နောက်လာမယ့်ရာသီမှာ ဘာလိုဂန်ကို အငှားဆက်ချသင့်သေးရဲ့လား

ပရီးမီးယားလိဂ်ကို တဖန်ပြန်လည်တန်းတက်လာဖို့ နီးစပ်နေပြီဖြစ်တဲ့ ဖူလ်ဟမ်ဟာ အာဆင်နယ် လူငယ်တိုက်စစ်မှူးဘာလိုဂန်ကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ 

ဖူလ်ဟမ်ဟာ လက်ရှိမှာ ချန်ပီယံရှစ်အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။အဆင့်နှစ်နေရာမှာ ရှိနေတဲ့ နော်တင်ဟမ်ဖောရက်စ်ကို ခြောက်မှတ်ဖြတ်ထားပြီး လက်ကျန်ပွဲစဉ်ငါးပွဲမှာ သုံးပွဲအနိုင်ရခဲ့ရင်ဖူလ်ဟမ်ဟာ  ချန်ပီယံရှစ်ရဲ့ ချန်ပီယံဖြစ်လာတော့မှာပါ။ ဒီလို ပရီးမီးယားလိဂ်ကို ပြန်ပြီးတန်းတက်လာဖို့ သေချာသလောက်ရှိနေတဲ့အချိန်မှာ အသင်းကို အင်အားဖြည့်တင်းဖို့အတွက် ဖူလ်ဟမ်ဟာ ပြင်ဆင်နေပြီး ဘာလိုဂန်ကို ပစ်မှတ်ထားနေပါတယ်။ 

ဘာလိုဂန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အာဆင်နယ်ကနေ မစ်ဒယ်ဘရော့ကို အငှားထွက်ကစား‌ခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တာကြောင့် ပုံမှန်နေရာတစ်ခု ရထားပါတယ်။သူဟာ မစ်ဒယ်ဘရော့အတွက် လိဂ်ပွဲ ၁၅ပွဲကစားထားပြီးချိန်မှာ ၃ဂိုးသွင်းပြီး ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ပွဲအတွင်း သူ့ရဲ့စွမ်းဆောင်ရည်တွေကလည်း တစ်ပွဲထက်တစ်ပွဲ ပိုပြီး တည်ငြိမ်လာခဲ့တာကို တွေ့ရပါတယ်။ 

အာဆင်နယ် တိုက်စစ်မှူးတွေဖြစ်တဲ့ လာကာဇက်နဲ့အန်ကက်တီးယားတို့ဟာ ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်းဆုံးတော့မှာ ဖြစ်ပြီ အမ်းမရိတ်ကိုစွန့်ခွာဖို့ ရှိနေပါတယ်။ အာတီတာဟာ အန်ကက်တီးယား၊လာကာဇက်တို့ မရှိတော့မယ့် တိုက်စစ်မှာ ဘာလိုဂန်ကို အသုံးပြုနိုင်ချေမရှိသေးပဲ ပရီးမီးယားလိဂ် အသင်းတစ်သင်းမှာ ဆက်ပြီး အငှားချသွားဖို့ များနေပါတယ်။ ကစားသမားအတွက် ပိုပြီး စိန်ခေါ်မှု များလာမှာဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ကစားစေတာဟာ အတွေ့အကြုံကောင်းတွေ ရရှိစေမှာ ဖြစ်ပြီး ဘာလိုဂန်ရဲ့ ခြေစွမ်းတိုးတက်လာဖို့ အထောက်အပံ့ကောင်းတစ်ခုဖြစ်လာမှာပါ။ 

အာဆင်နယ်အနေနဲ့ လာမယ့်နွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို သေချာပေါက်ခေါ်ယူသွားမှာ ဖြစ်ပြီး ဘာလိုဂန်ကို အငှားချထားမယ်ဆိုရင် နောက်ထပ် အရံတိုက်စစ်မှူးတစ်ဦးကိုပါ ခေါ်ယူရမှာ ဖြစ်ပါတယ်။ ဘာလိုဂန်ဟာ ဒီနှစ်မှာ အန်ကက်တီးယားလောက်ကို ပွဲထွက်ခွင့်မရထားတာကြောင့် သူ့ရဲ့ ခြေစွမ်းတိုးတက်လာမှုကို အကဲဖြတ်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။ 

ဘာလိုဂန်ကို နောက်ရာသီမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းမှာ အငှားချထားသင့် ဒါမှမဟုတ် အသင်းရဲ့ အရန်တိုက်စစ်မှုးအဖြစ် ထားသင့်လား ၊ ဘယ်ဆုံးဖြတ်ချက်က ပိုကောင်းမလဲဆိုတာကတော့ ဝေခွဲရခက်မှာ အသေအချာပါပဲ။

Original Content Here

Leave a Reply

%d bloggers like this: