အာဆင်နယ်အသင်း ဘာဖြစ်နေသလဲ – ( ၁ / ၃ )

စနစ်အသားပေး Administration စီမံအုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့  ပညာရပ်အသားပေး Professionalism တို့ဟာ ဘယ်လုပ်ငန်းခွင် ၊ ဘယ်နယ်ပယ်မှာမဆိုပွတ်တိုက်မှုတွေဖြစ်တတ်ပါတယ်။ အကြောင်းရင်းကတော့  စနစ်အခြေပြုလည်ပတ်ခြင်းနဲ့  လုပ်ဆောင်မှု ၊ ပြီးမြောက်မှု အသားပေးရတဲ့သဘောသဘာဝဟာ ခြားနားနေလို့ဖြစ်ပါတယ်။ ဥပမာအားဖြင့်ပြောရရင်တော့ Corporation တွေမှာ  Management Units တွေနဲ့  Engineering ၊  Art အစရှိတဲ့ Functional/Operational Unit တွေဟာ ဘယ်တော့မှအဆင်ပြေလေ့မရှိပါဘူး။ စာဖတ်သူတို့ကိုယ်တိုင်  ကျွန်တော်ဖော်ပြခဲ့သော  နှစ်ဖက် ထဲက တစ်ဖက်ဖက်မှာရှိနေမယ်လို့ ယူဆပါတယ်။

ဒါဆိုရင်ဘယ်ဖက်ခြမ်းကပိုအရေးကြီးသလဲလို့မေးစရာရှိပါတယ်။  သဘောသဘာဝအရတော့  အပြန်အလှန်ထိမ်းကြောင်းခြင်းနဲ့သွားရတဲ့သဘောရှိပါတယ်။ ဘာကြောင့်လဲဆိုရင်  Process တွေကိုဦးစားပေးလွန်းတဲ့အခါမှာ လုပ်ငန်းကစနစ်ကျသော်လည်း လိုအပ်တာထက်ကြာလွန်းခြင်း ၊ တီထွင်ဖန်တီးမှုနဲပါးခြင်း စတာတွေဖြစ်နိုင်သလို  Functional ကိုအားပေးလွန်းရင်လည်း လတ်တလောရလဒ်ကောင်း ၊  ရုပ်ထွက်ကောင်းပြီး အခြေမခိုင်ခြင်းပြသနာကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဥပမာပြောရရင်  တီထွင်ဖန်တီးမှုကိုအသားပေးလွန်းတဲ့  Project တစ်ခုဟာ  အချိန်တွေကြာ ၊ ငွေတွေကုန် ၊ စီစဥ်ထားတာတွေနဲ့လွဲချော်တာတွေဖြစ်နိုင်ပေမယ့် အဆုံးသတ်ရလဒ်ကတော့ လှပနေပါလိမ့်မယ်။ သို့သော် နောက်ဆုံး Overall Result ကိုပြန်ကြည့်ရ​င်တော့  အားလုံးရဲ့လက်ခုပ်သံတွေကြားထဲမှာ ခွက်ခွက်လန်အောင်ရှုံးနေတဲ့  Financial Statement တစ်ခုကျန်နေပါလိမ့်မယ်။

အာဆင်နယ်အသင်းကရလဒ်တွေမကောင်းဘူး .. ဒီတော့ ပရိတ်သတ်တွေမပျော်ဘူး.. နှစ်ခြမ်းကွဲတယ်။ အာတီတာကြောင့် ၊ ကစားသမားကြောင့် ၊ နည်းပြသစ် .. စသည်ဖြင့်  အငြင်းပွားကြတယ်။  ဒီလိုကိစ္စတွေဟာ ရှုံးပွဲတွေ့ချိန်မှာပိုဖြစ်လာပါတယ်။

Gunners’ Side အယ်ဒီတာရဲ့ သုံးသပ်ချက်ကတော့  အာဆင်နယ်အသင်းရဲ့ Corporate Strategy အပေါ်ကိုအလွန်အမင်းမှီခိုခြင်းဟာ  အထက်ပါကိစ္စရဲ့ရင်းမြစ်ဖြစ်တယ်လို့ပဲ ပြောရပါမယ်။

အကြမ်းဖျင်းပြောရရင်  အာဆင်နယ်လက်ရှိသွားနေတဲ့ပုံစံက

  • Hale Ends ကို အလွန်မှီခိုပါတယ်
  • ကိုယ်ပိုင်ဟန်ရှိတဲ့ခေတ်သစ်ကိုတည်ဆောက်နေပါတယ်
  • Financial နဲ့ပတ်သတ်လို့  အလွန်ကိုမှ Unique ဖြစ်တဲ့စည်းစနစ်ရှိပါတယ် (သိကြမှာမို့မရှင်းပြတော့ပါဘူး  …ရငွေနဲ့ပြန်လည်ပတ်တဲ့စနစ်လို့ပဲအတိုချုံးပြောလိုက်ပါတယ်)
  • ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို Phase 1 ၊  Phase 2 စသည်ဖြင့်သွားနေပါတယ်။ အာတီတာပြောဖူးတဲ့စကားအရဆိုရင်  လက်ရှိ Phase 2 ကိုကျော်ဖြတ်ခဲ့ပြီးပြီလို့ ယူဆရပါတယ်။ Phase 3  မှာသူတို့ရည်မှန်းထားတာတွေရှိပါလိမ့်မယ်။ ဘာတွေလဲတော့ ကျွန်တော်တို့မသိနိုင်။
  • ဒီထက်ပိုကျယ်ပြန့်တဲ့ကိစ္စတွေရှိပါသေးတယ်။ သို့သော်  အားလုံးက Form နဲ့ Standard တစ်ခုကို သူတို့  Ideology အတိုင်းသွားနေပါတယ်။

အထက်ပါကိစ္စတွေကိုသာ အာရုံစိုက်နေတာဖြစ်လို့  သူတို့ရဲ့ Major Objective ရဲ့ ဦးစားပေးလုပ်ငန်းတွေအတိုင်းပဲသွားနေမှာဖြစ်ပါတယ်။ ​ဒီထဲမှာ ကွင်းတွင်းရလဒ်တွေ ချက်ခြင်းကောင်းရေးထက် အသင်းမှာ ပုံစံတစ်ခုဖြစ်ရေးကိုပဲ သူတို့ဦးစားပေးနေပါတယ်။ တိတိကျကျပြောရရင်သူတို့လိုချင်သောပုံစံပါပဲ။ ဇာတ်လမ်းကတော့ ဒါပါပဲ။

ဒီတော့ သူတို့ရဲ့လမ်းကြောင်းက မှန်လား ၊​ မှားလား ၊ အမှန်အမှား ရောနေလားကတော့  သက်ဆိုင်ရာအကြံပေးတွေကအလုပ်လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။

အာတီတာဟာ  မိတ်ဆွေတို့ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ  အာဆင်နယ်ဘုတ်အဖွဲ့အတွက်တော့ Perfect Fit ဖြစ်ပါတယ်။ အာတီတာ မဟုတ်ရ​င်လဲ  အာတီတာနဲ့ပုံစံတူတစ်ယောက်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အာဆင်နယ်ဟာ ဘောလုံးကို Corporate ဆန်ဆန်ချဥ်းကပ်နေတာဖြစ်ပါတယ်။ သူတို့လိုချင်တာက လူငယ်တွေနဲ့သွားနိုင်ရမယ် ၊ ကိုယ်ပိုင် အိုင်ဒီယာတစ်ခုရှိရမယ် ၊ အဆဲအဆိုခံပြီးဇွဲကောင်းရမယ်။ ဒီအချက်တွေဖြစ်ပါတယ်။  အာတီတာကို နည်းပြကောင်းလားလို့မေးရင်တော့ ကျွန်တော်က  အဖြေကို ယတိပြန်ဖြေမှာမဟုတ်ပါဘူး .. သို့သော်  Plan မရှိဘူးဆိုရင်တော့ အတိအကျငြင်းရမှာဖြစ်ပါတယ်။ သူ့မှာ Plan ရှိပါတယ်. အဲဒီ  Plan  အလုပ်ဖြစ်ခြင်းမဖြစ်ခြင်းက ဒုတိယကိစ္စဖြစ်ပါတယ်။

ပရိတ်သတ်တွေကို စိတ်ပျက်စရာဥပမာတစ်ခုပေးရရင်တော့  …

၂၀၁၇ ခုနှစ်ကထွက်ခဲ့တဲ့  Justice League ဇာတ်ကားမှာ ထုတ်ဝေသူ Warner Bros က လူကြီးမင်းတွေဟာ ဒါရိုက်တာ ဇက်စနိုက်ဒါရဲ့  အချို့သောဇာတ်ဝင်ခန်းတွေကို ဖျက်ထုတ်ခဲ့ပါတယ်။ နှစ်အနည်းငယ်အကြာ ဇာတ်ကားကို Director Cut ပြန်ထုတ်တဲ့အခါမှသာ ဖျက်ထားတဲ့အခန်းတွေကို ပရိတ်သတ်က ကြည့်ခွင့်ရခဲ့တာဖြစ်ပါတယ်။  အခုတော့ Warner လူကြီးမင်းတွေဖျက်ထုတ်ခဲ့တဲ့အခန်းတွေနဲ့ပဲ ဇာတ်ကားက Oscar ဆုကိုရရှိခဲ့ပါပြီ။  Professional ရှုထောင့်နဲ့  ယေဘူယျအမြင်ကွာခြားမှုဟာ အရှက်ရစရာဖြစ်ခဲ့တာဖြစ်ပါတယ်။

ခုချိန်ထိ အာဆင်နယ်သွားနေတဲ့လမ်းကြောင်းကို မှန်သည်  မှားသည် မသုံးသပ်လိုသေး။ သို့သော် ယခုဆောင်းပါးရဲ့ အဓိက ပြောဆိုချက်ကတော့ အာဆင်နယ် နဲ့ အာတီတာ ဘာကြောင့်ပနံသင့်နေကြသလဲဆိုတာကို ကျွန်တော့်ရဲ့ သိမှုအတိုင်းအတာအရ  ဆဝါးခြင်းသာဖြစ်ပါတယ်။

အပိုင်း ၂ မှာတော့ ပီးယားစ်မော်ဂန်တို့လို  ပရိတ်သတ်အလွှာနဲ့  လက်ရှိအာဆင်နယ်ဖြစ်နေပုံက ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်နေသလဲဆိုတာကို ဆက်လက်ရေးသားမှာဖြစ်ပါတယ်။ အမြည်းပေးရရင်တော့ လက်ရှိအာဆင်နယ်အသင်းက ဖလား ၃ လုံးရလဲ ပီးယားစ်မော်ဂန် ပျော်မှာမဟုတ်။ သူမြင်ချင်တဲ့ အာဆင်နယ်က အခြားသောပုံစံတစ်မျိုးဖြစ်ပါတယ်။

Advertisement

One thought on “အာဆင်နယ်အသင်း ဘာဖြစ်နေသလဲ – ( ၁ / ၃ )

Leave a Reply

%d bloggers like this: