ခန့်မှန်းချက်များစွာနဲ့ အာဆင်နယ်ဗဟိုတိုက်စစ်နေရာ

ပဲလေ့စ်နဲ့ ဘရိုက်တန်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ လာမယ့်စနေညကျရင် ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရပါမယ်။အာတီတာအနေနဲ့ ရှုံးပွဲဆက်နေမှုကို ရပ်တန့်ဖို့၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျက်ခြေမပြတ်ဖို့၊ အသင်းကို လမ်းကြောင်းမှန်အပေါ်ပြန်လည်ယူဆောင်ဖို့ဆိုရင် အနီးစပ်ဆုံး စိန့်တို့နဲ့ပွဲစဥ်ကို အနိုင်ယူဖို့ အရေးကြီးလာခဲ့ပါပြီ။

ရှုံးပွဲကြုံတဲ့ရက်သတ္တပတ်ဆိုရင်  နည်းစနစ်သုံးသပ်ချက်ဆောင်းပါးတွေစုပြုံပြီးထွက်လာတတ်တာ ထုံးစံလိုဖြစ်နေပါပြီ။ သို့သော်ထူးခြားချက်အနေနဲ့ ဒီတစ်ခါမှာတော့ ပေပေ ကို အထောင်တိုက်စစ်မှာထားကစားဖို့ဆိုတဲ့ တိုက်တွန်းမှုပါမလာတော့တာပါပဲ။ ပေပေနဲ့ မာတင်နယ်လီကို  ဗဟိုတိုက်စစ်မှာထားကစားဖို့ဆိုတဲ့ သုံးသပ်ချက်ဟာ  အာဆင်နယ်တိုက်စစ်အလုပ်မဖြစ်တိုင်း ၊ ဒါမှမဟုတ်ရှုံးပွဲကြုံတိုင်းမှာတွေ့နေကျဖြစ်ပါတယ်။ ဒိတစ်ကြိမ်မှာတော့  အိုင်ဗရီကို့စ်သားနဲ့ပတ်သတ်ပြီး နယူးကာဆယ်ဖက်က လောင်းကစားဆန်ဆန်စွန့်စားခေါ်ယူမှုပြုလုပ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းသတင်းတစ်ခုသာရှိနေပါတယ်။​

စိန့်တွေဟာ ပြီးခဲ့တဲ့ပွဲစဥ်မှာ ချယ်ဆီးကို အိမ်ကွင်းမှာတင် ၆ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ အဲ့ဒီပွဲစဥ်မှာ ချယ်ဆီးဟာ ကွင်းလယ်ကစားသမား ကိုင်ဟာဗတ်ဇ်က် အထောင်တိုက်စစ်မှာ ထားကစားပြီး တိုက်စစ်အစွမ်းပြသွားခဲ့တာကို အာတီတာအနေနဲ့ ဂရုပြုမိခဲ့ပါလိမ့်မယ်။ အာဆင်နယ်မှာလည်း အလားတူ ဖန်တီးနိုင်တဲ့ အနေအထား ရှိနေပြန်ပါတယ်။


အာဆင်နယ်ရဲ့ ပွဲထွက်တိုက်စစ်မှုး လာကာဇက် ဂိုးပေါက်ပျောက်နေခဲ့တာ ရက်သတ္တပါတ် အတန် ကြာနေခဲ့ပါပြီ။ အရန်ခုံက အန်ကတ်တီယာကလည်း အားကိုးလောက်စရာ မရှိတဲ့ အခြေအနေမှာ အာတီတာအနေနဲ့ တူချယ်ရဲ့ အသင်းလိုပဲ ကွင်းလယ်ကစားသမားတစ်ယောက်ကို အထောင်တိုက်စစ်မှာ ပွဲထွက်လာနိုင်ပါတယ်။ သူကတော့ စမစ်ရိုးပါပဲ။​ ဒီအချက်ကို Football London ရဲ့ဆောင်းပါးရှင်  သဘောကျနေပုံရပါတယ်။  စမစ်ရိုးကို ဂါဘီမာတင်နယ်လီ၊ ဘူကာယိုဆာကာတို့နဲ့ ခြံရံပြီးသား ပွဲထွက်လာခဲ့မယ်ဆို အာဆင်နယ်တိုက်စစ်က ချယ်ဆီးတိုက်စစ်လိုပဲ ထိန်းရခက်တဲ့ တိုက်စစ် ဖြစ်သွားနိုင်ပါလို့ ဆောင်းပါးရှင်က ယူဆနေပါတယ်။  

စမစ်ရိုးဟာ  တဖက်အသင်းနောက်ခံလူတွေကြားက နေရာလွတ်ကိုရှာဖွေနိုင်ပြီး တစ်ဦးခြင်းဖြတ်ကျော်မှုလဲကောင်းမွန်ပါတယ်။ ဒါ့အပြင်ဂိုးသွင်းခြေလဲ အလွန်မြင့်တဲ့ကစားသမားဖြစ်ပါတယ်။ အားနဲချက်အနေနဲ့ကတော့ ကြံ့ခိုင်မှုပြသနာပဲဖြစ်ပါတယ်။​

ဒါကြောင့်မို့လို့ အာတီတာအနေနဲ့ စိန့်တို့နဲ့ပွဲစဥ်မှာ ဘယ်လိုအပြောင်းအလဲတွေ လုပ်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ကြရပါဦးမယ်။ တိုက်စစ်မှုးလာကာဇက်ကတော့ ပွဲထဲမှာတောင်မရှိသင့်တဲ့သူဆိုတဲ့ ပြစ်တင်မှုမျိုးအထိရင်ဆိုင်နေရပါတယ်။ အကျိုးဆက်အနေနဲ့ စိန့်တို့နဲ့ပွဲမှာ သူ့ရဲ့ပေါက်ကွဲအားကိုလည်း မြင်ရကောင်းမြင်ရနိုင်ပါတယ်။​  အားလုံးကတော့ အခုချိန်မှာ ခန့်မှန်းသတင်းများသာရှိနေပါသေးတယ်။

Advertisement

Leave a Reply

%d bloggers like this: