ဆမ်ဘီကို ချန်လက်စနဲ့ဆက်ချန်ထားတာ ပိုကောင်းမယ်ထင်ပါတယ်

လိုကွန်ဂါအနေနဲ့ သူ့ရဲ့ခြေစွမ်းဟာ ပွဲထွက်ခွင့်ရဖို့ လုံလောက်မှုမရှိသေးဘူးဆိုတာ သက်သေပြခဲ့ပြီး ချဲလ်ဆီးနဲ့ ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ သူ့အစား အယ်နီနီကို အာတီတာ အသုံးပြုခဲ့ခြင်းဟာ လိုကွန်ဂါရဲ့ ခြေစွမ်းအပေါ် သူ့ရဲ့ မန်နေဂျာဟာ ယုံကြည်မှု မရှိဘူးဆိုတာကြောင့်ပဲလို့ မာတင်ကီအွန်က အခိုင်အမာ ဆိုလာခဲ့ပါတယ်။ 

(မာတင်ကီအွန်ဟာ အာဆင်နယ်ဂန္တ၀င်ကစားသမားတစ်ဦးဖြစ်ပြီး အာဆင်နယ်အတွက် ပွဲပေါင်း၄၀၀ကျော် ပါ၀င်ကစားခဲ့တဲ့ နောက်ခံလူတစ်ဦးဖြစ်ပါတယ်။လက်ရှိမှာတော့ ဘောလုံးအားကစားဝေဖန်သုံးသပ်သူတစ်ယောက်အဖြစ်နဲ့ ဘောလုံးလောကမှာ ဆက်လက်ကျင်လည်နေဆဲပါပဲ) 

ပါတေးမပါ၀င်နိုင်တဲ့ ကွင်းလယ်တစ်နေရာအတွက် လိုကွန်ဂါဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်ကနေစပြီး ဂါနာကွင်းလယ်လူရဲ့နေရာမှာ ပါ၀င်ကစားခွင့်ရခဲ့ပါတယ်။ ပဲလေ့စ်၊ဘရိုက်တန်နဲ့ ဆောက်သမ်တန်တို့ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းရဲ့ စွမ်းဆောင်ရည်ကလည်း အတော်လေးဆိုးရွားခဲ့သလို လိုကွန်ဂါရဲ့ ခြေစွမ်းဟာလည်း အားရစရာ မရှိခဲ့ပါဘူး။ အခွင့်အရေးရလာချိန်မှာ မန်နေဂျာနဲ့ ပရိသတ်တွေအတွက် စိတ်ပျက်စရာ ဖြစ်စေခဲ့တာကတော့ လိုကွန်ဂါအတွက် စိတ်ဓာတ်ကျစရာဖြစ်မှာ အမှန်ပါပဲ။ 

သုံးပွဲဆက်အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာတော့ အာတီတာဟာ လိုကွန်ဂါကို အနားပေးခဲ့ပြီး ကွင်းလယ်မှာ အယ်နီနီကို အသုံးပြုခဲ့ပါတယ်။ အီဂျစ်သားကြီးဟာ အသင်းရဲ့ ကွင်းလယ်မှာ ရှာကာနဲ့ တွဲဖက်ပြီး ခြေစွမ်းပြခဲ့သလို အာဆင်နယ်ကလည်း ချဲလ်ဆီးကို (၂-၄)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ 

မာတင်ကီအွန်က အာတီတာရဲ့ ခုလိုမျိုး လိုကွန်ဂါကို ချန်လှပ်ပြီး အယ်နီနီကို အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပြန်လည် ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့ပါတယ်။ လာမယ့်နွေရာသီမှာ အာတီတာဟာ လိုကွန်ဂါအစား အခြားကွင်းလယ်လူတစ်ယောက်ကို ခေါ်ယူဖို့ အစီအစဉ်တွေ ရှိနေနိုင်ပြီလို့လည်း အာဆင်နယ် ကစားသမားဟောင်းကြီးက ထင်ကြေးပေးလာခဲ့ပါတယ်။ 

အယ်နီနီကို အသင်းမှာ ပြန်လည်ပါ၀င်စေတာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ။ လိုကွန်ဂါဟာ ပွဲထွက်လူစာရင်းမှာပါ၀င်ဖို့ အသင့်ဖြစ်သေးတဲ့ပုံ မပေါ်ပါဘူး။ အသင်းမှာ ကွင်းလယ်ကစားသမားတွေအများကြီးရှိပါတယ်။ တော်ရိုင်းရား၊ဂွမ်ဒိုဇီတို့ကို အငှားချထားပြီး အယ်နီနီကို အသင်းမှာ ထားထားတာဟာ အကြောင်းရင်း ရှိပါတယ်” 

အာတီတာဟာ လိုကွန်ဂါရဲ့ ခြေစွမ်းအပေါ် ယုံကြည်မှု မရှိဘူးဆိုတာ အသိသာကြီးပါ။ လိုကွန်ဂါဟာ အခွင့်အရေးကို အသုံးမချနိုင်ခဲ့တာကြောင့် အာတီတာဟာ အယ်နီနီကို ပြန်အသုံးပြုခဲ့ရပါတယ်။ အယ်နီနီကို အာတီတာကို ဘယ်တော့မှ စိတ်မပျက်စေခဲ့ဘူးလို့ ကျွန်တော်ထင်ပါတယ်” 

လိုကွန်ဂါဟာ အစပိုင်းမှာ ခြေစွမ်းကောင်းအချို့ကို ပြသနိုင်ခဲ့ပြီး အလားအလာရှိတဲ့ လူငယ်ကွင်းလယ်ကစားသမား အဖြစ်ထင်ကြေးပေးခံခဲ့ရတာ ဖြစ်ပါတယ်။ ပါတေးဒဏ်ရာရသွားချိန်‌မှာတော့ လိုကွန်ဂါဟာ သူ့ရဲ့ ပခုံးပေါ်ကျလာတဲ့ ဖိအားတွေကို ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့တဲ့ ပုံပါပဲ။ ကွင်းလယ်မှာ ဘောလုံးဖြန့်ဝေဖို့ ၊ပြိုင်ဘက်ကို ဟန့်တားဖို့ အစရှိတဲ့နေရာတွေမှာ ဆုံးဖြတ်ချက် မပြတ်မသားဖြစ်နေခဲ့ပြီး သူ့ကြောင့် အသင်းရဲ့ ကွင်းလယ်ဟာ အားနည်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ 

ဒါပေမယ့်လည်း လိုကွန်ဂါအပေါ် အပြစ်တွေချည်းပဲ တင်နေလို့တော့ မရပါဘူး။ အချို့နေ့တွေမှာ အသင်းသားတွေအားလုံးရဲ့ ခြေစွမ်းဟာ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်၂၂သာ ရှိသေးတဲ့ လူငယ်တစ်ယောက်ဟာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးတစ်ခုမှာ ပွဲထွက်ကစားခွင့်ရဖို့ လုံလောက်တဲ့ အတွေ့အကြုံတော့ မရှိသေးပါဘူး။ ပရိသတ်တွေအနေနဲ့ သူ့ရဲ့ခြေစွမ်းအပေါ် စိတ်ပျက်ခဲ့ရမှာ ဖြစ်ပေမယ့်လည်း လိုကွန်ဂါဟာ အသင်းမှာ လုံး၀ကြီး နေရာမပေးသင့်တော့တဲ့ ကစားသမားလို့တော့ မြင်ဖို့ မထိုက်တန်သေးပါဘူး။ 

ဒါပေမယ့်လည်း အာဆင်နယ်ရဲ့ လက်ကျန်ပွဲစဉ်တွေမှာ ပါတေးမပါ၀င်နိုင်သရွေ့တော့ အယ်နီနီကိုပဲ ဆက်မြင်ရဖို့ ရှိနေပါတယ်။

Leave a Reply

%d bloggers like this: