ဆာကာနဲ့စမစ်ရိုးတို့ကစတင်ပြီး လူငယ်တွေထွန်းတောက်လာမှုကြောင့် Hale End အကယ်ဒမီရဲ့ ရေပန်းစားမှုက ကလပ်အသင်းတွေရဲ့ လူငယ်စျေးကွက်ထဲမှာ ပြန်လည်မြင့်တက်လာပါတယ်။ အာဆင်နယ်လူငယ်တွေကို အသင်းတွေက အပြိုင်စောင့်ကြည့်နေကြပြီး အသက်၁၈နှစ်အရွယ် ကေလ်ယွန်အက်၀က်ဒ်ကိုတော့ ချဲလ်ဆီး၊ လိဒ်စ်စတဲ့ ပရီးမီးယားလိဂ်အသင်းတွေက လာမယ့်နွေမှာ ခေါ်ယူဖို့ကြိုးစားလာနိုင်ချေရှိပါတယ်။ U18 ပြိုင်ပွဲ ၁၈ပွဲမှာ ၁၈ဂိုး သွင်းယူထားတဲ့ အသက်၁၈နှစ်အရွယ် တိုက်စစ်မှူးလေးရဲ့ ခြေစွမ်းဟာ အသင်းကြီးတွေအတွက်ပါ မျက်စိကျစရာပါပဲ။
အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ခ်ျကြောင့် ပိတ်ဆို့အရေးယူမှုတွေ ရင်ဆိုင်ရနိုင်တဲ့ အတွက် ချဲလ်ဆီးအသင်းအတွက်တော့ အာဆင်နယ်လူငယ်ကို လုယူဖို့ အနည်းငယ်အခက်အခဲရှိနိုင်ပါတယ်။ တစ်ဖက်မှာတော့ လိဒ်စ် ယူနိုက်တက်က ဆောက်သမ်တန်၊ဘရိုက်တန်နဲ့ အခြားဂျာမနီအသင်းတွေနဲ့အပြိုင် ကေလ်ယွန်အက်၀က်ဒ်ကို ခေါ်ယူဖို့ အသင့်ဖြစ်နေတယ်လို့ Goal.comက ဆိုလာပါတယ်။
ပြောင်းရွှေ့ကြေးငွေအနည်းငယ်နဲ့ တစ်ပွဲတစ်ဂိုးနှုန်းဂိုးသွင်းနေတဲ့ လူငယ်ကြယ်ပွင့်တစ်ယောက်ကို ခေါ်ယူနိုင်မှာ ဖြစ်တာကြောင့် အသင်းအများအပြားက ကေလ်ယွန်အက်၀က်ဒ်ကို ခေါ်ယူဖို့ စိတ်၀င်စားနေတာ မဆန်းလှပါဘူး။
ဒီနေရာမှာ မေးခွန်းထုတ်စရာ ရှိတာက အာဆင်နယ်အသင်းတာ၀န်ရှိသူတွေရဲ့ စီမံခန့်ခွဲမှုပါပဲ။ ဒီလိုမျိုး လက်ရှိရာသီမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတဲ့ လူငယ်လေးကို ရာသီအသစ်တစ်ခု မချုပ်ဆိုနိုင်သေးတာဟာ ကလပ်အသင်းတာ၀န်ရှိသူတွေရဲ့ လိုအပ်ချက်တစ်ခုပါပဲ။ သတင်းအချို့အရတော့ ကေလ်ယွန်အက်၀က်ဒ်ကို အသင်းကြီးနဲ့အတူ လေ့ကျင့်ရေးဆင်းဖို့ ခေါ်ယူဖို့ရှိနေတယ်လို့ သိရပါတယ်။
အသင်းရဲ့ ထွန်းတောက်တဲ့ ကြယ်ပွင့် ကစားသမားတစ်ဦးကို ငွေကြေးမဖြစ်စလောက်နဲ့ ဆုံးရှုံးရမယ်ဆိုရင် အာဆင်နယ်အတွက် ငွေကြေးလည်းမရ၊ကစားသမားလည်း ဆုံးဆိုတဲ့ အဖြစ်နဲ့ ကြုံရမှာကတော့ အနည်းငယ်စိတ်ပူစရာပါပဲ။အသင်းရဲ့ တာ၀န်ရှိသူတွေအနေနဲ့ ကစားသမားကို အမြန်ဆုံး စာချုပ်သစ်ချုပ်ဆိုနိုင်မှသာ အခြားအသင်းတွေရဲ့ကမ်းလှမ်းမှုတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
Hale End အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်တဲ့ ကေလ်ယွန်အက်၀က်ဒ်ဟာ ဆာကာလက်သစ်လို့ တင်စားခေါ်ခံရသူဖြစ်ပြီး လာမယ့် နွေရာသီမှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
