ဒီပွဲကတော့ ရိုလာကိုစတာ စီးနေခဲ့ရသလိုပါပဲ  –  အာတီတာနဲ့ ပွဲပြီးအင်တာဗျူး

မန်ယူကိုအနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီး မီဒီယာတွေနဲ့ တွေ့ဆုံမှုမှက အာတီတာရဲ့ ဖြေကြားမှုတွေကို အာဆင်နယ်ရဲ့ တရား၀င်၀က်ဘ်ဆိုက်မှာ တင်ထားပါတယ်။အမေးအဖြေ အချို့ကို ကောက်နှုတ်တင်ပြရမယ်ဆိုရင် 

ကစားပွဲနဲ့ ပတ်သက်ပြီး 

“ဒီပွဲစဉ်ဟာ ကြည့်ရှု‌သူတွေ အတွက်ကော ယှဉ်ပြိုင်သူတွေအတွက် တကယ်ကို သည်းထိတ်ရင်ဖို ဖြစ်ခဲ့ရပါတယ်။ ကျနော့်အတွက်‌တော့ ရိုလာကိုစတာ စီးနေရသလို တကယ်ကို စိတ် လှုပ်ရှားဖို့ ကောင်းခဲ့ပါတယ်။ဒီပွဲစဉ်ကို ကျနော်တို့ လျင်လျင်မြန်မြန်နဲ့ စတင်လိုခဲ့ပါတယ်။ သူတို့ကို အသာစီးယူ ထိန်းချုပ်မယ် ၊ဟာကွက်တွေဖြစ်လာအောင်လုပ်မယ်လို့ စီစဉ်ထားခဲ့ပြီး တကယ်လည်း လုပ်နိုင်ခဲ့ပါတယ်။ပထမပိုင်းမှာ ကစားပွဲကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ အချိန် တွေ ရှိခဲ့တယ်၊ ဂိုးနှစ်ဂိုးလည်း သွင်းယူနိုင်ခဲ့တယ်။ဒါပေမယ့် ဒုတိယ ဂိုးသွင်းပြီး သိပ်မကြာခင်မှာ ပဲ သူတို့က ချေပဂိုးပြန်သွင်းခဲ့ပြီးတဲ့နောက် ကျွန်တော်တို့တွေဟာ သိပ်မလုံခြုံတော့သလို့၊ သူတို့ကို ထိန်းချုပ်ဖို့အတွက် ခက်ခဲသလို ခံစားခဲ့ရပါတယ်။” 

“ဒုတိယပိုင်းအစမှာတော့ သူတို့တွေ တကယ်ကောင်းကောင်းဆော့နေနိုင်တဲ့ ဧရိယာတွေမှာ ထိန်းချုပ်ဖို့ အခက်အခဲတွေရှိခဲ့ပြီး သူတို့ရဲ့ တိုက်စစ်အင်အားကလည်း တကယ်ကို တောင့်တင်းခဲ့ပါတယ်။ဒါပေမယ့် သူတို့ပင်နယ်တီ လွဲချော်ပြီးတဲ့နောက် ကျွန်တော်တို့ တတိယမြောက်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ကစားပွဲကို ပြန်ပြီး ထိန်းချုပ်ဖို့ စီမံနိုင်ခဲ့ပါတယ်။” 

ပရိသတ်တွေနဲ့ ရှာကာကြား ဆက်ဆံရေး ပြန်ကောင်းသွားတဲ့ အပေါ် 

“ဒီလို ဖြစ်လာဖို့ ကျွန်တော်အိပ်မက်မက်နေခဲ့တာပါ။ဘာလို့လဲဆိုတော့ သူနဲ့ တကယ်ကို ထိုက်တန်လို့ပါ။ တကယ်လို့ ပရိသတ်တစ်ယောက်ကသာ သူနဲ့ ငါးမိနစ် ဆယ်မိနစ် ဒါမှမဟုတ် နှစ်မိနစ်လောက်ပဲ စကားပြောမိရင်တောင် ရှာကာက ဘယ်လိုသူလဲဆိုတာ နားလည်သွားမှာပါ၊ သူဟာ ဘယ်လောက် ပရော်ဖက်ရှင်နယ်ဆန်တယ်၊ ဘယ်လောက်တောင် အသင်းကို တန်ဖိုးထားတယ်ဆိုတာပေါ့။ဒါပေမယ် သမိုင်းကြောင်းက ရှိနေခဲ့တယ်။ မကြာသေးမီက ဒီကိစ္စနဲ့ ပတ်သက်ပြီး သူရဲ့ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း၀န်ခံခဲ့တော့ ကျွန်တော်စိတ်ပူခဲ့ရပါသေးတယ်။ ဒါပေမယ့် သူ ဒါကို ပြင်ဆင်ထားခဲ့ပြီးသားပါ။အခုဆို ပတ်၀န်းကျင်က သူ့ကို ကာကွယ်ပေးတော့မယ်လို့ ခံစားရပါတယ်။ ဒီလိုမျိုး သူ့အပေါ် ချစ်ခင်ကြင်နာခြင်းတွေ ပြသခဲ့တဲ့ ပရိသတ်တွေကို ကျွန်တော်ကျေးဇူးတင်ချင်ပါတယ်။ဒါဟာ သူ့အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိလဲဆိုတာ ကျွန်တော်သိလို့ပါ။” 

နောက်ဆုံးပွဲစဉ်တွေက ချန်ပီယံလိဂ်၀င်ခွင့်အတွက် အဆုံးအဖြတ် ဖြစ်လာမှာနဲ့ ပတ်သက်ပြီး 

“ကျွန်တော် မသိဘူးဗျ။ ဘာလို့လဲဆိုတော့ ဒီနေ့ပွဲစဉ်ဟာလည်း အဆုံးအဖြတ်ဖြစ်သွားနိုင်ခဲ့တာပဲ။ အိမ်ကွင်းမှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရနေတဲ့အချိန် ရော်နယ်ဒိုက ဂါဘရီယယ်ကို ကျော်ဖြတ်ပြီး တစ်ဂိုးပြန်သွင်းခဲ့တယ်။ဘရူနို ပင်နယ်တီလွဲပြီး ရှာကာဂိုးသွင်းလိုက်တဲ့ အချိန်မှာ ခုံတန်းမှာရှိနေတဲ့ ဘယ်သူကမှ ဒီပွဲ ငါတို့ သေချာပေါက်နိုင်တော့မယ်လို့ မပြောခဲ့ကြဘူး။ဒါဟာ ကစားပွဲရဲ့ အလှတရားပါပဲ။ကျွန်တော် ကစားသမားတွေကို မထိန်းချုပ်ထားပါဘူး။သူတို့ကို ထိန်းချုပ်မနေပါဘူး။ဒါပေမယ့် ကျွန်တော်မြင်နေရတာက အသင်းအတွက် ဘာမဆိုပေးဆပ်မယ်ဆိုပြီး စိတ်ဆန္ဒတွေပြင်းထန်နေတဲ့ အသင်းတစ်သင်းကိုပါ။ဒီ ကစားကွင်းကြီးထဲမှာ သူတို့နဲ့ အတူရှိနေတဲ့အချိန်မှာ သူတို့ရဲ့ စိတ်ဆန္ဒတွေ၊ခွန်အားတွေကို ခံစားမိစေပြီး ငါတို့ ဒါကို လုပ်နိုင်တယ်လို့ ခံစားမိစေပါတယ်။” 

တော့တင်ဟမ်ဟော့စပါးနဲ့ အပြိုင် ချန်ပီယံလိဂ်၀င်ခွင့်အတွက် ယှဉ်ပြိုင်ရမှာနဲ့ ပတ်သက်ပြီး 

“ကျွန်တော် မသိဘူးဗျ။ဒါပေမယ့် ကျွန်တော်ရဲ့ယုံကြည်ချက်ကတော့ ကျွန်တော်တို့ တကယ်ကို ရှေ့ကိုဆက်သွားနေပြီးကစားပွဲတွေကို အနိုင်ယူနိုင်တယ်ဆိုတာပါပဲ။ဒါပေမယ့် အမှတ်ကွာဟမှုတွေက ကျဉ်းမြောင်းနေပါတယ်။ဒါကို ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုပါတယ်။လိဂ်မှာ ကျွန်တော်တို့ ဘယ်အဆင့်မှာ ရှိနေတယ်၊နိုင်တယ် ရှုံးတယ်ဆိုတာတွေကို ကွာဟမှုသေးသေးလေးတွေနဲ့ ဆုံးဖြတ်ကြတာပါ” 

တိုမီယာဆု ပြန်လည်ပါ၀င်လာနိုင်တာနဲ့ ပတ်သက်ပြီး 

“ပရိသတ်တွေရဲ့ ကြိုဆိုမှုနဲ့ သူဟာ ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ပြီးခဲ့တဲ့ လတွေဟာ သူ့အတွက် တကယ်ကို ခက်ခဲခဲ့ပါတယ်။ဒါပေမယ့် နေ့တိုင်းမှာ သူဘယ်လို အလုပ်လုပ်တယ်၊ကစားပွဲတွေမှာ ပြန်လည်ပါ၀င်နိုင်ဖို့ သူ‌ဘယ်လောက် စိတ်လှုပ်ရှားနေပြီး ဒီအတွက်လည်း နေ့တိုင်းမှာ သူဘယ်လောက်တောင်မှ အားထုတ်နေလဲဆိုတာကိုသိရင် ဒါတွေဟာ သူနဲ့ အခုလို ခန်းနားတဲ့ကြိုဆိုမှုကထိုက်တန်တယ်ဆိုတာ နားလည်နိုင်ပါတယ်။”

Leave a Reply

%d bloggers like this: