ဘယ်လာရင်အတွက် ပြောင်းရွှေ့ကြေးကို ‌လျှော့ပေါ့ပေးဖို့ တောင်းဆိုလာတဲ့ ရီးရဲလ်ဘက်တစ်

ပြီးခဲ့တဲ့ နွေရာသီမှာ ဘယ်လာရင်ဟာ အမ်းမရိတ်ကို စွန့်ခွာပြီး စပိန်ကလပ် ရီးရဲလ်ဘက်တစ်ကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဘယ်လာရင်ရဲ့ နေရာမှာ အစားထိုးဖို့ အာဆင်နယ်ဟာ တိုမီယာဆုကို ခေါ်ယူခဲ့ပြီး လက်ရှိ တိုမီယာဆု ဒဏ်ရာရနေချိန်မှာလည်း စီဒရစ်က ဂျပန်သားကြီးရဲ့နေရာမှာ အစားထိုး ကစားနေနိုင်တာ တွေ့ရပါတယ်။ ဒီလိုမျိုးအသင်းအတွက်လည်း ဘယ်လာရင်ကို မလိုအပ်တော့သလို ဘယ်လာရင်ကိုယ်တိုင်ကလည်း စပိန်မြေမှာပဲ  အခြေချဖို့ ဆုံးဖြတ်ထားပြီးဖြစ်တာကြောင့် လာမယ့်နွေရာသီမှာတော့ ဘယ်လာရင်ဟာ အမ်းမရိတ်ကနေ အပြီးထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။ 

ဘယ်လာရင် အငှားသွားရောက်ကစားနေတဲ့ ရီးရဲလ်ဘက်တစ်အသင်းကလည်း စပိန်သားရဲ့ ခြေစွမ်းကို သဘောကျနှစ်သက်မှု ရှိတာကြောင့် အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ဒါပေမယ့် ကစားသမားအတွက် ပေးချေရမယ့် ငွေကြေးပမာဏကို အာဆင်နယ်အနေနဲ့ အနည်းငယ် လျှော့ပေါ့ပေးဖို့ ဆွေးနွေးလာနိုင်ချေရှိပါတယ်။ 

ဘယ်လာရင်ဟာ အမ်းမရိတ်မှာ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တာ ဖြစ်ပြီး အာဆင်နယ်ဘက်က ပြောင်းရွှေ့ကြေးယူရို ၁၈သန်းအလိုရှိနေပါတယ်။ ရီးရဲလ်ဘက်တစ်ကတော့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်တဲ့ ကစားသမားအတွက်ယူရို ၁၈သန်းပေးချေဖို့ လက်တွန့်နေပြီး အာဆင်နယ်အနေနဲ့ အသင်းမှာ အသုံးမလိုတော့တဲ့ ကစားသမားအတွက် ဈေးလျှော့ပေါ့ပေးဖို့ တောင်းဆိုလာမှာ ဖြစ်ပါတယ်။ 

အာဆင်နယ်အနေနဲ့လည်း ရီးရဲလ်ဘက်တစ် အသင်းအနေနဲ့ ဘယ်လာရင်ကို ဘယ်လောက်ထိ လိုချင်နေလဲဆိုတာပေါ်မူတည်ပြီး ရီးရဲလ်ဘက်တစ်နဲ့ ဆွေးနွေးမှု လုပ်သွားနိုင်ပါတယ်။ ရီးရဲလ်ဘက်တစ်အနေနဲ့ ဘယ်လာရင်ကို မရမက ခေါ်ယူရမယ့် အခြေအနေဆိုရင်တော့ ယူရို ၁၈သန်း အပြည့်အ၀ ပေးချေရမှာ ဖြစ်ပေမယ့် ကစားသမားက စပိန်မြေကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေရင်တော့ အာဆင်နယ်အနေနဲ့ အသုံးမလိုတဲ့ ကစားသမားကို ဈေးလျှော့ရောင်းသွားနိုင်ချေရှိပါတယ်။ 

ဘယ်လာရင်ဟာ လက်ရှိရာသီမှာ ရီးရဲလ်ဘက်တစ်အသင်းအတွက် ၂၁ပွဲ ကစားခွင့်ရထားခဲ့ပါတယ်။ ဘယ်လာရင်ဟာ ၂၀၁၁-၁၂ဘောလုံးရာသီမှာ ဘာစီလိုနာကနေ အာဆင်နယ်လူငယ်အသင်းကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး အာဆင်နယ်အသင်းကြီးမှာ ဘောလုံးရာသီ၈ရာသီကစားခဲ့ပြီး ၂၃၉ပွဲကစား၊ ၉ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

Leave a Reply

%d bloggers like this: