အဖြေမဝေးတဲ့ အာဆင်နယ်လူစာရင်း

အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဥ်မတိုင်မီမှာ တီယာနေးရဲ့ဒါဏ်ရာ ခွဲစိတ်ကုသခဲ့ရမှုကြောင့် ဘယ်နောက်ခံလူနေရာကို နူနိုတာဗာရက်စ်နဲ့ အစားထိုးပွဲထွက်ခဲ့ရပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာတင် အမှားများခဲ့တဲ့ နူနိုကို မာတင်နယ်လီနဲ့ လဲလှယ်ပစ်ရတဲ့အထိ အခြေအနေဆိုးခဲ့သလို အဆိုပါပွဲမှာ အဓိက ကွင်းလယ်လူ သောမတ်စ်ပါတေးပါ ဒဏ်ရာ ရရှိခဲ့တာကြောင့် ထိုးနှက်ချက်တွေ ကြီးမားခဲ့ပြန်ပါတယ်။ ပဲလေ့စ်ကို ၃ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ဘရိုက်တန်ကို တီရာနေး၊ ပါတေးတို့ မပါဘဲ ထပ်မံရင်ဆိုင်ရပြန်ပါတယ်။ အဆိုပါပွဲမှာ အာဆင်နယ်အသင်းဟာ တီရာနေးရဲ့နေရာ ဂရန်းနစ်ရှာခါ၊ ပါတေးရဲ့နေရာ လိုကွန်ဂါတို့ကို အသုံးပြုခဲ့ပေမယ့် အဆိုပါနေရာတွေက အားနည်းချက်တွေကြောင့်ပဲ ၁ဂိုး၊ ၂ဂိုးဆိုတဲ့ ရလဒ်နဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။

အခုအချိန်မှာ အာဆင်နယ်အသင်းရဲ့အထက်ကို စပါးအသင်းက တစ်ပွဲပိုကစား၊ ၃မှတ်အသာနဲ့ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ ကံကောင်းတာကတော့ မန်ယူနဲ့ ဝက်စ်ဟမ်းတို့ကို အာဆင်နယ် နောက်ကောက်ချထားနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း လက်ရှိစပါးအသင်းရဲ့ ခြေစွမ်းတိုးတက်လာမှုတွေကြောင့် အာဆင်နယ်အသင်းဟာ လနဲ့ချီအနားယူရမယ့် တီယာနေးနဲ့ ပါတေးတို့ရဲ့နေရာကို အမြန်ဆုံးကုစားပြီး လက်ကျန်ပွဲတွေကို အမှားအယွင်းမရှိ ကစားရ​ပါတော့မယ်။

အာဆင်နယ်အသင်းဟာ ပဲလေ့စ်နဲ့ ပွဲမှာ နူနိုတာဗာရက်စ်ကို ဘယ်နောက်ခံမှာ ထားကစားခဲ့ပါတယ်။ ဒါပေမယ့် ခြေစွမ်းအဆင်မပြေတာကြောင့် ဘရိုက်တန်နဲ့ပွဲမှာ ကွင်းလယ်လူ ဂရာနစ်ရှာခါကို ဘယ်နောက်ခံ ထားကစားစေခဲ့ပြန်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်ဟာ ဘယ်ခံစစ်တစ်ဖက် အားနည်းချက်ကို မဖုံးဖိနိုင်ခဲ့ပြန်ပါဘူး။ အခု လာမယ့် ဆောက်သမ်တန်နဲ့ ပွဲမှာ အာတီတာ​တစ်ယောက် ဘယ်နောက်ခံအတွက် နောက်တစ်မျိုး ကြံရပါဦးမယ်။



အာတီတာအတွက် ဘယ်နောက်ခံလူ ရွေးချယ်စရာတွေက ရှိနေပါတယ်။ ညာနောက်ခံနေရာက ဆဲဒရစ် အစွမ်းပြနေမှုဟာ တိုမီယာဆု ပြန်လာရင် ဘယ်နောက်ခံအတွက် တစ်မျိုးတစ်ဖုံရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။ တိုမီယာဆုဟာ ဘယ်ခြေညာခြေ နှစ်ဖက်လုံး အသုံးပြုပြီး ကစားနိုင်တဲ့သူ ဖြစ်သလို အရင်ကလည်း အသင်းဟောင်း ဘိုလော့ညာမှာ ဘယ်နောက်ခံနေရာကနေ အစွမ်းပြခဲ့ဖူးတဲ့ အတွေ့အကြုံကောင်းတွေက ရှိနေပြန်ပါတယ်။ ဒါကြောင့် ဆာမူရိုင်းကြီးသာ ပြန်လာမယ်ဆို အာတီတာတို့ ဘယ်နောက်ခံလူအနေနဲ့ ပွဲထုတ်လာဖို့ ရှိနေပါတယ်။

တိုမီယာဆု အချိန်မီ ပြန်မလာနိုင်သေးရင်လည်း အာတီတာဟာ ဘန်ဝိုက်ကို ညာနောက်ခံထုတ်ကစားရင်း ဆဲဒရစ်ကို ဘယ်နောက်ခံ ထားကစားနိုင်ပါတယ်။ ခံစစ်အတွင်းလူနေရာမှာတော့ ဟိုးလ်ဒင်းက အရန်ခုံကနေ အသင့် ထလာပြီး အစွမ်းပြပေးပါလိမ့်မယ်။ ခံစစ်အစွန်နှစ်ဖက်ကို ကျရာဘက်မှာ အသုံးတော်ခံပေးမယ့် ဆဲဒရစ်လို ဂျိုကာမျိုးကို ပိုင်ဆိုင်ခွင့် ရထားတာဟာ အာတီတာအတွက် ဝမ်းသာစရာပါ။

အာတီတာအနေနဲ့ ခံစစ်နေရာမှာ ဂရန်းနစ်ရှာခါကို မသုံးတော့တာနဲ့တင် ပါတေးမပါတဲ့ ကွင်းလယ်အင်အားကို ဖြည့်တင်းပြီးသား ဖြစ်သွားပါမယ်။ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လိုကွန်ဂါက Single Pivot အနေနဲ့ ကွင်းလယ်ကို တစ်ယောက်တည်းဦးဆောင် ကစားခဲ့ရတာပါ။ လိုကွန်ဂါဟာ ငယ်ရွယ်ပြီး အရည်အချင်းရှိတာမှန်ပေမယ့် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးတွေထဲကဖြစ်တဲ့ ဘစ်ဆူမားတို့ တစ်သိုက်ကို ရင်ဆိုင်ဖို့ရာတော့ နုနယ်နေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဖိအားတွေများခဲ့ပြီး ကွင်းလယ်စိုးမိုးမှုအား နည်းခဲ့ရတာပါ။

လာမယ့် သူတော်စင်တို့နဲ့ ပွဲမှာတော့ အာတီတာအနေနဲ့ အပေါ်မှာ ပြောခဲ့သလိုသာ ဘယ်နောက်ခံနေရာကို ပြောင်းလဲနိုင်ခဲ့ရင် ကွင်းလယ်မှာလည်း လိုကွန်ဂါနဲ့အတူ ရှာခါကို ပွဲထုတ်နိုင်မှာဖြစ်လို့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်နဲ့ အဖြေနှစ်ခုထွက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ခံစစ်နဲ့ ကွင်းလယ် တည်ငြိမ်လာရင် တစ်သင်းလုံးလည်း ဟန်ချက်ညီသွားမှာဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ တိုက်စစ်က သွင်းဂိုးတွေ ရလာဖို့သာ ကျန်ပါလိမ့်မယ်။

စပါးအသင်းရဲ့အောက်ကို ရောက်ရှိသွားတဲ့ ဂန်းနားတွေဟာ လက်ကျန်​ပွဲ​စဥ်တွေမှာ ကာလရှည်အနားယူရမယ့် တီယာနေး၊ ပါတေးတို့ရဲ့နေရာတွေကို အကောင်းဆုံးဖာထေးပြီး ရလဒ်ကောင်း​တွေ ပြန်လည်ရယူနိုင်မလားကတော့ စောင့်ကြည့်ရပါဦးမယ်။

လက်ရှိအချိန်မှာ ဥ​ရောပဝင်ခွင့်ရရှိဖို့ ကြိုးစားနေတဲ့အသင်း ဖြစ်တာနဲ့အညီ အာဆင်နယ်အသင်းဟာ သူတို့နဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာ ထိုက်တန်ကြောင်း ပြသနိုင်ရမှာပါ။ အာတီတာရဲ့ လုပ်ငန်းစဥ်မှာ တီရာနေး၊ ပါတေးပြဿနာကို ဘယ်လိုဖြေရှင်းသွားမှာလဲ စောင့်ကြည့်ကြပါစို့။

Leave a Reply

%d bloggers like this: