လက်ကျန်  ၆ ပွဲမှာ  သူတို့တွေခြေစွမ်းမကျဖို့လိုပါတယ်

ကြာသာပတေးနေ့ မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ‌တော့ အာဆင်နယ်ဟာ အိမ်ရှင်ချဲလ်ဆီးကို (၂-၄)ဂိုးဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ချေမှုန်းပြီး အသင်းရဲ့ ချန်ပီယံလိဂ် အိပ်မက်ကို ဆက်လက်အသက်သွင်းနိုင်ခဲ့ပါတယ်။ ဒီပွဲကိုသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် အာဆင်နယ်ဟာ ၄ပွဲဆက် အရှုံးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ချန်ပီယံလိဂ်၀င်ခွင့်ကို မျှော်လင့်ချက်မရှိသလောက် ဖြစ်သွားမှာ ဖြစ်ပါတယ်။ 

အာတီတာဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေက လူစာရင်း၊ ကစားကွက်အခင်းအကျင်းတွေကို ပြောင်းလဲပြီး ဒီပွဲကို သေချာပေါက်အနိုင်ယူဖို့အတွက် ပြင်ဆင်လာခဲ့သလို အသင်းရဲ့ လူငယ်လေးတွေကလည်း သူတို့ရဲ့ တိုက်ပွဲ၀င်စိတ်ဓာတ်တွေကို စတန်းဖို့ဒ်ဘရစ်ခ်ျမှာ တဖန်ပြသနိုင်ခဲ့ပါတယ်။ မန်ယူနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မတိုင်မီ ချဲလ်ဆီးကို ခုလိုမျိုးအနိုင်ယူလိုက်နိုင်တာဟာ အသင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကို အများကြီး အထောက်အပံ့ဖြစ်စေပါတယ်။ 

အသင်းရဲ့ ဟေးလ်အန့် အကယ်ဒမီထွက် ကစားသမားလေးတွေရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ပြောစရာ အချက် (၃)ချက် ရှိပါတယ်။  ဒီအချက်တွေဟာ  အာဆင်နယ်အသင်းရဲ့ ရာသီကုန်အထိသွားမယ့်ခရီးစဥ်မှာလည်း ဆက်ပြီးတည်တည်ငြိမ်ငြိမ်ရှိနေဖို့လိုပါတယ်။  အချက်တွေဆိုပေမယ့်  ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမား  ၃ ယောက်ဆိုရင်လည်းပိုမှနပါလိမ့်မယ်။

() သွင်းဂိုးတွေမြူးခဲ့တဲ့ အန်ကက်တီးယား 

အသင်းခေါင်းဆောင် လာကာဇက်မပါ၀င်နိုင်‌ချိန်မှာ အထောင်တိုက်စစ်အတွက် ပွဲထွက်ခွင့်ရခဲ့တဲ့ အန်ကက်တီးယားကို တစ်ဖက်မှာ  သံသယမျက်လုံးတွေနဲ့  စောင့်ကြည့်နေရင်း တစ်ဖက်မှာလည်း မျှော်လင့်ချက်တွေနဲ့ စောင့်ကြည့်နေခဲ့ကြတာပါ။ ဒီနေ့ပွဲစဉ်မှာတော့ အန်ကက်တီးယားဟာ အားလုံးက  သူ့အပေါ်မှာ ရှိနေတဲ့ သံသယတွေအားလုံးကို ချေဖျက်ပြခဲ့ပါတယ်။သူ့ရဲ့ လုပ်အား၊ကြိုးစားမှုတွေနဲ့ ချဲလ်ဆီးနောက်တန်းကို အမှား‌တွေ၊ဟာကွက်တွေများစေခဲ့ပြီး သွင်းဂိုး နှစ်ဂိုးရယူနိုင်ခဲ့ပါတယ်။ဒီပွဲစဥ်ဟာ သူ့ရဲ့ အာဆင်နယ်ဂျာစီနဲ့  အကောင်းဆုံးတောက်ပခဲ့တဲ့ ညလို့ ဆိုရမှာပါ။ 

ဒီပွဲစဉ်မှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် လာမယ့် weekendမှာ ယှဉ်ပြိုင်ကစားဖို့ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲစဉ်မှာလည်း အန်ကက်တီးယားဟာ ပွဲထွက်ခွင့်ရဆက်ရဖို့ ရှိနေပါတယ်။ တကယ်လို့ လာကာဇက် အသင်းရဲ့လူစာရင်းမှာ ပြန်လာခဲ့မယ်ဆိုရင်‌တောင် အန်ကက်တီးယားနဲ့အပြိုင် ပွဲထွက်ခွင့်ရဖို့ ကြိုးစားရဖို့ ရှိနေပါတယ်။ 

ပြင်သစ်သားကြီးဟာ အသင်းနဲ့ ချိတ်ဆက်ကစားနိုင်တာတွေ၊ အသင်းဖော်တွေအတွက် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ပေမယ့် အန်ကက်တီးယားကတော့ တိုးအား၊လှုပ်အား၊ရုန်းအားတွေနဲ့ ပြိုင်ဘက်ရဲ့ ခံစစ်ကို ဟာကွက်တွေဖြစ်စေတာမျိုး၊တိုက်စစ်မှူးတစ်‌ ယောက်ဂိုးသွင်းယူနိုင်စွမ်းရှိနေတာကို တွေ့မြင်ခဲ့ရပါတယ်။ 

နောက်လာမယ့်ပွဲစဉ်တွေမှလည်း အန်ကက်တီးယားဆီကနေ ဒီလိုခြေစွမ်းမျိုး ထပ်ပြီး တွေ့မြင်ခွင့်ရမယ်ဆိုရင်တော့ တကယ်ပဲ စိတ်၀င်စားစရာ ကောင်းမှာပါ။ 

() အရေးကြီးတဲ့အချိန်မှာ ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ ခံစစ် 

ပထမပိုင်းမှာ နှစ်သင်းစလုံးဟာ အခွင့်အရေးတွေ ကိုယ်စီဖန်တီးနိုင်ခဲ့ပြီး သွင်းဂိုးတွေလည်း အပြန်အလှန်သွင်းယူခဲ့ကြပါတယ်။ပထမပိုင်းမှာ ချဲလ်ဆီးအသင်းကို ခွင့်ပြုလိုက်ရတဲ့ ဂိုးတွေမှာ နောက်တန်းရဲ့ အားနည်းချက်တွေ အများကြီးပါပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းပြန်စတင်ချိန်မှာတော့ အာဆင်နယ်နောက်တန်းဟာ ပထမပိုင်းနဲ့မတူတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ ဒီအတွက် အာဆင်နယ်နောက်တန်းနဲ့ အာတီတာတို့ကို ချီးကျူးရမှာပါ။ 

ဒုတိယပိုင်းစတင်ပြီး ကိုးမိနစ်အကြာ အန်ကက်တီးယားက သူ့ရဲ့ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပြီးနောက်မှာတော့ ချဲလ်ဆီးဟာ  ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ပြန်လည်တိုက်စစ်ဆင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ခံစစ်ကြောင်းကလည်း အမှားအယွင်းမရှိပဲ ချဲလ်ဆီးရဲ့ တိုက်စစ်ကို အခွင့်အရေးတစ်ကြိမ်မှမရအောင် ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။ 

ရော့ဘ်ဟိုးဒင်းဟာ ဒီနေ့ပွဲစဉ်မှာ ဂါဘရီယယ်နဲ့အတူ တွဲဖက်ပြီး ခံစစ်မှာ တကယ်ကို အကောင်းဆုံးကစားပြနိုင်ခဲ့ပါတယ်။ တာဗာရက်စ်ကလည်း ဒုတိယပိုင်းမှာ ခြေစွမ်းကောင်းအချို့ကို ပြသနိုင်ခဲ့ပြီး ဘန်ဝှိုက်ကလည်း ခံစစ်မှာ တာ၀န်ကျေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အိမ်ရှင်ရဲ့ တိုက်စစ်ကို အခွင့်အရေးတစ်ကြိမ်မှ မရအောင် ကစားပြခဲ့တဲ့ ခံစစ်ကြောင့်လည်း စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အနိုင်သုံးမှတ်ကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။  ဘန်ဝှိုက်အနေနဲ့ တစ်ခါတစ်ခါ အမှားတွေလုပ်တတ်တာကြောင့် အခြားသော ခံစစ်မှုးတွေရဲ့ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကလည်း အရေးကြီးတာဖြစ်ပါတယ်။

(၃) အယ်လ်နီနီရဲ့စပါယ်ရှယ်‌ခြေစွမ်း 

ဂိုးတွေသွင်းယူခဲ့တဲ့ လူငယ်လေးတွေအ‌ကြောင်းပြောနေကြချိန်မှာ အသက်၂၉နှစ်အရွယ် အီဂျစ်သားကြီးကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ 

ကျွန်တော် တစ်‌ခါက ရေးဖူးသလိုပါပဲ၊အယ်လ်နီနီဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်နေဆဲ ဖြစ်ပြီး ဒီအချက်ကို ဒီနေ့ညမှာ ကျွန်တော်တို့ သေသေချာချာ ထပ်မြင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ အယ်လ်နီနီကို ဘာလို့များ အာတီတာ မသုံးခဲ့တာလဲလို့ တွေးစရာပါ။

အယ်လ်နီနီဟာ ကွင်းလယ်မှာ ရှာကာနဲ့ တွဲဖက်ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အီဂျစ်သားကြီးဟာ ချဲလ်ဆီးကွင်းလယ်နဲ့ တိုက်စစ်ကြား နေရာယူပြီး ဖျက်ထုတ်မှုတွေ၊ ကြားဖြတ်လုယူမှုတွေနဲ့ ပြိုင်ဘက်ရဲ့ တိုက်စစ်ကို အကောင်းဆုံးဟန့်တားပြနိုင်ခဲ့ပါတယ်။ပါတေးမပါ၀င်နိုင်တဲ့ ကွင်းလယ်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ ရုန်းကန်ခဲ့ရပေမယ့် အယ်လ်နီနီကြောင့် လန်ဒန်ဒါဘီမှာ ပြန်အနိုင်ရခဲ့တယ်လို့ ဆိုရင် လွန်ရာမကျနိုင်ပါဘူး။ အယ်လ်နီနီဟာ  သူ့ရဲ့စွမ်းဆောင်ရည်ပြညွန်းကိန်းတွေကလဲ အကောင်းဖက်ကိုပြနေခဲ့ပါတယ်။  ပရိတ်သတ်များကလည်း လိုကွန်ဂါထက် အယ်လ်နီနီကိုပဲ ရာသီကုန်ထိသုံးစေချင်ကြပုံပါပဲ။

ဒီအခြေအနေကောင်းတွေဟာ  လက်ကျန်  ၆ ပွဲမှာလည်း မတိမ်းမစောင်းရှိနိုင်မယ်ဆိုရင်တော့  အနိမ့်ဆုံး ယူရိုပါလိဂ်ကို တော့မျှော်လင့်ထားလို့ရတဲ့အခြေအနေမှာရှိပါတယ်။

One thought on “လက်ကျန်  ၆ ပွဲမှာ  သူတို့တွေခြေစွမ်းမကျဖို့လိုပါတယ်

Leave a Reply

%d bloggers like this: