ဒဏ်ရာပြဿနာတွေကို ဖြေရှင်းဖို့ အာတီတာ ဆင့်ခေါ်ခဲ့တဲ့ အကယ်ဒမီလူငယ်ငါးယောက်

အာတီတာဟာ အသင်းရဲ့လူစာရင်းမှာ ဒဏ်ရာရကစားသမားတွေ များပြားနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ အကယ်ဒမီလူငယ်ကစားသမား ငါးယောက်ကို အသင်းကြီးလူစာရင်းထဲ ထည့်သွင်းဖို့ ရှိနေပါတယ်။ 

လက်ရှိအသင်းရဲ့ အဓိကကစားသမားတွေ ဖြစ်တဲ့ တိုမီယာဆု၊ပါတေးနဲ့ တီယာနေးတို့ ဒဏ်ရာရနေတာဖြစ်ပြီး တီယာနေးက ရာသီကုန်ထိ အနားရယူမှာ ဖြစ်ပါတယ်။ တိုမီယာဆုကလည်း ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့ ထင်ထားတာထက်ပိုပြီး အချိန်ယူနေခဲ့ရပါတယ်။ ပါတေးကလည်း သူ့ရဲ့ဒဏ်ရာဟောင်းက ပြန်ဒဏ်ရာရသွားခဲ့တာကြောင့် အာဆင်နယ်ရဲ့ ပွဲစဉ်အချို့ကို လွဲချော်ရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် အာတီတာဟာ ‌လာမယ့် စနေနေ့ ဆောက်သမ်တန်နဲ့  ယှဉ်ပြိုင်ရမယ့် ပွဲစဉ်အတွက် အကယ်ဒမီလူငယ်လေးတွေကို အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းသွားဖို့ ရှိနေပါတယ်။ အချို့လူငယ်လေးတွေဟာ သက်ဆိုင်ရာနိုင်ငံတွေမှာတောင် ခြေစွမ်းပြနေပြီဖြစ်လို့ သူတို့အာဆင်နယ်အတွက် စတင်ကစားမယ့်နေ့ဟာ သိပ်စိတ်ဝင်စားစရာကောင်းနေပါတယ်။ အဲ့ဒီလူငယ်တွေကတော့  –

အိုဂန်ဘို 

အသက်၁၉နှစ်အရွယ် အိုဂန်ဘိုဟာ သူ့ရဲ့ ခြေစွမ်းပြမှုတွေကြောင့် အသင်းရဲ့ U23အသင်းမှာပါ၀င်ခွင့်ရထားပါတယ်။ အိုင်ယာလန်   U16 နဲ့ U19 အသင်းတွေမှာ ရွေးချယ်ခံရဖူးတဲ့ အိုဂန်ဘိုဟာ ခရစ္စတယ်ပဲ့လေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာလည်း စီနီယာအသင်းကြီးရဲ့ အရန်လူစာရင်းမှာ စတင်ပါ၀င်ခွင့်ရခဲ့ပါတယ်။ 

ပါတီနို 

ပါတီနိုရဲ့ နာမည်ကတော့ အာဆင်နယ်ပရိသတ်တွေနဲ့ စိမ်းမှာမဟုတ်ပါဘူး။ လက်ရှိရာသီမှာ အသင်းကြီးရဲ့ လူစာရင်းမှာ နှစ်ကြိမ်ပါ၀င်ခွင့်ရခဲ့ပြီး ဆန်းဒါးလန်းကို( ၅-၁ )နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အင်္ဂလန်ယူ၁၉အသင်းမှာလည်း ပါတီနိုဟာ ပါ၀င်ခွင့်ရထားပါတယ်။သူဟာ အာဆင်နယ် အကယ်ဒမီကစားသမားတွေထဲမှာ အထွန်းတောက်ဆုံးလူငယ်ကစားသမားအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။ 

အဇီး

အဇီးဟာ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီ၀က်မှာ လိဂ်၀မ်းကလပ်ပို့စ်မောက်မှာ အငှားထွက်ကစားခဲ့ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ် ယူ၂၃အသင်းမှာ ၉ပွဲကစားပြီး ၂ဂိုးသွင်း ၁ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ခဲ့ပါတယ် ။၂၀၂၀ ဒီဇင်ဘာမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အက်ဇ်ဇီးဟာ အသင်းကြီးအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့ပါတယ်။ 

ဆိုဆာ

အင်္ဂလန် ယူ၁၅နဲ့ ယူ၁၆အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဆူဆာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ၀က်စ်ဘရွန်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ယူ၁၈ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်‌၂ပွဲမှာ  အာဆင်နယ် ယူ၁၈အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ၂ဂိုးသွင်းယူပေးခဲ့ပါတယ်။ 

ဖလောရက်စ် 

နောက်ဆုံးလူငယ်ကစားသမားကတော့ ဖလောရက်စ်ပဲ ဖြစ်ပါတယ်။ မက္ကစီကိုလက်ရွေးစင်အသင်းကြီးမှာ ပထမဆုံးပါ၀င်ခွင့်ရခဲ့တဲ့ အသက်၁၈နှသ်အရွယ်ကစားသမားဟာ play maker role မှာ ကစားသူဖြစ်ပြီး ၂၀၁၉ခုနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အစ်စ်ဝှစ်တောင်းနဲ့ပွဲစဉ်အတွက် အသင်းရဲ့လူစာရင်းမှာ ပါ၀င်ခွင့်ရခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ချဲလ်ဆီးယူ၂၃အသင်းနဲ့  ယှဉ်ပြိုင်ကစားခဲ့တဲ့ EFL Cup ဗိုလ်လုပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် သွင်းဂိုးတစ်ဂိုးရယူပေးခဲ့ကာ အာဆင်နယ် ယူ၂၃အသင်းဟာ ၄-၁ဂိုးဆိုတဲ့ ရလဒ်နဲ့ ချဲလ်ဆီးယူ၂၃ကို အနိုင်ရခဲ့ပါတယ်။  လက်ရှိရာသီမှာ အာဆင်နယ် ယူ၁၈၊ယူ၂၁စတဲ့ အသင်းတွေကနေ ယူ၂၃အသင်းကို ရောက်ရှိလာခဲ့ပြီး ၈ပွဲကစားထားပြီးချိန်မှာ ၃ဂိုးသွင်း၊၁ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။ 

ဖလော်ရက်စ်ဟာ ငယ်ရွယ်သူဖြစ်ပေမယ့်  ထက်မြက်ပြီး ရည်မှန်းချက်ကြီးတဲ့ လူငယ်ကစားသမားတစ်ဦးလို့ ဆိုရင် မမှားပါဘူး။ သူ့အသက်၁၉နှစ်မပြည့်ခင် ပရီးမီးယားလိဂ်မှာ ပထမဆုံး ပွဲထွက်ခွင့်ရချင်ပြီး လာမယ့် ကာတာကမ္ဘာ့ဖလားမှာ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ ပါ၀င်ခွင့်ရချင်ပြီး သူ့ရဲ့အိပ်မက်က ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့နဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရယူနိုင်ဖို့ ဖြစ်တယ်လို့ အင်တာဗျူးလ်တစ်ခုမှာ ဆိုဖူးပါတယ်။

အာတီတာအနေနဲ့ အဆိုပါကစားသမားလေးတွေကို   မဖြစ်မနေအသုံးပြုသွားမှာလား ၊  အဆိုးဆုံးအခြေအနေရောက်မှသာ ထုတ်သုံးမလားကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

%d bloggers like this: