သီးခြားကိစ္စဖြစ်လို့ ရှေ့သာဆက်လျှောက်ပါ

ရလဒ်တွေယိမ်းယိုင်လာချိန်မှာ  တိုက်ဆိုင်စွာပဲ  အာဆင်နယ်နဲ့ မချောမွေ့သောလမ်းခွဲခြင်းနဲ့  လမ်းခွဲခဲ့ရသူတွေက အစွမ်းတွေပြကြတဲ့အခါ အားပေးကြတဲ့သူတွေထဲမှာ  ငါတို့အမှားတွေလုပ်ခဲ့ကြပြီလားလို့ ထင်မြင်လာမိကြပါတယ်။ ဒါပေမယ့် အခြားအသင်းတွေနဲ့ ပတ်သတ်သွားကြပြီဖြစ်တဲ့  သက်ဆိုင်ရာ ပရိုဖက်ရှင်နယ်တွေရဲ့ အောင်မြင်ခြင်း ကျရှုံးခြင်းဟာ သီးသန့်ကိစ္စဖြစ်ခဲ့ပြီလို့ပဲဆိုရပါမယ်။

ပရိတ်သတ်တွေအနေနဲ့ သတိမူရမှာက အူနိုင်းအမ်မရီ၊ အူဘာမီယန်း၊ ဂွမ်ဒိုဇီ၊ အိုဇေးလ်တို့မပါတဲ့ အာဆင်နယ်က အရင်ကထက် ပိုကောင်းလာပါတယ်။ ဒါကိုသိထားပြီးရင် ရှေ့ဆက်ကြရမယ်။

အာဆင်နယ်အသင်းနည်းပြဟောင်း အူနိုင်းအမ်မရီက ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဂျာမန်ဘီလူးကြီး ဘေယန်မြူးနစ်ကို နှစ်ကျော့ပေါင်း ၂ဂိုး၊ ၁ဂိုးနဲ့ အနိုင်ကစားပြခဲ့တာကြောင့် ချန်ပီယံလိဂ်မှာ ဘေယန်ကို အမြဲလိုလို ရှုံးနိမ့်လေ့ရှိတဲ့ အာဆင်နယ်အသင်းရဲ့ ပရိတ်သတ်တွေခမျာ မချိတင်ကဲ ဖြစ်ခဲ့ကြရပါတယ်။

 ဒါ့အပြင် အာဆင်နယ်အသင်းကနေ အတင်းအကျပ်ပြောင်းရွှေ့စေခဲ့ခြင်းကို ခံခဲ့ကြရတဲ့ အူဘာမီယန်းနဲ့ ဂွမ်ဒိုဇီတို့ကလည်း သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ ခြေစွမ်းကောင်းတွေပြသလာတဲ့အခါ အာဆင်နယ်ပရိတ်သတ်တွေက အသင်းအပေါ် ဝေဖန်ပစ်တင်မှုတွေ ပြုလာကြပါတယ်။ ဘေးက ကျွမ်းကျင်သူဆိုသူတွေရဲ့မှတ်ချက်တွေကလဲ ပရိတ်သတ်တွေကို တွန်းအားဖြစ်လာစေပါတယ်။

ပရိတ်သတ်တွေကြားထဲမှာလည်း ”အမ်မရီကို လက်လွှတ်လိုက်ရလို့ အာဆင်နယ် မှားခဲ့တယ်” ဆိုတဲ့အသံတွေ ပြန်ညံလာသလို ”အူဘာမီယန်လို တိုက်စစ်မှုးမျိုး မရှိလို့ အာဆင်နယ်တိုက်စစ် ရုန်းကန်နေရတယ်” ဆိုတဲ့ ဝေဖန်မှုမျိုးတွေလည်း တသဲ့သဲ့ ထွက်လာခဲ့ပါတယ်။

တကယ်တော့ လက်တွေ့ကျတဲ့အချက်အလက်တွေနဲ့သာ နှိုင်းယှဥ်မယ်ဆို အူနိုင်း၊ အူဘာ၊ ဂွမ်ဒိုဇီ၊ အိုဇေးလ်တို့ အာဆင်နယ်မှာ ရှိတုန်းက အာဆင်နယ်အသင်းရဲ့ ရလဒ်တွေဟာ လက်ရှိအာဆင်နယ်အသင်းရဲ ရလဒ်တွေနဲ့ ယှဥ်ရင် မိုးနဲ့မြေ၊ ဆီနဲ့ရေ လို ကွာခြားနေတာပါ။

အာဆင်နယ်ကို အမ်မရီကိုင်တွယ်ခဲ့တဲ့ နောက်ဆုံး ပွဲ ၂၀ရလဒ်မှာ ၆ပွဲနိုင်၊ ၆ပွဲသရေ၊ ၈ပွဲရှုံးရလဒ် ထွက်ပေါ်ခဲ့ပြီး ရမှတ် ၂၄မှတ်သာ စုဆောင်းနိုင်ခဲ့ပါတယ်။ အာတေတာကိုင်တွယ်နေတဲ့ လက်ရှိအာဆင်နယ်အသင်းရဲ့ နောက်ဆုံး ပွဲ ၂၀ရလဒ်ကတော့ ၁၂ပွဲနိုင်၊ ၁ပွဲသရေ၊ ၇ပွဲရှုံးရလဒ်ဖြစ်ပြီး ရမှတ် ၃၇မှတ်တောင် စုဆောင်းထားတာပါ။ ဒါ့အပြင် တိုက်စစ်ရော၊ ခံစစ်မှာပါ အာတေတာရဲ့ အာဆင်နယ်က အမ်မရီရဲ့ အာဆင်နယ်ထက် စွမ်းဆောင်ရည်အပုံကြီး ပိုသာနေပါတယ်။

 ဒါကြောင့်မို့လို့ ပရိတ်သတ်တွေအနေနဲ့လည်း စိတ်ကူးထဲက အမ်မရီရဲ့ အာဆင်နယ်နဲ့အတူ ဖြစ်မလာခဲ့တဲ့ အောင်မြင်မှုတွေကို အားမလိုအားမရ ဖြစ်ပြီး အာတီတာကို ထွက်စေချင်တဲ့အတွေးဝင်နေတာတွေကို ပြန်လည်စဥ်းစားဖို့ လိုပါလိမ့်မယ်။ အာတီတာကို နှစ်သက်ခြင်း  ၊ မနှစ်သက်ခြင်းက သီးခြားကိစ္စသာဖြစ်သင့်ပါတယ်။ ပြန်လည်နှိုင်းယှဥ်နေခြင်းကတော့  မှန်ကန်တဲ့ချဥ်းကပ်မှုမဟုတ်တာ အသေအချာပါပဲ။

ဖိနပ် ဘယ်လောက်လှလှ ကိုယ်နဲ့တော်မှ စီးလို့ရမယ်လို့   ဆိုကြပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ အာဆင်နယ်ကို အလျင်အမြန် အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့လူစာရင်းနဲ့ အသင်းတစ်သင်းအဖြစ် တွေ့မြင်နေရပါတယ်။ ရလဒ်တွေဆိုးနေတဲ့ ရက်သတ္တပါတ်တွေဆို အာတီတာကို ထွက်ဖို့ ဖိအားပေးတဲ့အသံတွေကြားရမှာ ဖြစ်ပြီး ရလဒ်တွေပြန်ကောင်းသွားရင် ဒီအသံတွေ ပြန်ပျောက်သွားမှာ ပုံမှန်လိုတောင် ဖြစ်နေပါပြီ။

 ကျွန်တော်တို့ အာဆင်နယ်ပရိတ်သတ်တွေအနေနဲ့ အာတီတာကို အချိန်တစ်ခုအထိစောင့်ကြည့်ကြသင့်ပါတယ်။ ဒီတော့ မေးစရာတစ်ခုထပ်ရှိလာပြန်ပါတယ်။  အခုက မလုံလောက်သေးဘူးလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။  မေးခွန်းအတွက် အဖြေကတော့ မလုံလောက်သေးဘူးပဲဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်  အသင်းအနေနဲ့လုပ်ဆောင်စရာတွေများပြားလှသလို ၊ အရှေ့က အမှားတွေကလည်းတသီကြီးပါပဲ။ ဒါကြောင့် အာတေတာရဲ့ လုပ်ငန်းစဥ်နဲ့အတူ စီးမျောပြီး အာတီတာကို ထောက်ခံကြရပါလိမ့်မယ်လို့ ယူဆပါတယ်။

Original – Arsenal are better without Emery, Aubameyang, Guendouzi and Ozil – Time to move on! By SheWore (She Wore ဟာ အာဆင်နယ်ပရိတ်သတ်တွေစုစည်းထားတဲ့ Channel တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၂၀နီးပါးခန့် သက်တမ်းရှိနေတဲ့ Fan Group တစ်ခုလည်းဖြစ်ပါတယ်)

Advertisement

Leave a Reply

%d bloggers like this: