့နေရာတိုင်းမှာ Flexible ဖြစ်အောင်ကစားနိုင်ခဲ့ပါတယ်။ ပြောစရာတစ်ခုရှိခဲ့တာကတော့ ဒိုင်လူကြီးခရာမှုတ်ချိန်မှာ ဘောလုံးကို အလွတ်ကြီးသွားကန်ခဲ့လို့ အဝါကတ်ထိသွားတဲ့အချက်ပါ။ ဒီအဝါကတ်ဟာ ယခုရာသီအတွက် ၈ ကတ်မြောက်ဖြစ်တာမို့ နောက်ပွဲတွေမှာသာအဝါကတ်ဆက်ရခဲ့ရင် အရေးအကြီးဆုံးပွဲတချို့မှာ ရှာခါကို အသင်းရဲ့လူစာရင်းမှာ မြင်ရဖို့အတွက် အတားအဆီးဖြစ်နိုင်ပါတယ်။
မထင်မှတ်ထားလောက်အောင် ကောင်းနေခဲ့တာကတော့ အန်ကတ်တီးယားပဲဖြစ်ပါတယ်။ တိုက်စစ်မှုးလေးရဲ့ လျှင်မြန်မှုနဲ့တိုးအားတွေဟာ မန်ယူနောက်တန်းကို ပြသနာကြီးစေခဲ့ပြီး သူ့ကြောင့်လည်း ဒုတိယဂိုးက ဖြစ်သွားခဲ့တယ်ဆိုရပါမယ်။ ချီးကျူးရတဲ့အချက်ကတော့ ပုံစံတူအခွင့်အရေး ၂ ကြိမ်မှာ လိုအပ်ချက်ကို ချက်ခြင်းပြင်ဆင်သွားနိုင်တာပဲဖြစ်ပါတယ်။ ပထမတစ်ကြိမ်မှာ ဒီဂီယာကို တည့်တည့်ကန်ခဲ့မိပေမယ့် ဒုတိယအကြီမ်မှာ တန်းမကန်တော့ပဲ တချက်ထိန်းပြီးမှသွင်းသွားတာမို့ သူ့အတွက်သွင်းဂိုးတစ်ဂိုးရပြီတောင်ထင်ခဲ့ကြရတာပါ။
ဒါတွေကတော့ အားသာချက်တွေဖြစ်ပါတယ်။ အားနဲချက်အနေနဲ့ကတော့ ငယ်ရွယ်တဲ့အသင်းမှာကြုံရတဲ့ အပ်ကြောင်းထပ်ပြသနာဖြစ်ပါတယ်။ အာဆင်နယ်လူငယ်လေးတွေဟာ မန်ယူရဲ့ High Profile Player တွေကို အလွန်အမင်းကြောက်ရွံ့နေခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းအစကနေ စတင်ပြီး တတိယဂိုးမရခင်အထိပါပဲ။ လူပေးတာတောင် အားပြည့်အင်ပြည့်မရှိတော့ပဲ လိုရာမရောက်လို့ ကြားဖြတ်လုယူခံရတာအထိဖြစ်ခဲ့ပါတယ်။ တကယ်ကိုပဲ စိုးရိမ်စရာကောင်းခဲ့တဲ့အခိုက်အတန့်ဖြစ်ခဲ့ပါတယ်။ ကံကောင်းခဲ့တာကတော့ ရှာခါရဲ့ ကန်ချက်နဲ့အတူပွဲကို သိမ်းလိုက်နိုင်တာပဲဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ခြေစွမ်းပျက်နေတဲ့ကာလမှာ တကယ်သာ အင်ပြည့်အားပြည့်နဲ့ကစားရင် ခုထက်ပိုပြီးတောင် ဂိုးပြတ်သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီအခွင့်အရေးကိုယူဖို့ထက် မိမိကိုယ်တိုင်ရဲ့ ဟန်ချက်ပါပျက်နေခဲ့တာမျိုးဖြစ်ပါတယ်။
ဒီအခိုက်အတန့်တွေဟာ ဘာကိုပြောနေသလဲဆိုရင် အာဆင်နယ်အသင်း ကစားသမားသစ် မဖြစ်မနေခေါ်ယူဖို့ လိုအပ်နေတယ်ဆိုတာပဲဖြစ်ပါတယ်။ ပိုပြီးခက်ခဲတဲ့ပြိုင်ပွဲတွေကို ကစားရတဲ့အခါမှာ အခုလိုမျိုး အသာရပါလျှက်နဲ့ တုန်လှုပ်နေတာမျိုးဖြစ်လို့မရပါဘူး။ မနေ့တုန်းကသာ ၂-၂ ဖြစ်သွားခဲ့ရင် ၊ မတော်တဆများ ၂-၃ နဲ့ဦးဆောင်ခွင့်ပေးလိုက်ရရင် အခြေအနေအလွန်ဆိုးသွားနိုင်ပါတယ်။ ပကတိခြေစွမ်းကတော့ ဂိုးတွေအများကြီးသွင်းယူဖို့အထိပါ အသာရတဲ့အနေအထားဖြစ်ပါတယ်။
နည်းစနစ်ပိုင်းကို ခြုံပြောရရင်တော့ တိုက်စစ်ဆင်မှုနဲ့ ကစားကွက်ဖော်ဆောင်မှုအပိုင်းမှာ အားရစရာကောင်းခဲ့ပါတယ်။ အဆုံးသတ်ပိုင်းအားနဲတာကလွဲရင် တဖက်နောက်တန်းနဲ့ကွင်းလယ်ကို ကြိမ်ဖန်များစွာဖျက်ဆီးနိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းကတော့ တောင်ပံရော ၊ ဗဟိုရောမှာ အားနဲချက်တွေများခဲ့ပြီး ယူနိုက်တက်ရဲ့အားထုတ်မှုတွေသာ တိုင်ထိတာ ၊ ကပ်လွဲတာတွေ မဖြစ်ခဲ့ရင် အလွန်စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ အငြင်းပွားစရာတွေ ၊ စိတ်လှုပ်ရှားစရာတွေလဲများခဲ့ပြီး ဘရူနိုအနေနဲ့ ပင်နယ်တီမဝင်ခဲ့တာကလဲ အာဆင်နယ်အတွက်ကံကောင်းမှုဖြစ်စေခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်ကို ဂိုးပြန်တွေအနိုင်ယူပြီး အသင်းကလမ်းကြောင်းမှန်ပေါ်ပြန်တက်လာခဲ့ပါပြီ။ ချန်ပီယံလိဂ်မျှော်လင့်ချက်တွေလည်း ပြန်လည်တောက်ပလာခဲ့ပြီလို့ဆိုရပါမယ်။ သို့သော် စာရေးသူအနေနဲ့ကတော့ ယူရိုပါလိဂ်ဝင်ခွင့်ကို အခိုင်မာဆုံးဖြစ်စေခဲ့တဲ့ပွဲလို့ ပိုပြီး သတ်မှတ်ချင်ပါတယ်။ လာမယ့်ရာသီ ဥရောပအဆင့်မှာ တစ်စုံတစ်ခုဖြစ်နေဖို့ လိုအပ်ပါတယ်။ ဒါကအသင်းရဲ့ တဆင့်ခြင်း တိုးတက်မှုကို ပိုပြီးသက်ရောက်စေမယ်လို့ ယူဆတာကြောင့်ပါပဲ။
