ချန်ပီယံလိဂ်အိပ်မက်အတွက် နောက်ဆုံးတိုက်ပွဲ

ကြာသပတေး မနက်အစောပိုင်းအချိန်မှာတော့ အာဆင်နယ်ဟာ ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ ခက်ခဲတဲ့ လန်ဒန်ဒါဘီအဝေးကွင်းပွဲစဉ်တစ်ပွဲကို သွားရောက်ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ဒီပွဲစဉ်ဟာ အာတီတာတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်လာမယ်ဆို သံသယဖြစ်စရာ မရှိပါဘူး။ သုံးပွဲဆက်တိုက် အရှုံးရလဒ်နဲ့ ရင်ဆိုင်ထားရတဲ့ အာတီတာရဲ့ လူငယ်တွေဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ခြင်္သေ့ပြာတွေကို အနိုင်ယူဖို့ဆိုတာ ခက်ခဲမှာ အသေအချာပဲ ဖြစ်သလို ဒီပွဲစဉ်ကို ရှုံးနိမ့်ခဲ့ရင်လည်း ချန်ပီယံလိဂ် အိပ်မက်ကို လွှင့်ပစ်ရသလောက် ရှိနေတာကြောင့် ဂန်းနားတွေအတွက် သူတို့ရဲ့ အိပ်မက်ကို အသက်ဆက်ဖို့ဆိုရင် ဒီပွဲစဉ်ကို အနိုင်ယူဖို့ကလွဲ အခြားမရှိပါဘူး။ 

ချဲလ်ဆီးဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရယူထားခဲ့တာ တွေ့ရပါတယ်။ ဘရန့်ဖို့ဒ်နဲ့ရီးရဲလ်မက်ဒရစ်တို့ကို အိမ်ကွင်းမှာ နှစ်ပွဲဆက်ရှုံးနိမ့်ထားတဲ့ ရလဒ်ဆိုးတွေကနေ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ဆောက်သမ်တန်ကို ခြောက်ဂိုးပြတ်နဲ့ ခြေမှုန်းခဲ့ပြီးတဲ့သလ်ု ရီးရဲမက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာလည်း ဘာနေဗျူးမှာတကယ်ကို ချီးကျူးစရာကောင်းလောက်တဲ့ ခြေစွမ်းကို ပြသခဲ့ပြီး အနိုင်ယူခဲ့ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်မှာလည်း ခြေစွမ်းမာကျောတဲ့ ပဲလေ့စ်ကို ထပ်မံအနိုင်ယူထားခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းအနေနဲ့  နောက်ပိုင်းနှစ်တွေမှာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ သွားရောက်ယှဉ်ပြိုင်ရတိုင်း ရလဒ်ကောင်းတွေ ရလေ့တော့ မရှိပါဘူး။ တီယာနေး၊ ပါတေး၊ လာကာဇက်နဲ့ တိုမီယာဆုတို့လို အသင်းရဲ့ အဓိကကစားသမားတွေကို ဆုံးရှုံးထားရချိန်မှာ သောမတ်စ်တူချယ်ရဲ့ ပုံစံကောင်းရနေတဲ့ ချဲလ်ဆီးကို ရင်ဆိုင်ရတာဟာ အတော်ကို ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်မှာတော့ အသေအချာပါပဲ။ မနှစ်ကတော့ ချဲလ်ဆီးကို အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စလုံးအနိုင်ရခဲ့ပြီး လက်ရှိရာသီ ပထမအကျော့ တွေ့ဆုံမှုမှာတော့ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ချဲလ်ဆီးကို (၀-၂)ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ 

အာဆင်နယ်ဟာ နောက်လာမယ့် ပွဲစဉ်ငါးပွဲမှာ ချဲလ်ဆီး၊မန်ယူ၊၀က်စ်ဟမ်းနဲ့ စပါးတို့ကို ရင်ဆိုင်ရဖို့ ရှိနေတာပြီး တကယ်ကို ခက်ခဲတဲ့ သီတင်းပတ်တွေကို ဖြတ်သန်းရဖို့ ရှိနေပါတယ်။ သုံးပွဲဆက်တိုက်ရှုံးနိမ့်ထားခဲ့တာကြောင့် အာတီတာရဲ့ လူငယ်လေးတွေအတွက် လက်ရှိအချိန်မှာ ဖိအားတွေ၊စိတ်ဓာတ်ကျစရာတွေ အများကြီးရှိနေမှာတော့ အသေအချာပဲ။ ဒီလိုရှုံးနိမ့်မှုတွေကနေ အကောင်းဆုံးပြန်လာနိုင်ဖို့အတွက် အာဆင်နယ်အနေနဲ့ ချဲလ်ဆီးကို မဖြစ်မနေအနိုင်ယူပြီး ခက်ခဲတဲ့ သီတင်းပတ်တွေအတွက် စိတ်ဓာတ်ခွန်အားတစ်ခု အရယူရမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ပွဲစဉ်တွေဟာ ပြီးခဲ့ပြီမို့ ဒီလူငယ်တွေ စည်းစည်းလုံးလုံးနဲ့ နိုင်ပွဲနေ့ရက်တွေဆီပြန်လာဖို့ လိုအပ်နေပါပြီ။ 

အာဆင်နယ်ဟာ ဒီပွဲစဉ်ကို ရှူံးနိမ့်ခဲ့ရင်တောင် သင်္ချာနည်းအရတော့ ချန်ပီယံလိဂ်၀င်ခွင့်အတွက် မျှော်လင့်ချက် ရှိနေဆဲဆိုပေမယ့် လက်တွေ့မှာတော့ မဖြစ်နိုင်တော့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဇန်နဝါရီမှာ ကစားသမားအများအပြားကို လက်လွှတ်ခဲ့ပြီး လက်ကျန်ကစားသမားအနည်းငယ်နဲ့၊ပရီးမီးယားလိဂ်ရဲ့ အငယ်ဆုံးလူစာရင်းနဲ့ ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက် တိုက်ပွဲ၀င်တာဟာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ ကြိုတင်မျှော်လင့်ခဲ့ပြီး ဖြစ်မှာပါ။ ဒဏ်ရာရကစားသမားတွေ များပြားလာချိန်မှာ အကယ်ဒမီလူငယ်လေးတွေကိုပါ စီနီယာကစားသမားစာရင်းထဲ ထည့်သွင်းခဲ့ရပြီးနောက် အာတီတာမှာလည်း ဖိအားတွေပိုများလာခဲ့ပါပြီ။ နောက်လာမယ့်နွေမှာ မဖြစ်မနေ  အသင်းရဲ့ ကစားသမားအင်အားဖြည့်တင်းဖို့ လိုသေးတယ်ဆိုတာကို ခရွန်ကီတို့ ကောင်းကောင်းနားလည်ဖို့ လိုအပ်ပါတယ်။ အီဒူးတို့လည်း လာမယ့်နွေမှာ ဇန်နဝါရီကထက် အလုပ်ပိုလုပ်ဖို့ လိုပါလိမ့်မယ်။ 

ပရိသတ်တွေကတော့ အသင်းကိုချစ်တဲ့ စိတ်နဲ့ ဘောလုံးမှာ ဘာမဆို ဖြစ်လာနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ နိုင်ပွဲတွေကို နောက်ဆုံးအချိန်အထိ ရသလောက်မျှော်‌လင့်နေဦးမှာပါပဲ။ အာတီတာနဲ့ သူ့ရဲ့ လူငယ်လေးတွေဟာလည်း နောက်ဆုံးအချိန်အထိ သူတို့ရဲ့ အိပ်မက်အတွက် တိုက်ပွဲ၀င်ကြဦးမယ်ဆိုတာလည်း မယုံကြည်စရာ မရှိပါဘူး။ ဒီလူစုနဲ့ ဒီလောက်ထိ လုပ်ပြနိုင်ခဲ့တယ်ဆိုလည်း ကျွန်တော်တို့ လက်ခုပ်တီးဂုဏ်ပြုရမှာပါ။ အာဆင်နယ် ချန်ပီယံလိဂ်မ၀င်နိုင်ဘူးလို့ နေ့တိုင်းတွေးပါဆိုတဲ့ ဆောင်းပါးလေးကို မှတ်မိကြဦးမလားတော့ မသိပါဘူး။  

အခုလည်း ဒီလိုပဲ ထပ်ဆိုရမှာပါပဲ။ အာဆင်နယ် ချန်ပီယံလိဂ် မ၀င်နိုင်ဘူးလို့ပဲ ဆက်တွေးထားပါ။ဘောလုံးဟာ အလုံးကြီးမို့ မမျှော်လင့်ထားတာတွေ ဖြစ်လာရင်တော့လည်း ၀မ်းမြောက်၀မ်းသာ လက်ခုပ်တီးရုံပဲပေါ့ဗျာ။ အသင်းတစ်သင်းကိုအားပေးတယ်ဆိုတာ အသင်းရဲ့ဖြစ်တည်မှု ၊ သူ့ရဲ့ အနှစ်သာရတွေမှာ တူတူစီးမျောခြင်းဖြစ်ပါတယ်။

Advertisement

Leave a Reply

%d bloggers like this: