ခရစ္စတန်ဆန်ကို အန်ကတ်တီးယား အခွင့်ကောင်းယူနိုင်ခဲ့တယ်လို့ မာဆင်ပြော
ဂန္တဝင် ပေါ်လ်မာဆင်က ချဲလ်ဆီးနောက်တန်းကို ဖိအားပေးပြီးဂိုးသွင်းယူနိုင်ခဲ့တဲ့ အန်ကတ်တီယာကို အခုလိုချီးကျူးလာပါတယ်။
“ တကယ်ကောင်းတဲ့အဆုံးသတ်ပုံပါပဲ။ တစ်ခါတစ်လေမှာ တဖက်နောက်တန်းက ဘယ်သူဆိုတာကိုကြည့်ပြီး ဘောလုံးကို လိုက်ဖျက်ကြရတာပါ။ အက်ဒီက ခရစ္စတန်ဆန်ကို ဖိအားပေးနိုင်ခဲ့တယ်။ ခရစ္စတန်ဆန်အနေနဲ့ ဒီပွဲမှာကစားပုံသိပ်မကောင်းသလို ဖျက်ထုတ်ပုံကလည်း အားနဲခဲ့ပါတယ်။ အဲ့ဒီနောက် အက်ဒီက အစွမ်းပြတော့တာပါပဲ “ လို့ ချီးကျူးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
စပါးကိုပဲကြိုက်နေသေးတဲ့ ဟက်ဆယ်ဘိန့်ခ်
ချဲလ်ဆီးဂန္တဝင် ဟက်ဆယ်ဘိန့်က လန်ဒန်ဒါဘီမှာ အာဆင်နယ်အသင်းအနိုင်ရခဲ့ပေမယ့်လည်း စပါးအသင်းအပေါ်အလေးသာနေတဲ့ သူ့ရဲ့ယူဆချက်ကိုတော့ မပြောင်းသေးဘူးလို့ဆိုပါတယ်။
” ဒီပွဲမတိုင်ခင်တုန်းက စပါးအသင်းရဲ့ ဂိုးသွင်းအားကောင်းတဲ့အချက်ရယ် အာဆင်နယ်ရဲ့ တိုက်စစ်အင်အားနဲပါးမှုရယ်ကြောင့် စပါးကိုပဲပိုကြိုက်ခဲ့ပါတယ် .. ဒါပေမယ့် အခုလည်း ဒီအတိုင်းပဲယုံကြည်နေဆဲပါ။ ဟယ်ရီကိန်းနဲ့ သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် စပါးတို့အသာရပါလိမ့်မယ် “ လို့ ဆိုလာတာဖြစ်ပါတယ်။
အာဆင်နယ်ပွဲကြည့်ရတာ ထိုက်တန်ကြောင်း လိုင်နီကာထုတ်ပြော
ဂန္တဝင်ကြီးဂယ်ရိလိုင်နီကာ ကလည်း ချဲလ်ဆီးနဲ့ပွဲမှာအစွမ်းပြခဲ့တဲ့ အာဆင်နယ်အသင်းသားတွေကို ချီးကျူးသွားပြီး ကြည့်ရတာထိုက်တန်တဲ့ပွဲတစ်ပွဲဖြစ်ကြောင်း သူ့ရဲ့ Twitter ကနေတဆင့်ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
“ အာဆင်နယ်ရဲ့ ဒုတိယဂိုးကြောင့် Match Of the Day အစီအစဥ်မှာလာစကားပြောရတာ တန်သွားပါပြီ .. သိပ်လှတဲ့ဂိုးပေါ့ “ လို့ပြောခဲ့သလို ဆာကာရဲ့ စွမ်းဆောင်ရည်ကိုလည်း အသိအမှတ်ပြုပြောဆိုသွားခဲ့ပါတယ်။
ချားလ်ဝက်စ်ပြောတဲ့ အာဆင်နယ်ရဲ့ နွေရာသီအစီအစဥ်များ
အာဆင်နယ်အသင်းဟာ သူတို့ရဲ့နွေရာသီအစီအစဥ်တွေကို အတည်ပြုသွားခဲ့ပြီဖြစ်ကြောင်း သတင်းထောက်ချားလ်ဝက်စ်က တင်ပြလာပါတယ်။ ဂန်းနားတို့ဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတလွားကို ခြေစမ်းမှာဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့ကနေစတင်ဖို့ရှိနေတာပါ။ ဒါ့အပြင် US ခရီးစဥ်အပြီးမှာ ဂျာမနီကိုသွားဖို့ လျာထားကြောင်းလဲသိရပါတယ်။ နှစ်စဥ်ပုံမှန်ကျင်းပနေကျ Emirates Cup ဖိတ်ခေါ်ပြိုင်ပွဲကိုလည်းကျင်းပဖို့ရှိနေတာဖြစ်ပါတယ်။
သူ့ကို အက်စ်ပီလီကွယ်တာက ၅ စက္ကန့်လောက်ဖက်ထားခဲ့ကြောင်း ဆာကာပြောပြလာ
တောင်ပံကစားသမားလေး ဆာကာက အက်စ်ပီလီကွယ်တာရဲ့ ပြစ်ဒဏ်အပေါ်အခုလိုပဲ မှတ်ချက်ပေးလာခဲ့ပါတယ်။
“ သူကျွန်တော့်ကို စိတ်ဆိုးနေမှာ ကျွန်တော်သိပါတယ် … ဒါပေမယ့် တကယ်ဖြစ်ခဲ့တာပါ .. ဒါကပယ်နယ်တီပါ .. သူကျွန်တော့်ကို ဖက်ထားတာ ၅ စက္ကန့်လောက်ကြာပါတယ် .. ဒီတော့ ကျွန်တော် လဲကျသွားခဲ့တာပေါ့ “ ဆိုပြီး အဖြစ်အပျက်ကို ပြန်လည်ပြောပြလာပါတယ်။ ဟယ်ရီရက်ဒ်နက် အပါအဝင် သုံးသပ်သူများကလည်း အဆိုပါပြစ်ဒဏ်ကို ထောက်ခံပေးခဲ့ကြပါတယ်။
