၆ ပွဲပဲ ပတ်သတ်ကြတော့မယ့် တိုက်စစ်မှုး  ၂​​ ယောက်နဲ့ အာတီတာ

ချဲလ်ဆီးနဲ့ယှဉ်ပြိုင်မယ့် လန်ဒန်ဒါဘီပွဲစဉ်အတွက် ပွဲထွက်လူစာရင်းထွက်လာတော့ အန်ကက်တီးယားပါလာပြီး လာကာဇက်ကတော့ အရန်ခုံမှာ ရှိနေတယ်။ ဆဲဒရစ်၊မာတင်နယ်လီ၊လိုကွန်ဂါတို့အစား ရော့ဟိုးလ်ဒင်း၊စမစ်ရိုးနဲ့ အယ်လ်နီနီတို့ပါလာတယ်။ ရှုံးပွဲတွေကနေ သင်ခန်းစာတစ်ခုကို အာတီတာ ကောင်းကောင်းသင်ယူခဲ့ပုံပါပဲ။   ဒါ့အပြင်  လာကာဇက်ရဲ့  အသင်းသစ်ရှာပုံတော် အင်တာဗျူးကလဲ ၃ ပွဲဆက်ရှုံးနေတဲ့အသင်းကို လှုပ်ခတ်စေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာကတော့ လာမယ့် ဇွန်လမှာ အသင်းကနေ ထွက်ခွာဖို့ ဆွေးနွေးမှုတွေ လုပ်နေပါပြီလို့ ဆိုလာတဲ့ လာကာဇက်ကို အာဆင်နယ်အတွက်ပဲ အာရုံစိုက်ထားဖို့ ချဲလ်ဆီးနဲ့ပွဲမတိုင်ခင်မှာ  သတိပေးခဲ့ပါတယ်။ မရှေးမနှောင်းမှာပဲ သူ့နေရာမှာကစားလာတဲ့ အန်ကတ်တီးယားက  ၂ ဂိုးသွင်းပြီး  အာဆင်နယ်အသင်းရဲ့  UCL မျှော်လင့်ချက်တွေကို ပြန်အသက်သွင်းလာခဲ့ပါတယ်။

အသက် ၃၀အရွယ်တိုက်စစ်မှုးဟာ ရာသီကုန်ရင် အာဆင်နယ်ကနေ ထွက်ခွာတော့မှာဖြစ်ပြီး အသင်းဟောင်း လိုင်ယွန်ကို ပြန်သွားချင်နေသလို ချန်ပီယံလိဂ် ကစားရဖို့ကိုလည်း လွမ်းနေမိကြောင်း ပြီးခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါကို အာတီတာက သူ ဘာလုပ်မယ်ဆိုတာ ကျွန်တော့်ကို ပြောစရာမလိုပါဘူး။ သူ့စာချုပ်အရ အနာဂတ်ကို သူ့စိတ်ကြိုက် ဆုံးဖြတ်နိုင်နေတာပဲလေ။ ဒါပေမယ့် အဲ့ဒီကိစ္စတွေကို နွေရာသီကျမှသာ ပြောစေချင်ပါတယ်။ အခုအချိန်မှာတော့ အာဆင်နယ်နဲ့အတူ အာရုံစိုက်ပြီး တိုက်ပွဲဝင်နေတာကသာ အကောင်းဆုံးပါပဲ။ လို့ သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပြောဆိုခဲ့တာပါ။

ဆက်လက်ပြီး ”မနှစ်တုန်းက ဥရောပရဲ့အကောင်းဆုံးအသင်းနဲ့ ကျွန်တော်တို့ ကစားရပါမယ်။ အကောင်းဆုံး ရင်ဆိုင်သွားကြမှာဖြစ်ပြီး အနိုင်ရဖို့ကိုပဲ ယှဥ်ပြိုင်သွားမယ်” လို့ ချဲလ်ဆီးနဲ့ပွဲကိုရည်ရွယ် ပြောကြားခဲ့ပါတယ်။  အာတီတာ ရည်မှန်းထားသလိုပဲ  ဥရောပချန်ပီယံကို အနိုင်ရခဲ့ပါတယ်။

ပွဲအစကိုးမိနစ်မှာ နောက်တန်းကနေ တာဗာရက်စ် ကန်တင်လိုက်တဲ့ ဘောလုံးကို ကွင်းလယ်စည်းနားလောက်မှာ ရှိနေတဲ့ ခရစ်စတီယန်ဆန်က ရသွားတယ်။ အန်ကက်တီးယား ဖိအားပေးတာကို ခံထားရတဲ့ ချဲလ်ဆီးနောက်ခံလူဟာ မာလန်ဆားဆီကို အလျင်စလိုနဲ့ ဘောလုံးပေးပို့ခဲ့ရမှာတော့ နောက်ကနေ တောက်လျှောက်ဖိအားပေးပြေးလွှားနေတဲ့ အန်ကက်တီးယားဆီရောက်သွားပြီး အင်္ဂလန်သားလေးက ရှေ့တက်လာတဲ့ မန်ဒီကို ကျော်ဖြတ်ပြကာ အာဆင်နယ် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့တာပါ။

ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ အန်ကက်တီးယားက အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြန်ပါတယ်။ မာလန်ဆားရဲ့ အမှားကနေ ရလာတဲ့ အခွင့်အရေးကို အန်ကက်တီးယားက အပိုင်ကန်သွင်းပြီး အနိုင်ဂိုးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခရာမှုတ်ချိန်မှာတော့ (၂-၄)ဂိုးဆိုတဲ့ ရလဒ်နဲ့ အာဆင်နယ်ဟာ အဝေးကွင်းမှာ အဖိုးတန်သုံးမှတ်အရယူပြီး သူတို့ရဲ့ ချန်ပီယံလိဂ် အိပ်မက်ကို အသက်ဆက်နိုင်ခဲ့ပါတယ်။ 

အန်ကက်တီးယားဟာ ဟေးလ်အန်းအကယ်ဒမီထွက် ကစားသမားဖြစ်ပြီး သူ့ရဲ့ လူငယ်ကစားသမားဘ၀ သွင်းဂိုးတွေကြောင့် ပရိသတ်တွေဟာ သူ့အပေါ် မျှော်လင့်ချက်တကြီးနဲ့ စောင့်ကြည့်ခဲ့ကြပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း အူဘာမီယန်း၊လာကာဇက်တို့ရဲ့ အရိပ်အောက်မှာ နေရင်း အန်ကက်တီးယားဟာ ပျောက်ကွယ်နေခဲ့ရပါတယ်။ 

ဇန်နဝါရီမှာ အူဘာမီယန်းထွက်ခွာသွားခဲ့ပြီးတဲ့နောက် အန်ကက်တီးယားအတွက် ပွဲထွက်ခွင့်ရဖို့ ယှဉ်ပြိုင်စရာ ကစားသမားဟာ လာကာဇက်ပဲ ကျန်ပါတော့တယ်။ ဒါပေမယ့်လည်း ကပ္ပတိန်ကြီးဟာ သွင်းဂိုးတွေ သွင်းယူနိုင်ခြင်းမရှိသေးပေမယ့် အသင်းရဲ့ကစားကွက်မှာ အကျိုးပြုနိုင်တာကြောင့် ပွဲထွက်ခွင့်တွေ ဆက်တိုက်ရရှိနေခဲ့ပါတယ်။ ဒါကြောင့် ရာသီကုန်မှာ အမ်းမရိတ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ အန်ကက်တီးယားရဲ့ ဆုံးဖြတ်ချက်ဟာ ပိုပြီးခိုင်မာလာခဲ့ပါတယ်။ 

အန်ကက်တီးယားသွင်းယူခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးစလုံးဟာ ပြိုင်ဘက်ရဲ့ နောက်တန်းခံစစ်အမှားတွေကြောင့် သွင်းယူနိုင်ခဲ့တာလို့ ဆိုပေမယ့် အန်ကက်တီးယားရဲ့ ရုန်းအား၊ တိုးအား၊ ပြေးအားတွေနဲ့ ပြိုင်ဘက်ခံစစ်ကို အပြိုပြိုအလဲလဲ ဖြစ်စေခဲ့တာ၊ ပြိုင်ဘက်ရဲ့ ဂိုးပေါက်ရှေ့မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရလာတဲ့ အခွင့်အရေးတွေကို အဆုံးသတ်နိုင်ခဲ့တာဟာ မချီးကျူးလို့ မရပါဘူး။ 

အာဆင်နယ်ပရိသတ်တွေအတွက် ဒီလိုမျိုး သွင်းဂိုးတွေတဒိုင်းဒိုင်းသွင်းယူနေတဲ့ အထောင်တိုက်စစ်မှူးကို ငတ်မွတ်နေခဲ့တာ ကြာပါပြီ။တချိန်က ထိပ်တန်းအဆင့်ရှိခဲ့တဲ့ အူဘာမီယန်းဟာလည်း အသင်းနဲ့ နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပြီးတဲ့နောက် သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တွေကို ကျွန်တော်တို့မမြင်တွေ့ရတော့ပါဘူး။‌ အူဘာမီယန်းထွက်ခွာပြီးတဲ့နောက် ကပ္ပတိန်လက်ပတ်ဆက်ခံသူ လာကာဇက်ကလည်း အသင်းရဲ့ကစားကွက်မှာ အကျိုးပြနိုင်တာ၊ဂိုးသွင်းဖို့အခွင့်အရေးတွေ ဖန်တီးပေးနိုင်ပေမယ့် ဂိုးမသွင်းနိုင်တာကြောင့် ပရိသတ်တွေအတွက် မချင့်မရဲ ဖြစ်စေခဲ့ပါတယ်။လက်ရှိရာသီမှာ အသင်းဟာ ဆာကာ၊ စမစ်ရိုး၊ မာတင်နယ်လီတို့လို တောင်ပံတိုက်စစ်ကစားသမားတွေကနေပဲ သွင်းဂိုးတွေရဖို့ အားကိုးနေရတာဖြစ်ပါတယ်။ 

ဒီလို အခြေအနေမျိုးမှာ အန်ကက်တီးယားရဲ့ သွင်းဂိုးတွေကို မြင်တွေ့ခွင့်ရတာဟာ အာတီတာနဲ့ ပရိသတ်တွေအတွက်တော့ အားပါပဲ။နောက်လာမယ့် ပွဲစဉ်တွေမှာလည်း ကျွန်တော်တို့ ငတ်မွတ်နေတဲ့ ၊အသင်းအတွက်လိုအပ်နေတဲ့ သွင်းဂိုးတွေကို အန်ကက်တီးယားဆီက မြင်တွေ့ခွင့်ရမလားဆိုပြီး စိတ်ကူးယဉ်နေမိပြီဆိုရင် မလွန်လောက်ဘူးမလား။

နောက်ထပ်တစ်ချက်ကတော့ အငြင်းပွားဖွယ်ရာစကားတွေဆိုခဲ့တဲ့ ပြင်သစ်တိုက်စစ်မှုးကို  အာတီတာသုံးပါ့မလားဆိုတဲ့အချက်ပါပဲ။ ကျန်တဲ့  ပရီးမီးယားလိဂ်  ၆ ပွဲမှာ ဘယ်သူက ဘယ်နှပွဲပါဝင်ကစားရမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေသလို  ၊ အဆိုပါ တိုက်စစ်မှုး  ၂ ဦးစလုံးကလဲ အသင်းကနေ ထွက်ခွာကြမယ့်သူများဖြစ်နေကြတာကတော့ထူးခြားချက်ပါပဲ။

Advertisement

Leave a Reply

%d bloggers like this: