လူငယ်ပေါ်လူငယ်မဆင့်စေလိုတော့ပါ

အာဆင်နယ်ဟာ လက်ရှိ ပါးလ်မီးယပ်စ်မှာကစား‌ နေတဲ့ ကွင်းလယ်ကစားသမား ဒန်နီလိုကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့  ခြေလှမ်းစနေပြီလို့ သိရပါတယ်။ 

အသက်၂၀အရွယ်ရှိပြီ ဖြစ်တဲ့ ဒန်နီလိုဟာ သူ့ရဲ့ကလပ်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားတာကြောင့် အာဆင်နယ်ဟာ ဘရာဇီးလ်လူငယ်လေးကို ခေါ်ယူဖို့အတွက် ခုလိုမျိုးစတင်ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို အတည်ပြုပေးခဲ့သူက ဘရာဇီးလ် ဂျာနယ်လစ် ဂျော့နီကိုလာဖြစ်ပြီး လာမယ့် နွေရာသီမှာ အာဆင်နယ်ဟာ ဒန်နီလိုကို ခေါ်ယူဖို့ ကြိုးစားသွားမယ်ဆိုတာ သေချာပြီလို့ သူက ဆိုပါတယ်။ အာဆင်နယ်ဟာ နောက်လာမယ့်ရာသီအတွက် အသင်းကြီးရဲ့ လူစာရင်းမှာ ဒန်နီလို ထည့်သွင်းထားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ 

ဒန်နီလိုသာ အာဆင်နယ်ကို ရောက်လာခဲ့မယ်ဆိုရင် အသင်းနဲ့အတူ ကစားခွင့်အနည်းငယ်သာ ရထားတဲ့ လူငယ်ကွင်းလယ်လူ ဆမ်ဘီလိုကွန်ဂါအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် လိုကွန်ဂါဟာ ခုလို ကစားခွင့်မိနစ်တွေနည်းပါးနေရတာလည်း အာတီတာဟာ သူ့အပေါ် ယုံကြည်မှု အပြည့်အ၀ မရှိသေးတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ လက်ရှိ အသင်းရဲ့ လူစာရင်းဟာ အတော်ကို အားနည်းနေပြီး နောက်ရာသီ ဥရောပပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ဖို့အတွက်ဆိုရင်  ကစားသမားတွေ အများကြီး ထပ်ဖြည့်တင်းဖို့ လိုအပ်ပါလိမ့်မယ်။ 

အာဆင်နယ်ဟာ ဒန်နီလိုခေါ်ယူခဲ့မယ်ဆိုရင် သူတို့ရဲ့ လူငယ်ကစားသမားအသစ်ကို ဘယ်လောက်ထိ ယုံကြည်မှု ရှိမလဲဆိုတာ စိတ်၀င်စားစရာကောင်းပါတယ်။ လိုကွန်ဂါကို မသုံးမဖြစ် သုံးရမယ့်အနေအထားမှသာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ အသုံးပြုတာမျိုး ဥပမာရှိတဲ့အတွက် ဒန်နီလိုကိုလည်း အာတီတာအနေနဲ့ ဘယ်လောက်ထိ ယုံကြည်မှုရှိမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ 

ဒန်နီလိုကို ခေါ်ယူဖို့ ကြိုးစားတာဟာ လိုကွန်ဂါရဲ့ ခြေစွမ်းကို အာတီတာအနေနဲ့ ယုံကြည်မှု မရှိတာလား၊ ဒန်နီလို ရောက်လာခဲ့မယ်ဆိုရင် အသင်းရဲ့ အကယ်ဒမီလူငယ်တွေဖြစ်တဲ့ ပါတီနို ၊ အက်ဇီးတို့လို လူငယ်တွေအတွက် အသင်းကြီးမှာ ပါ၀င်ခွင့်ရဖို့ဆိုတဲ့ အခွင့်အရေးကို ပိတ်ဆိုရာကြမလားဆိုတဲ့ အတွေးတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ပြောရမယ်ဆိုရင် ဒန်နီလို ရောက်လာတာကြောင့် လိုကွန်ဂါပါ နေရာပျောက်သွားနိုင်သလား ဒါမှမဟုတ် ဒန်နီလိုကိုရော အာတီတာဟာ ယုံကြည်မှု ရှိရှိနဲ့ အခွင့်အရေး ပေးပါ့မလားဆိုတဲ့  မေးခွန်းတွေလည်း ရှိလာမှာ ဖြစ်ပါတယ်။ 

ကျွန်တော့်အမြင်အရဆိုရင် လူငယ်ကစားသမားတွေကို အထူးသဖြင့် ကွင်းလယ်အတွက် လူငယ်ကစားသမားတွေကို အခြားအသင်းတွေက ခေါ်ယူတာထက် အကယ်ဒမီထွက် လူငယ်လေးတွေကို နေရာပေးသင့်တယ်လို့ ထင်ပါတယ်။ ပါတီနို၊ လိုကွန်ဂါတို့လို လူငယ်ကစားသမားလေးတွေဟာ တစ်ချိန်မှာ ထွန်းတောက်လာနိုင်တဲ့ ကွင်းလယ်ကြယ်ပွင့်တွေ ဖြစ်တာကြောင့် သူတို့ရဲ့တက်လမ်းကို ပိတ်ဆို့သွားနိုင်တဲ့ အခြားလူငယ်ကစားသမားတွေကို ခေါ်ယူခြင်းထက် မက်ဒီဆင်၊ တိုင်လ်မန်းတို့လို ခြေစွမ်းကောင်းရှိပြီးသား၊ပွဲထွက်လူစာရင်းမှာ အရံသင့်အသုံးပြုနိုင်မယ့် ကစားသမားတွေကို ခေါ်ယူတာဟာ ပိုသင့်တော်မှာပါ။

ဒန်နီလိုဟာ ထူးချွန်တဲ့လူငယ်ဆိုတာ သက်သေပြပြီးသားပါ။ ချဲလ်ဆီးနဲ့ကစားတဲ့ CWC ပွဲမှာလည်း ကြည့်လိုက်ရသူတွေရှိပါလိမ့်မယ်။ ဒါပေမယ့် အာဆင်နယ်အသင်းအတွက် လိုအပ်နေတဲ့ကွက်လပ်မှာ အတွေ့အကြုံများတဲ့ကွင်းလယ်လုပ်ဆောင်ချက်တွေဖြည့်ဖို့လိုပါတယ်။ အသင်းဟာ နုပျိုမှုရှိပြီးသားဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေထပ်ရောက်လာတာထူးခြားမှုမဟုတ်ဘူးလို့ပဲပြောရတော့မှာပါ။

Original Article Here,

Leave a Reply

%d bloggers like this: