ချဲလ်ဆီးနဲ့စပါးတို့ကို အာဆင်နယ် ကျော်ဖြတ်ပြနိုင်မှာလား

နှစ်ပွဲဆက်တိုက် အရှုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်အတွက် မျှော်လင့်ချက် ရှိနေဆဲလို့ ဆိုနိုင်ပါတယ်။ စပါးထက် တစ်ပွဲလျော့ကစားထားပြီး မြောက်လန်ဒန်ဒါဘီနဲ့ ထိပ်တိုက်ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် အာဆင်နယ်အတွက် အခွင့်အရေးတစ်ခုပါပဲ။  အားနဲချက်တွေအတွက် အပြစ်တင်ပြောကြားမှုနဲ့အတူ  ၊ အဆင့် ၄ အတွက် အသက်ရှိနေသေးကြောင်းကိုလည်း  ထောက်ခံမှုတွေအများကြီးပါပဲ။

လက်ကျန်ပွဲစဉ်တွေထဲမှာ အခက်ခဲဆုံးဖြစ်လာမယ့် ပြိုင်ဘက်ကတော့ ချဲလ်ဆီးအသင်းပဲ ဖြစ်ပါတယ်။ လက်ကျန်ရှစ်ပွဲမှာ ၀က်စ်ဟမ်း၊ မန်ယူ၊ စပါး၊ ချဲလ်ဆီးတို့နဲ့ ရင်ဆိုင်ရဖို့ ရှိနေပြီး မန်ယူကလွဲလို့ အခြားအသင်းတွေကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ 

လက်ကျန်ပွဲစဉ်တွေကို အနိုင်ယူပြီး ထိပ်သီးလေးသင်းအဆင့်ပြန်၀င်ဖို့ ဆိုရင် ပြီးခဲ့တဲ့ သီတင်းပတ်တွေကထက် ပိုပြီးကောင်းကောင်း ကစားနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ခရစ္စတယ်ပဲလေ့စ် ၊ဘရိုက်တန်တို့ကို ရှုံးနိမ့်ခဲ့ရာကနေ ရရှိလာခဲ့တဲ့ ဖိအားတွေကို အာတီတာတို့ ကောင်းကောင်းမကိုင်တွယ်နိုင်ဘူးဆိုရင် ချန်ပီယံလိဂ်၀င်ခွင့် ပြေးလမ်းကြောင်းမှာ အသာရနေတဲ့ ချဲလ်ဆီး၊ စပါးတို့ကို ကျော်ဖြတ်ဖို့ အခက်အခဲကြီးကြီးတွေ့ရမှာတော့ အမှန်ပါပဲ။ 

ချန်ပီယံလိဂ်၀င်ခွင့်အတွက် အဓိက အဆုံးအဖြတ်ဖြစ်လာမယ့် ပွဲစဉ်တွေဟာ အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့ဆုံနေရတဲ့ ပွဲစဉ်တွေဆိုတာ အားလုံးအသိပဲ ဖြစ်မှာပါ။ ဧပြီလထဲမှာ ချဲလ်ဆီး၊ မန်ယူတို့ကို ရင်ဆိုင်ရမှာ ဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ခ်ျဟာ အာဆင်နယ်အတွက် ကစားရအခက်ဆုံးကွင်းတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။၂၀၀၈ခုနစ်ကနေ လက်ရှိအချိန်အထိ အာဆင်နယ်ဟာ ချဲလ်ဆီးကို အဝေးကွင်းမှာ ၃ပွဲသာ အနိုင်ယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချဲလ်ဆီးကို စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အနိုင်ယူနိုင်ခဲ့တာဟာ ဂန်းနားတွေအတွက် ဆယ်စုနှစ်တစ်ခုနီးပါးမာ ပထမဆုံးအဝေးကွင်းအောင်ပွဲဖြစ်ခဲ့ပါတယ်။ 

အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်၀င်ခွင့် အိပ်မက်ကို အသက်သွင်းဖို့ဆိုရင် ၁၉၉၃/၉၄ဘောလုံးရာသီတုန်းက လုပ်ပြနိုင်ခဲ့တဲ့အတိုင်း ထပ်ပြီး စွမ်းဆောင်ပြနိုင်ဖို့ လိုအပ်နေပါတယ်။ ၉၃/၉၄ဘောလုံးရာသီမှာ အာဆင်နယ်ဟာ ဝှိုက်ဟက်လိန်းနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျတို့မှာ မြို့ခံပြိုင်ဘက်တွေကို အနိုင်ယူပြနိုင်ခဲ့ပါတယ်။ ဒီလိုချိုမြိန်တဲ့ မှတ်တမ်းကောင်းကို အာတီတာတို့လူစု လုပ်ပြနိုင်မလားဆိုတာကတော့ မဖြစ်နိုင်ဘူးလို့ မဆိုနိုင်သလို ဖြစ်နိုင်ချေကလည်း နည်းတော့ နည်းပါးလှပါတယ်။ 

ဒီမျှော်လင့်ချက်အတွက် အဓိကအကျဆုံးအချက်တွေကတော့ လက်ရှိကစားသမားတွေထဲက ဘယ်တစ်ဦးတစ်ယောက်မှ ဒဏ်ရာရ ပွဲပယ်ထိလို့မဖြစ်ပါဘူး။  ပါတေးတစ်ယောက် စောစောပြန်ကစားနိုင်ဖို့လိုပါတယ်။ အာတီတာကိုယ်တိုင်လည်း  အမှားအယွင်းတစ်ခုမှ ရှိလို့မဖြစ်တဲ့အခြေအနေမှာရှိနေပါတယ်။  အထူးသဖြင့် ကွင်းလယ်နဲ့ တိုက်စစ်ကို ဘယ်လိုနေရာချထားမလဲဆိုတဲ့အချက်ဖြစ်ပါတယ်။ လတ်တလောသတင်းများအရတော့ လူငယ်ကစားသမားတွေကိုလည်း အသင်းကြီးဆီခေါ်ယူထားပြီလို့ သိရပါတယ်။

ဒါကြောင့် ချန်ပီယံလိဂ်၀င်ခွင့် ပြေးလမ်းကြောင်းမှာ စပါးကို ကျော်ဖြတ်ဖို့ဆိုရင် ဆယ်စုနှစ်နှစ်ခုနီးပါး မလုပ်နိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကို လုပ်ပြနိုင်ဖို့ လိုအပ်နေပါတယ်။ ဒီလို လုပ်ပြနိုင်ဖို့ဆိုတာ အလွန်ကိုခက်ခဲမယ်ဆိုတာ ငြင်းစရာမရှိသလို ၊ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ရှုံးပွဲတွေဟာ ကျွန်တော်တို့ကို အတော်လေးပဲ အထိနာစေတယ်လို့ ဆိုရပါမယ်။ ရှေ့လာ့မယ့် သီတင်းပတ်တွေကတော့ ရင်တမမနဲ့ပဲ စောင့်ကြည့်ရတော့မယ်လို့ ဆိုပါရစေ။

Original Content Here

Leave a Reply

%d bloggers like this: