ဘယ်လုပ်ဆောင်ချက်ကို အာဆင်နယ်တို့လိုအပ်နေသလဲ

စနေနေ့က ကစားခဲ့တဲ့ပွဲစဉ်မှာ ဆောက်သမ်တန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ရတာဟာ ပရိသတ်တွေအတွက်တော့ အတော်လေး စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ဒီရှုံးပွဲ‌ကြောင့် ၃ပွဲဆက်ရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ရသလို နောက်ဆုံးပရီးမီးယားလိဂ် ၅ပွဲမှာလည်း ၄ပွဲအထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ 

အာဆင်နယ်တို့ရဲ့ရှုံးနိမ့်မှုတွေအကြောင်းကို အဖြေထုတ်ဖို့ကြိုးစားကြသူတွေအများကြီးပါ။  ဒီနေရာမှာ ကစားသမားနာမည်တွေကို ရည်ညွန်းပြီး  သူမပါလို့ .. သူကတော့ အားနဲလို့စသည်ဖြင့်ဝေဖန်ကြပါတယ်။  ကျွန်တော့်အနေနဲ့ အကြံပြုလိုတာက ကစားသမားနာမည်တွေအစား   ဘယ် Function တွေလစ်ဟာနေသလဲဆိုတာကို စဥ်းစားကြဖို့ပါပဲ။ တိုက်စစ်ဗဟိုလုပ်ဆောင်ချက်ပျောက်ဆုံးနေလား ၊  ဘောလုံးဖြန့်ချီမှုလိုအပ်နေသလား ၊ ဘေးစည်းလိုင်းတလျှောက်လွန်းထိုးပေးမယ့် အင်အားမရှိတာလား စသည်ဖြင့်ပေါ့။ ဒါဆိုရင် အသင်းရဲ့ ဟန်ချက်ပျက်နေမှုကိုပိုပြီးသုံးသပ်နိုင်မှာပါ။

စပါးက ဘရိုက်တန်ကို ရှုံးနိမ့်တာကြောင့် အာဆင်နယ်အနေနဲ့ ဆောက်သမ်တန်ကို အနိုင်ရခဲ့မယ်ဆိုရင် ချန်ပီယံလိဂ်၀င်ခွင့် အိပ်မက် ပိုကောင်းစေမှာ အမှန်ပါပဲ။ဒါပေမယ့်လည်း ရှုံးပွဲတွေဆက်နေတဲ့ ဆောက်သမ်တန်ကို အာတီတာတို့လူစုက အမှတ်လှူခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့အောက် အမှတ်ပေးဇယားရဲ့ အဆင့်ခြောက်နေရာမှာ ရပ်တည်နေရပြီး အာဆင်နယ်ရြဲ ချန်ပီယံလိဂ်အိပ်မက်ဟာ မဖြစ်နိုင်ဘူးလို့ ဆိုရခါနီးပါပြီ။ 

ဆောက်သမ်တန်ဟာ နောက်ဆုံးခြောက်ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားခဲ့ပေမယ့် သူတို့ရဲ့ အတွေ့အကြုံရင့်ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ကျစ်လစ်တဲ့ ကစားဟန်တစ်ခုကို ပြသနိုင်ခဲ့ပါတယ်။‌ ဖရေဇာဖော်စတာကလည်း အထူးလက်စွမ်းပြခဲ့တာ မှန်သလို ဆာကာ၊ စမစ်ရိုးနဲ့ မာတင်နယ်လီတို့ကလည်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာ အမှန်ပါပဲ။ 

နောက်ပိုင်းပွဲစဉ်တွေမှာ အာဆင်နယ်ရဲ့ ပထမပိုင်းကစားပုံဟာ ဆိုးရွားတဲ့ပုံစံတစ်ခုမှာ ရှိနေပါတယ်။ဒါကြောင့်လည်း ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ပထမပိုင်းမပြီးခင်မှာ သွင်းဂိုးတစ်ဂိုးခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ ဆောက်သမ်တန်ဟာ သူတို့အသင်းရဲ့ဂိုးဧရိယာထဲမှာ အာဆင်နယ်ကို အခွင့်အရေးမရအောင် တားဆီးဖို့ပဲ ပြင်ဆင်လာခဲ့ပါတယ်။အာဆင်နယ်အနေနဲ့ ဂိုးဧရိယာ အပြင်ကနေလည်း သွင်းဂိုးတွေ ရယူနိုင်ခြင်းမရှိတာက ဒီလိုမျိုး ပွဲစဉ်မှာ အခက်အခဲ ဖြစ်စေခဲ့ပါတယ်။ ပုံမှန်ဆိုရင် အာဆင်နယ်တို့ဟာ Block တွေကိုဖြေထုတ်နိုင်လေ့ရှိပေမယ့် အခုနောက်ပိုင်းပွဲစဥ်တွေမှာတော့  လုပ်ဆောင်နိုင်စွမ်းတွေ ပျောက်ဆုံးနေတာကြပါပြီ။ 

ဒီပွဲစဉ်မှာ ပါတေးလို အတွေ့အကြုံများတဲ့ ကစားသမားကို ဆုံးရှုံးထားခဲ့ရတာဟာ အရှုံးရလဒ်ရဲ့ အဓိက အကြောင်းရင်းလို့ ဆိုနိုင်ပါတယ်။ ပြောရရင် သူမရှိခြင်းနဲ့အတူ သူရဲ့ ကွင်းလယ်လုပ်ဆောင်ချက်ပါ သေသွားခဲ့တာပါ။ ဒီလုပ်ဆောင်ချက်ကို အစားထိုးဖို့လူမရှိခဲ့လို့ အသင်းအနေနဲ့ ကွင်းလယ်မှာ ၊ တိုက်စစ်မှာ ဘယ်လို ကစားကွက်လမ်းကြောင်းဖော်မယ်၊ တိုက်စစ်လမ်းကြောင့်ဖွင့်မယ်ဆိုတာမျိုး မလုပ်နိုင်ခဲ့ပါဘူး။လိုကွန်ဂါဟာ အများကြီးသင်ယူဖို့ လိုနေပါသေးတယ်။

နောက်လာမယ့်ရာသီတွေမှာ အသင်းအနေနဲ့ အဓိက ပြင်ဆင်သွားရမယ့်အရာတစ်ခုကတော့ အသင်းကို တကယ်ပဲ ဦးဆောင်နိုင်မယ့် အသင်းခေါင်းဆောင်တစ်ယောက်ကို ရှာဖွေဖို့ပါပဲ။လာကာဇက်ပါခြင်း ၊မပါခြင်းဟာ အသင်းရဲ့ရလဒ်တွေကို ထိခိုက်စေမှုရှိလား၊မရှိဘူးလား ဒါမှမဟုတ် လာကာဇက်ဟာ သာမန်အသင်းခေါင်းဆောင်လား၊ ခေါင်းဆောင်ကောင်းတစ်ယောက်လားဆိုတာတွေတော့ ခုချိန်မှာ ငြင်းမနေချင်တော့ပါဘူး။ ဒါပေမယ့် နောက်လာမယ့် ရာသီမှာ လူငယ်‌တွေကို  ဦးဆောင်ဖို့  ကပ္ပတိန်ကောင်းတစ်ယောက်ကို အာဆင်နယ်လိုအပ်နေပါပြီ။

အခက်အခဲတွေကြားရောက်နေတဲ့အချိန်ဆိုရင် လမ်းပျောက်နေတဲ့ လူငယ်တွေကို ဦးဆောင်နိုင်မယ့် ဝါရင့်ကစားသမားတစ်ဦးဦးနဲ့ ကပ္ပတိန် ကောင်းတစ်ယောက်ယောက်ကတော့ တကယ်ပဲ လိုအပ်နေပါပြီ။ ဒီတော့အာဆင်နယ်ဟာ သူတို့မှာမရှိနေတဲ့ Function တွေကို ပြန်လည်ဖန်တီးဖို့ ၊ တည်ဆောက်ဖို့ကို ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပရိတ်သတ် ကျေနပ်ရုံနာမည်ကျော်တွေခေါ်ရုံနဲ့လည်းပြေလည်သွားမယ့် ကိစ္စမဟုတ်ပါဘူး။​

Original Content Here

Leave a Reply

%d bloggers like this: