အာဆင်နယ်တို့ ဘာတွေပြောင်းလဲသွားခဲ့တာလဲ

ပွဲဆက်အရှုံးတွေကနေပြန်လာနို်င်ခဲ့တဲ့ပွဲဟာ မြို့်ခံပြိုင်ဖက်ကို အဝေးကွင်းမှာနိုင်တဲ့ပွဲဖြစ်နေတာကတော့ အာဆင်နယ်အတွက်အပိုဆုဖြစ်ခဲ့သလို  အာတီတာအတွက်လည်း ဖိအားတွေခပ်မြန်မြန်ပဲလွင့်စင်သွားခဲ့ပါတယ်။ ပွဲထွက်လူစာရင်းကိုလည်းအပြောင်းအလဲတွေလုပ်ခဲ့သလို ၊ ကစားပုံဆိုတာထက်  မှန်ကန်တဲ့လုပ်ဆောင်ချက်တွေကြောင့် အသာရသွားခဲ့တယ်ဆိုရပါမယ်။ 

လူမစုံခဲ့တဲ့ ၂ သင်းရဲ့ပွဲမှာ အာတီတာက ပွဲကိုပိုပြီးမှန်ကန်အောင်ဖတ်နိုင်ခဲ့တယ်လို့ပြောနိုင်ပါတယ်။ ချဲလ်ဆီးတို့ဟာ အာတီတာအားသန်တဲ့ Side Line Attack နဲ့ Diagonal Run တွေကို ကြိုပြီးပိတ်ဖို့အတွက် ခံစစ် ၂ ထပ်ဆန်ဆန်ပြင်ဆင်ပြီးပွဲထွက်လာခဲ့ပါတယ်။ ပါတေးမပါဝင်တဲ့ကွင်းလယ်ကနေလည်း များများစားစားဖြစ်လာဖို့မရှိတာကြောင့် မှားတဲ့ပြင်ဆင်မှုလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် အာတီတာရဲ့ စီစဥ်ထားပုံက မတူညီတဲ့ချဥ်းကပ်မှုဖြစ်ခဲ့ပါတယ်။ ပွဲရဲ့အသေးစိတ်အချက်အလက်တွေဆီသွားကြရအောင်ပါ။

ဟိုးဒင်းနဲ့ အယ်နီနီတို့ကိုအသုံပြုခဲ့ပြီး  ၄-၂-၃-၁ နဲ့ပွဲထွက်လာခဲ့ပေမယ့် တကယ်တန်းကစားသွားတာကတော့ ၄-၅-၁   (သို့)  ၃-၂-၄-၁ ပုံစံဖြစ်ခဲ့တာပါ။ ကျွန်တော့်ရဲ့အမြင်အရတော့  ချဲလ်ဆီးဖက်က လစ်ဟာနေတဲ့ High Quality Ball Holding Defender  နေရာကို  စမစ်ရိုး နဲ့ အန်ကတ်တီးယားတို့ရဲ့ လျှင်မြန်မှုနဲ့ ခွန်အားတွေက အကောင်းဆုံးဖိအားပေးနိုင်ခဲ့တယ်လို့ပဲ ပြောချင်ပါတယ်။  တာဗာရက်စ်ဟာ  Attacking Mind ရှိတဲ့ ကစားသမားဖြစ်တာကြောင့် တိုက်စစ်ကစားချိန်မှာ Extra Winger တစ်ယောက်လိုကစားသွားနိုင်ပြီး ချဲလ်ဆီးရဲ့အထိုင်ကို ဖိအားပေးခဲ့ပါတယ်။

အထက်မှာပြောခဲ့သလို  ချဲလ်ဆီးဟာ  တောင်ပံတွေမှာ ခံစစ် ၂ ထပ်ပြင်ထားပေမယ့်  ရူဒီဂါမပါဝင်ပဲ Balance Out ဖြစ်နေတဲ့နောက်တန်းဗဟိုကြောင့်  ကျန်တဲ့ Functional Play တွေပါ မီးခိုးကြွက်လျှောက်ပျောက်သွားခဲ့ပြီး အာဆင်နယ်က လွှမ်းမိုးသွားနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။  အန်ကတ်တီယာရဲ့ လွန်းထိုးပြေးလွှားမှုဟာ တဖက်အသင်းနောက်တန်းကို ဟန်ချက်ပျက်စေသလို  ၊ အယ်နီနီရဲ့ ထိမ်းကျောင်းနိုင်မှုကလဲ ကွင်းလယ်တိုက်စစ်သမားတွေကို ဝန်ပေါ့စေပါတယ်။ ဒီနေ့အာဆင်နယ်တိုက်စစ်နဲ့ကွင်းလယ်ဟာ  တဖက်အသင်းရဲ့ ခံစစ်နဲ့ ကွင်းလယ်ကြားက Transition Play ကို စတင်လို့မရအောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးဟာ ဘောလုံးကိုင်ထားရင်းပဲ ကစားပုံမကောင်းခဲ့တဲ့အနေအထားမှာရှိခဲ့တယ်။

အန်ကတ်တီယားရဲ့အတိုးအလှုပ်တွေကလည်း ဒီပွဲမှာအလုပ်ဖြစ်ခဲ့ပြီး သူရခဲ့တဲ့ ၂ ဂိုးစလုံးက တဖက်နောက်တန်းကို ဟန်ချက်ပျက်စေတဲ့ကစားပုံကနေရရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်  အာဆင်နယ်ရဲ့ အားနဲချက်လို့ ယူဆရတဲ့ ညာခြမ်းကနေတော့ ကြိမ်ဖန်များစွာထိုးဖောက်နိုင်ခဲ့ပြီး ဂိုးလည်း ၂ ကြိမ်သွင်းယူသွားနိုင်ခဲ့ပါတယ်။ ဘန်ဝှိုက်အနေနဲ့လည်း သူ့ကို ပြစ်ဒဏ်ကျူးလွန်ပြီး ဂိုးပေးရတဲ့အခြေအနေက ၂ ပွဲဆက်ရှိပြီမို့  ကိုယ့်ကစားဟန်ကိုပြန်သုံးသပ်သင့်ပါပြီ။ အထူးသဖြင့် အာဆင်နယ်လိုအသင်းကနေ ကစားနေရတဲ့သူအနေနဲ့ ဒိုင်က ကိုယ့်ကိုအကာအကွယ်ပေးလား၊ မပေးလားဆိုတာနားလည်ထားဖို့ပါပဲ။

ဒီပွဲအနိုင်ရသွားတာကြောင့် အသင်းအတွက်ရော ၊ ပြိုင်ပွဲအတွက်ရော ပရိတ်သတ်တွေအတွက်ရော  အပေါင်းလက္ခဏာဆောင်ခဲ့ပေမယ့် ဆက်လက်ရင်ဆိုင်ရမယ့် ၆ ပွဲအတွက်တော့ ပြင်ဆင်ရမှာတွေရှိပါသေးတယ်။  စိုးရိမ်ရတာက နောက်တန်းနဲ့ ကွင်းလယ်ကြားမှာ ဘယ်လောက်ထိအချိတ်အဆက်မိနေသလဲ ၊ သူတို့ရဲ့  Traditional Total Football ဆန်ဆန်ကစားဟန်တွေကို တိုက်စစ်က ဘယ်လောက်ထိ အခွင့်အရေးယူနိုင်မလဲဆိုတာကို အာတီတာအနေနဲ့ ချိန်ဆရမှာဖြစ်ပါတယ်။

 အထူးသဖြင့် ဆာကာနဲ့ စမစ်ရိုးကို တစ်ပွဲထဲမှာ မတူညီတဲ့ပုံစံနဲ့ကိုင်တွယ်သွားနိုင်ဖို့ကြံစည်သင့်ပါတယ်။ ဒီလိုလုပ်ဖို့အတွက် Pivotal Player  ကောင်းတစ်ဦးလိုနေတာကိုနားလည်ပေမယ့် သူ့အနေနဲ့ ပါတေးရဲ့ Alternative ကို ဖန်တီးနိုင်ဖို့လိုပါတယ်။ ဒီပွဲမှာတော့ ရနိုင်သလောက်အကောင်းဆုံးဖန်တီးသွားနိုင်တာကိုမြင်ရပါတယ်။

ချဲလ်ဆီးရဲ့အပျက်က အာဆင်နယ်ရဲ့ အားသာချက်နဲ့ကွက်တိဖြစ်ခဲ့တဲ့ ဒီနိုင်ပွဲအပြီးမှာ အာတီတာအနေနဲ့လိုတာတွေကို အကောင်းဆုံးပြင်ဆင်ကိုင်တွယ်ပြီးရှေ့ဆက်နိုင်ရေးက  ဥရောပသို့သွားရာလမ်းနဲ့ချိတ်ဆက်နေတယ်လို့ဆိုရပါမယ်။ ဒါ့အပြင်နောက်ထပ်သတိထားရမယ့်အချက်အဖြစ်  ရမ်းစ်ဒေလ်းလက်စွမ်းကျနေတာပဲပါပဲ။  Long Pass ထွက်တဲ့ ယူနိုက်တက်တိုက်စစ်နဲ့ အတွေ့မှာ အာဆင်နယ်ပရီတ်သတ်တွေ မမြင်ချင်တာတွေမမြင်ရဖို့တော့ မျှော်လင့်တာပါပဲ။ လျှင်မြန်တဲ့ကစားသမားတွေပါဝင်တဲ့ ယူနိုက်တက်တိုက်စစ်ကို အခုပွဲကလိုမျိုးအခွင့်အရေးပေးလို့ မဖြစ်တော့ပါဘူး။

ဘာပဲပြောပြော စနေနေ့ကို အင်ပြည့်အားပြည့် စောင့်စားဖို့ကို  ဟေးအန်းလူငယ်တွေနဲ့အတူ ဝါရင့်ကစားသမားတွေက ပေါင်းစပ်ဖန်တီးပေးခဲ့ပြီဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: