တတိယမြောက်ရှုံးပွဲနဲ့ကြုံရချိန်မှာတော့ အာဆင်နယ်ပရိတ်သတ်တွေဟာ ပဲလေ့စ်နဲ့ ဘရိုက်တန်တို့ပွဲတွေတုန်းကလောက် စိတ်ထိခိုက်ခံစားနေရတာကိုမမြင်ရတော့ပဲ အသင်းရဲ့အနေအထားကိုဆွေးနွေးလာကြတာကို တွေ့ရပါတယ်။ အခုအချိန်ရောက်မှာသာ အာဆင်နယ်ကို ဘယ်လိုဘယ်ပုံအားပေးတယ်ဆိုတဲ့ ပရိတ်သတ်ပုံစံတွေက ကွဲပြားသွားပြီး ကိုယ့်ရပ်တည်ချက်နဲ့ကိုယ်ဖြစ်သွားကြပုံပါပဲ။
ပုံစံကောင်းတချို့ ကုန်ဆုံးသွားပြီးနောက်မှာတော့ အာဆင်နယ်အသင်းရဲ့ မူလအဆင့်အတန်းကို ပြန်မြင်လာရပါတော့တယ်။ နိုင်ပွဲတွေဆက်နေချိန်မှာ အသင်းကိုပြန်လည်လဲကျသွားစေနိုင်တဲ့အကြောင်းကို မကြာခနရေးသားခဲ့ပေမယ့် အားလုံးက ကျော်ဖြတ်နိုင်မယ်ပဲထင်ခဲ့ကြပါတယ်။ စာရေးသူလဲ အတူတူပါပဲ။ ဒါပေမယ့် Form is really temporary ပါပဲ။ ရှိကိုရှိရမယ့်အဆင့်အတန်းတစ်ခု မူလကတည်းကရှိမနေတာကသာ အာဆင်နယ်ရလဒ်ဆိုးတွေအတွက် အဓိက အကြောင်းရင်းဖြစ်ခဲ့ပါတယ်။ ပွဲနဲ့ပတ်သတ်တဲ့အကြောင်းကို ၁) ပွဲတွင်းအမှားများ ၂) ယခုလိုဖြစ်လာဖို့ အရင်းတည်ခဲ့တဲ့အကြောင်းများဆိုပြီး ၂ ပိုင်းခွဲပြီးရေးသားသွားပါ့မယ်။
ပွဲတွင်းအမှားများ
ဒါကတော့ အာတီတာနဲ့ ကစားသမားများကိုပဲ ဦးတည်ပြီးရေးသားခြင်းဖြစ်ပါတယ်။ သူ့အနေနဲ့ဘာတွေဆုံးဖြတ်ဖို့ကြိုးစားခဲ့သလဲဆိုတာကိုလက်လှမ်းမှီသလောက်သွားကြည့်ကြပါမယ်။
အာတီတာဟာ တာဗာရက်စ်ကိုပွဲထုတ် ၊ ရှာခါကို မူလနေရာပြန်ပို့ပြီး ပုံမှန် format နဲ့ပွဲထွက်လာပေမယ့် လာကာဇက်နေရာမှာ အန်ကတ်တီးယားကိုထည့် ၊ ဆာကာနဲ့မာတင်နယ်လီ တို့ကို ဘက်ပြောင်းပြီးကစားစေခဲ့ပါတယ်။ နောက်တန်းနဲ့အလယ်တန်းက performance ပြည့်သည်ဖြစ်စေ ၊ မပြည့်သည်ဖြစ်စေ ပုံစံတစ်ခုရလာချိန်မှာတောင်ပံနှစ်ဖက်ကတော့လုံးဝလုပ်ဆောင်ချက်တွေ ပျက်စီးသွားခဲ့ပါတယ်။ နားလည်ရအခက်ဆုံးကတော့ ကိုယ့်အသင်းရဲ့ ဗဟိုတိုက်စစ် Capacity ကို Traditional Cross တွေသုံးပြီးကစားလို့ရမယ်ထင်နေခဲ့တာပါပဲ။ ဒါကြောင့် ပထမပိုင်းတစ်ပိုင်းလုံးဟာ အလဟသဖြစ်ခဲ့ရပါတယ်။ မူလပုံစံလဲမဖြစ် ၊ ပုံစံသစ်မှာလဲရှိမနေတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။
ပထမပိုင်းပြီးခါနီးမှာ ဆာကာနဲ့မာတင်နယ်လီကို နေရာပြန်ပြောင်းခဲ့သလို ၊ ဒုတိယပိုင်းလူစားလဲမှုတွေပြုလုပ်အပြီးမှာတော့ အာဆင်နယ်တို့ရဲ့ တိုက်စစ်လမ်းကြောင်းပွင့်သွားခဲ့ပါတယ်။
အာတီတာရဲ့ကစားပုံမှာ Inverted Wing Function ကအလွန်အရေးကြီးပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ ပထမပိုင်းမှာသေနေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ပြန်ရှင်သန်လာပါတယ်။ ဒါပေမယ့် တောင်ပံကနေဖြစ်လာတဲ့နေရာလွတ်တွေကို အခွင့်အရေးယူမယ့် အိုဒီဂတ်ဟာ ကွင်းလယ်ထိဘောလုံးဆင်းယူနေခဲ့ရလို့ ဘာမှဆက်ဖြစ်မလာခဲ့ပါဘူး။ ဆမ်ဘီလိုကွန်ဂါဟာ ဆုံးဖြတ်ချက်တွေနှေးသလို ယုံကြည်မှုလဲပျက်နေခဲ့တာကြောင့် သူ့ဆီကို ဘောလုံးရောက်တဲ့အခါ ပျက်ရင်ပျက် ၊ မပျက်ရင် တဖက်အသင်းက အာဆင်နယ်တိုက်စစ်ကိုကာကွယ်ဖို့ နေရာယူပြီးသားတွေဖြစ်နေခဲ့တာပါ။ လိုကွန်ဂါဘောလုံးပေးဖို့ ရှာဖွေနေတိုင်းမှာ ဆောက်သမ်တန်ခံစစ် ၂ လိုင်းက အသင့်အနေအထားနဲ့စောင့်ကြည့်နေတာကို ဆက်တိုက်မြင်ခဲ့ရပါတယ်။

ဒီနေရာမှာ အယ်နီနီကို မထည့်ဘူးလားဆိုတဲ့မေးခွန်းရှိလာပါတယ်။ တကယ်လို့ အီဂျစ်သားကိုထည့်ရင်လဲ ကြီးမားတဲ့သက်ရောက်မှုရှိမယ်လို့ မထင်ပါဘူး။ အယ်နီနီကို ရှေ့မပေးပဲ ဘေးပဲပေးလို့ လှောင်ပြောင်မှုတွေရှိနေကတည်းက သူလဲ ဘယ်လိုကစားသမားမျိုးလဲဆိုတာ သိသာတယ်လို့ထင်ပါတယ်။ အခုလိုအပ်နေတာက Ball Winner ပါ။ ပျောက်ဆုံးနေတဲ့ကွင်းလယ်ကနေ ဘောလုံးဖြန့်ဝေမှုတွေကို အယ်နီနီက ယူဆောင်ပေးလာနိုင်မှာမဟုတ်ပါဘူး။
အဆုံးသတ်ရရင်တော့ အသင်းမှာ ရင်းမြစ်တွေနဲပါးနေတုန်း မှားယွင်းတဲ့ နေရာချပုံတွေကြောင့် ကစားပုံအဆင်မပြေခဲ့သလို ၊ ကစားသမားတွေကလဲ ပုံမှန်စွမ်းဆောင်ရည်အောက်ကိုရောက်နေခဲ့တာကြောင့် အာဆင်နယ်တို့ သုံးပွဲဆက် အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။ ကွင်းလယ်လုပ်ဆောင်ပုံကျဆင်းခြင်းနဲ့ တိုက်စစ်မှာနေရာချထားပုံမှားလို့ ပထမပိုင်းတပိုင်းလုံး လေလွင့်ခြင်းက အာဆင်နယ်ကို ဂိုးပေါက်ပျောက်စေခဲ့ပါတယ်။ ဒါ့အပြင် အဓိက ကစားသမားတွေလဲ အခွင့်အရေးတွေကို လွဲချော်မှုတွေများခဲ့ပါတယ်။
ဒုတိယအနေနဲ့ ဘာကြောင့်အခုလို ဆိုးရွားတဲ့ကိစ္စတွေဖြစ်လာရသလဲဆိုတာကို ဆက်သွားကြည့်ရအောင်။
အာဆင်နယ်အသင်းတာဝန်ရှိသူတွေဟာ လက်ကျန်ရာသီကို ရှိတဲ့သူနဲ့စွန့်စားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီအချက်ဟာ ပြသနာမတက်ခဲ့ရင်တော့ Excellent Decision Making လို့ ချီးကျူးမယ့်သူတွေများမှာဖြစ်ပေမယ့် တစ်စုံတစ်ရာလွဲချော်တာနဲ့ အသင်းက ကြီးကြီးမားမားထိခိုက်သွားမှာပါ။ အခုတော့ ထိခိုက်တဲ့ဖက်ကိုပဲရောက်ခဲ့ပါပြီ။
တစ်ယောက်မှနာလို့မဖြစ်ဘူးဆိုတဲ့အခြေအနေမှာ အာဆင်နယ်တို့ တစ်ယောက်မက နာခဲ့ပြီး ရှိထားပြီးသားအသင်းလိုက်စုစည်းမှုကလည်းဆက်တိုက်ဆိုသလို ကျဆင်းလာခဲ့ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ပွဲမှာ အာဆင်နယ်တာဝန်ရှိသူတွေဟာ အသင်းအရှိန်ကောင်းရနေတာကို အားကိုးပြီး အဆိုးဆုံး Top 6 လို့တွက်ဆထားပုံပါပဲ။ ဒါပေမယ့် မထင်မှတ်ပဲ အဲ့ဒီအခြေအနေထက်ဆိုးသွားရင်တော့ တာဝန်ယူတဲ့အနေနဲ့ အသင်းရဲ့ ကစားသမားခေါ်ယူရေး ပေါ်လစီကိုပြောင်းရတော့မှာဖြစ်ပါတယ်။
အာတီတာဟာ ထူးချွန်တဲ့လူငယ်နည်းပြဖြစ်ပေမယ့် အသင်းရဲ့အမှားအထွေထွေကို လိုက်လံဖာထေးပေးရလောက်တဲ့အထိတော့ စွမ်းနို်င်ဦးမှာမဟုတ်ပါဘူး။ လောလောဆယ်အခြေအနေကတော့ ကွင်းတွင်းကွင်းပြင်အမှားတွေတပြိုင်နက်ထဲဖိစီးလာပြီဖြစ်လို့ ရလဒ်ကောင်းတွေပြန်လည်ရရှိရေးကသာ အမြန်ဆုံးဖြေဆေးဖြစ်ပေမယ့် အာဆင်နယ်တို့ အလျင်အမြန် ပြန်လာဖို့ကတော့ လမ်းမမြင်သေးပါဘူး။