ယူနိုက်တက်နဲ့ပွဲအတွက် မာဆင်နဲ့ လောရိုးရဲ့ ခန့်မှန်းချက်များ
ဝါရင့်ဘောလုံးကျွမ်းကျင်သူ မာ့ခ်လိုရန်ဆင်ကတော့ အာဆင်နယ်နဲ့ မန်ယူပွဲကိုအခုလိုပဲခန့်မှန်းသွားခဲ့ပါတယ်။
“ အာဆင်နယ်အသင်းကို မယုံရဲခဲ့တာက သူတို့ရဲ့ ပြီးခဲ့တဲ့ ၃-၄ ပတ်တုန်းက ကစားဟန်ကြောင့်ပါပဲ။ တကယ်သာ သူတို့ရဲ့ အရှိန်ကိုကောင်းအောင်ထိမ်းထားနိုင်ရင် အဆင့် ၄ အတွက် အာမခံချက်တစ်ခုရနေပြီးသားဖြစ်မှာပါ။ ဒါပေမယ့် သူတို့မလုပ်နိုင်ခဲ့ကြပါဘူး။ ယူနိုက်တက်ကလည်းပဲ ဒီလမ်းကြောင်းကနေ ဖယ်လိုက်ရပြီလို့ဆိုရပါမယ်။ ယူနိုက်တက်ရဲ့ ရန်းနစ်ခ်အနေနဲ့ ဘယ်လို လူထုတ်လာမလဲဆိုတာကို စိတ်ဝင်စားစရာပါ။ ဒီလိုအခြေအနေတွေကြောင့် သရေရလဒ်ကသာ အသင့်တော်ဆုံးပါ “ လို့ပြောကြားလာခဲ့ပြီး ၁ – ၁ သရေအဖြစ်ခန့်မှန်းခဲ့ပါတယ်။ ထို့အတူ အာဆင်နယ်ဂန္တဝင်ပေါလ်မာဆင်ကလည်း ယခုပွဲကို ၂ – ၂ သရေအဖြစ်ခန့်မှန်းထားပါတယ်။
ကိုဒီဂါပို ခေါ်ယူရေးအာဆင်နယ်ဦးဆောင်နေကြောင်း သတင်းများထွက်ပေါ်လာ
Voetbal International သတင်းဌာနရဲ့အဆိုအရ အာဆင်နယ်ပစ်မှတ် ကိုဒီဂတ်ပိုဟာ လာမယ့်ရာသီမှာ ပီအက်ဗီကနေ ထွက်ခွာဖို့သေချာသလောက်ရှိနေပြီး လီဗာပူး ၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ က အပြိုင်ကြိုးပမ်းနေကြတယ်လို့ဆိုပါတယ်။ CBS ရဲ့သတင်းအရတော့ အဆိုပါကစားသမားအတွက်ကြိုးပမ်းမှုတွေမှာ အာဆင်နယ်တို့က ဦးဆောင်နေကြောင်းသိရပါတယ်။
အန်ကတ်တီယာကို ဆက်မြင်ရဖွယ်ရှိနေတဲ့ အာဆင်နယ်တိုက်စစ်
အာဆင်နယ်အသင်းတိုက်စစ်မှာ အန်ကတ်တီယာကိုပဲ ဆက်လက်မြင်ရဖွယ်ရှိကြောင်း အားကစား Website များစွာက ခန့်မှန်းရေးသားနေကြပါတယ်။ အာတီတာကလည်း ပွဲကြိုအင်တာဗျူးမှာ အဂ်လန်တိုက်စစ်မှုးလေးအတွက် အခုလိုပဲမှတ်ချက်ပြုထားခဲ့ပါတယ်။
“ သူက ဘယ်လိုပြေးလွှားကစားနိုင်နေသလဲ .. ဧရိယာထဲမှာ ချိန်သားကိုက်လှုပ်ရှားနေနိုင်သလဲဆိုတာကို ကျွန်တော်တို့ကောင်းကောင်းသိထားပါတယ်။ အခြားကစားသမားတွေနဲ့ချိတ်ဆက်ကစားတာ ၊ နေရာလွတ်တွေကို ရှာနိုင်တာ ၊ အချိန်ကိုက် ကြိုရောက်နေတာ .. သူဘာလုပ်ချင်လဲသူသိတာ စသည်ဖြင့်အများကြီးကို တိုးတက်လာနေတာပါ “ ဆိုပြီးအသေးစိတ်ချီးကျူးထားပါတယ်။ ပရိတ်သတ်အများစုကလည်း အန်ကတ်တီယာရဲ့ လျင်မြန်မှုကို အာဆင်နယ်တိုက်စစ်မှာမြင်လိုနေကြကြောင်းရေးသားနေကြပါတယ်။
ရှာခါနဲ့ အယ်နီနီအတွဲကို ချီးကျူးလာတဲ့ အီယန်ရိုက်
အာဆင်နယ်ဂန္တဝင်ကြီး အီယန်ရိုက်က အယ်နီနီပါဝင်လာခြင်းဟာ ဆွစ်ဇာလန်သားအတွက် အထောက်အကူဖြစ်ကြောင်းအခုလိုပြောလာပါတယ်။
“ အယ်နီနီလို ကစားသမားမျိုးပြန်ပါလာတော့ ကျွန်တော်တို့က ယူရိုပြိုင်ပွဲတုန်းက ဂရန်းနစ်ကို ပြန်မြင်လိုက်ရတာပါပဲ .. အလွန်ဆိုကို ပေါင်ကြားထဲကနေဘောလုံးထည့်ပြီးကျော်ဖြတ်သွားတာက နှစ်သက်စရာပါ ..ဆွစ်ဇာလန်အသင်းနဲ့တုန်းက သူ့ရဲ့စွမ်းဆောင်ရည်ကောင်းကို ကျွန်တော်တို့အများကြီးမြင်ပြီးသားပါ “ လို့ပြောခဲ့ပြီး အခြားကစားသမားတွေနဲ့အတူ တွဲဖက်ပြီး တိုက်စစ်ကိုပါလိုက်ပါ ကစားနိုင်မှုကိုလည်း ချီးကျူးခဲ့ပါတယ်။
ဆာကာ က အာဆင်နယ်ကိုဆွဲတင်ပေးနေကြောင်း ချဲလ်ဆီးဂန္တဝင်ပြောကြားလာ
ချဲလ်ဆီးဂန္တဝင် ဟက်ဆယ်ဘိန့်က အာဆင်နယ်အသင်းရဲ့ လူငယ်ကစားသမားလေးဆာကာဟာ အသင်းကိုဆွဲတင်ပေးနိုင်သူဖြစ်ကြောင်း ချီးကျူးပြောဆိုလာခဲ့ပါတယ်။
“ သူက အသင်းကိုဦးဆောင်နေတာပါ .. ဒါပေမယ့် သူ့အပေါ်မှာ ဖိအားတွေသက်ရောက်နေတယ်လို့ မခံစားရပဲ ပုံမှန်ပဲရှိနေပါတယ်။ ကျွန်တော်ကတော့ ဆာကာဟာ ပိုပြီးကောင်းလာဦးမယ့် ကစားသမားတစ်ယောက်ပါပဲ .. သူ့မှာတောက်ပတဲ့အနာဂတ်ရှိနေပါတယ်။ သူဂိုးတွေပိုသွင်းဖို့လိုနေသေးပေမယ့် အလားအလာကောင်းတွေက ကြိုတင်စောင့်နေခဲ့ပါပြီ “ ဆိုပြီးပြောလာခဲ့တာပါ။
