ကွန်တီကိုယုံလို့ အဆင့် ၄ ကို စပါးအတွက်ပဲ သတ်မှတ်ထားတဲ့ ဒီဖိုး
အာဆင်နယ်အသင်းက အသင်းကြီး ၂ သင်းကိုဆက်တိုက်အနိုင်ယူကာ အဆင့် ၄ ကိုပြန်လည်တက်ရောက်လာပြီးတဲ့နောက် စပါးကစားသမားဟောင်းဒီဖိုးက သူ့အသင်းဟောင်းသာလျှင် ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်ကြောင်းအခုလိုသုံးသပ်လာပါတယ်။
“ ဒီမန်နေဂျာနဲ့အတူအောင်ပွဲရမယ်လို့ပဲယုံကြည်နေဆဲပါ .. အသင်းမှာ ကိန်းနဲ့ဆွန်တို့လိုကစားသမားတွေလဲရှိတယ် .. သူတို့ရဲ့အကောင်းဆုံးတွေကိုသာထုတ်ယူလိုက်စမ်းပါဗျာ .. ရာသီကုန်ရင် အဆင့် ၄ ဆိုတာ စပါးအတွက်ပါပဲ .. ကွန်တီက အဓိကပဲ။ သူကအောင်နိုင်သူပဲဗျ .. သူ့ရဲ့မှတ်တမ်းတွေက သူဘာလဲဆိုတာ ပြသနေပါတယ် “ ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။
အသင်းရဲ့ငွေကြေးစီမံပုံကို သေသေချာချာရှင်းပြလာတဲ့ အီဒူး
အာဆင်နယ်အသင်းရဲ့ ဘတ်ဂျတ်သုံးစွဲပုံနဲ့ လာမယ့်ရာသီအခြေအနေကို အီဒူးက သေသေချာချာပဲရှင်းပြလာခဲ့ပါတယ်။ သူ့ရဲ့အဆိုအရ အာဆင်နယ်တို့ဟာ လူဝယ်ဖို့ အခုရာသီမှသာ ပြင်ဆင်ရတာဖြစ်ကြောင်း သိရပါတယ်။
“ ကျွန်တော်တို့မှာရှိတဲ့ ငွေကြေးက အသင်းရဲ့ လူစာရင်းကို ပြန်ပြီးမျှတလာဖို့အတွက်သုံးစွဲခဲ့ရတာပါ။ ကစားသမားသစ်တွေထပ်ပြီးခေါ်ဖို့အတွက် မတွေးနို်င်ခဲ့ပါဘူး။ တကယ်ကိုအခြေအနေမပေးခဲ့တာပါ။ ဒီရာသီမှာတော့ ကစားသမားတွေကိုခေါ်ယူနိုင်ဖို့ရှိပါတယ်..အသင်းရဲ့လူစာရင်းကလည်း ဟန်ချက်ညီခဲ့ပြီမို့ပါ “ ဆိုပြီးရှင်းပြလာတာဖြစ်ပါတယ်။
ပရီတ်သတ်တွေကို ကျေးဇူးတင်နေတဲ့ အာတီတာ
အာတီတာဟာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ပရိတ်သတ်တွေကို အခုလိုပဲ ထပ်မံကျေးဇူးတင်စကားပြောဆိုလာခဲ့ပါတယ်။
“ ထပ်ပြီးပြောရပါဦးမယ်။ သူတို့ဖန်တီးပေးခဲ့တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုအတွက် အရမ်းပဲကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အားလုံးအတွက် အရမ်းကို အထောက်အကူပြုခဲ့တာဖြစ်ပါတယ်။ စတန်းဖို့ဘရစ်ချ် ခရီးနဲ့ ၂ ရက်ပဲကွာပြီး အခုလိုပွဲကြီးကို ကစားခဲ့ရတယ်။ ကစားသမားတွေကလည်း အသင့်အနေအထားမရှိခဲ့ကြဘူး။ ဒီလိုအခြေအနေမှာ သူတို့ရဲ့အားပေးမှုက အလွန်ပဲ အခရာကျပါတယ် “ ဆိုပြီးပြောဆိုလာတာဖြစ်ပါတယ်။
၆၇.၄ သန်းရှိရင် အိုစီမန်ကို ခေါ်လို့ရပြီ
အာဆင်နယ်အသင်းရဲ့ပစ်မှတ် ဗစ်တာအိုစီမန်ရဲ့ပြောင်းရွေ့ကြေးကို ယူရိုသန်း ၈၀ (ပေါင် ၆၇.၄သန်း) သတ်မှတ်လိုက်ပြီဖြစ်ကြောင်း CBS Sports မှာ ဂျိမ်းစ်ဘန့်ဂျ်က ရေးသားလာပါတယ်။ အဆိုပါ ထိပ်တန်းတိုက်စစ်မှုးကို အာဆင်နယ်က တောက်လျှောက်လိုက်နေခဲ့တာဖြစ်ပြီး ၊ နာပိုလီဖက်က အစောတလျှင်ရောင်းချမှ မဟုတ်ဘူးဆိုပေမယ့် ယခုသတင်းအရတော့ စျေးနှုန်းတစ်ခုပါ သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။
ဂရန်းနစ်က အရှုံးမပေးခဲ့ဘူးလို့ ကီအွန်ချီးကျူး
အသင်းရဲ့ ဂန္တဝင်မာတင်ကီအွန်က ယူနိုက်တက်နဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့အပြင် အနိုင်သေချာစေမယ့် ဂိုးကိုပါသွင်းယူနိုင်ခဲ့တဲ့ ရှာခါကို “အလွန်အရေးပါတဲ့ကစားသမား” ဖြစ်ကြောင်း ချီးကျူးပြောကြားလာခဲ့ပါတယ်။
“ လွန်ခဲ့တဲ့ ၂ နှစ်ခွဲလောက်တုန်းက လူပေါင်း ၆၀၀၀၀ လောက်က သူကိုလှောင်ပြောင်ခဲ့ကြတယ် … ဒါပေမယ့်သူက ထွက်မသွားခဲ့ဘူး .. ဒီနေ့မှာတော့ သူက အားလုံးရဲ့ရှေ့မှာ အစွမ်းပြနိုင်ခဲ့ပါပြီ။ အခြေအနေအားလုံးကို ပြောင်းလဲပြနိုင်ခဲ့ပါပြီ “ ဆိုပြီးပြောကြားလာခဲ့ပါတယ်။
