ယနေ့မနက်က ကစားသွားခဲ့တဲ့ အာဆင်နယ်နဲ့ ချယ်ဆီးအသင်းတို့ရဲ့ ပွဲစဥ်မှာ အာဆင်နယ်အသင်းက ၄ဂိုး ၂ဂိုးဆိုတဲ့ရလဒ်နဲ့ ချယ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါအရှုံးရလဒ်ကို ချယ်ဆီးနည်းပြတူချယ်က စတန်းဖို့ဒ်ဘရစ်ချ်ရဲ့ ကွင်းမျက်နှာပြင် ဆိုးရွားနေမှုကြောင့် ဂိုးတွေခွင့်ပြုခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းရဲ့ အဖွင့်ဂိုးဟာ ချယ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ရဲ့ လူပေးအားနည်းမှုကနေ အန်ကီတီယာက ကြားဖြတ်ယူပြီး သွင်းယူခဲ့တာဖြစ်ကြောင်း ဝေဖန်သူများက သုံးသပ်နေကြပါတယ်။ ဒါပေမယ့် နည်းပြတူချယ်ရဲ့အမြင်ကတော့ သူတို့အသင်းရဲ့ကွင်းအနေအထားကြောင့် သူ့ရဲ့ဗဟိုနောက်ခံလူက ကောင်းစွာမကစားနိုင်ခဲ့ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။
”ကွင်းက ကစားရတာ ခက်နေခဲ့ပါတယ်။ အကြောင်းပြချက် ပေးတယ်လို့တော့ ထင်နေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အရမ်းကို ကစားရခက်ခဲ့ကြတာပါ။ ခရစ္စတန်ဆင်ရှေ့မှာ ဘောလုံးက အရမ်းကို ကဆုန်ပေါက်နေခဲ့ပြီး ကျွန်တော်တို့ ဒီလို အခက်အခဲကို ရီးရဲမက်ဒရစ်နဲ့ပွဲမှာကတည်းက ကြုံပြီး ပေးဆပ်ခဲ့ရပြီးပါပြီ” ဆိုပြီး ပြောကြားခဲ့ပါတယ်။
ရူဒီဂါမပါဝင်နိုင်တဲ့ ချဲလ်ဆီးနောက်တန်းဟာ တစ်ပွဲလုံးရုန်းကန်နေခဲ့ရပြီး အာဆင်နယ်အတွက် တတိယဂိုးဖြစ်တဲ့ အန်ကတ်တီယာရဲ့ ဒုတိယသွင်းဂိုးမှာလည်း သိသိသာသာဟန်ချက်ပျက်နေခဲ့ပါတယ်။ ပွဲပြီးခါနီးမှာဖြစ်ခဲ့တဲ့ အက်စ်ပီလီကွယ်တာရဲ့ ပြစ်ဒဏ်အပေါ်မှာလည်းအငြင်းပွားမှုအချို့ရှိနေခဲ့ပေမယ့် ကျူးလွန်ခံခဲ့ရသူ ကာယကံရှင် ဆာကာကတော့ သူ့ကို စပိန်သားက ၅စက္ကန့်လောက်ဖိထားခဲ့ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
၃ ပွဲဆက်ရှုံးထားခဲ့တာဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်ပြေးလမ်းကြောင်းကနေသွေဖယ်လုနီးပါးဖြစ်နေတဲ့ အာဆင်နယ်အတွက် လန်ဒန်ဒါဘီအဝေးကွင်းနိုင်ပွဲကအတော်လေးအရေးပါခဲ့ပြီး ၊ ရေပန်းစားမှုလဲပြန်လည်မြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ကြတဲ့ ဆာကာ နဲ့ စမစ်ရိုးတို့ကလည်း စံချိန်ကိုယ်စီရရှိခဲ့ကြသလို ၊ အန်ကတ်တီယာအတွက်လည်း ပထမဆုံး ပရီးမီးယားလိဂ်မှာ ၂ ဂိုးသွင်းယူနိုင်ခြင်းဖြစ်လာခဲ့ပါတယ်။