အာဆင်နယ်အသင်းဟာ အသင်းအတွက် ပွဲမကစားရသေးဘဲ ခေါ်ယူပြီးကတည်းက အငှားတွေသာ ချထားခဲ့ရတဲ့ လူငယ်ခံစစ်မှုး ဝီလီယံဆာလီဘားကို ရောင်းချပြီး အမြတ်ထုတ်လို့ရနိုင်တဲ့ အခြေအနေကို တစ်ရပ်ကိုရရှိထားတယ်လို့ ဆိုရပါမယ်။
ဆာလီဘားဟာ ၂၀၁၉ခုနှစ်မှာ နိုက်စ်အသင်းကနေ အာဆင်နယ်အသင်းထံ ပေါင်၂၇သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ခေါ်ယူပြီးကတည်းက ပြင်သစ်လိဂ်ဆီကိုသာ အငှားပြန်ချထားခြင်း ခံနေရတာပါ။ နိုက်စ်မှာတစ်နှစ်၊ လက်ရှိမာဆေးလ်မှာ တစ်နှစ်၊ အငှားနဲ သွားရောက်ကစားနေရတာဖြစ်ပေမယ့် ၂၁နှစ်သားလေးဟာ ပြင်သစ်လိဂ်မှာ အစွမ်းပြနိုင်နေသလို လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပြီးပါပြီ။
အူနိုင်းအမ်မရီလက်ထက်က ခေါ်ယူခဲ့တာဖြစ်တဲ့အဆိုပါ ခံစစ်မှုးဟာ အာတီတာစိတ်ကြိုက်ကစားသမားမဖြစ်ခဲ့ပဲ စပိန်နည်းပြက ဆာဘီဘားကို ပွဲထွက်ကစားခွင့်ရဖို့ လိုအပ်ချက်တွေ ရှိနေတယ်လို့သာ သတ်မှတ်ထားတာပါ။ အီတလီသတင်းစာ Calcio Mercato ရဲ့ အဆိုအရ ဆာလီဘားကို ရီးရဲမက်ဒရစ်နဲ့ အင်တာမီလန်တို့က ခေါ်ယူရန်စိတ်ဝင်စားနေပြီး ပြင်သစ်လက်ရွေးစင်မှာ အရွေးချယ်မခံရခင်ကတည်းက စောင့်ကြည့်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ ကစားသမားကိုယ်တိုင်ကလဲ သူ့အနာဂတ်ကို ဘာဖြစ်မလဲ သေချာမသိကြောင်း ပြောဆိုထားခဲ့ပါတယ်။
ပြင်သစ်သတင်းစာ L’Equipe ကလည်း ဆာလီဘားကိုခေါ်ယူဖို့ အခွင့်အသာဆုံးက အက်သလက်တီကိုမက်ဒရစ်ဖြစ်နေကြောင်း ထုတ်ဖော်ရေးသားခဲ့ပါသေးတယ်။ အာတီတာကတော့ ခြေစွမ်းတိုးတက်လာတဲ့ ဆာလီဘားအတွက် ဝမ်းသာကြောင်းနဲ့ သူဟာ အာဆင်နယ်ကစားသမား ဖြစ်နေသေးကြောင်းလောက်သာ အင်တာဗျူးတွေမှာ ဖြေကြားထားပါတယ်။
