အာတီတာရဲ့ အမေ့လျော့ခံဂန်းနား သို့မဟုတ် အယ်လ်နီနီ 

ဘရိုက်တန်နဲ့ပွဲစဉ်မတိုင်မီ အသင်းရဲ့လူစာရင်းထွက်လာတော့ ရှာကာ၊ ပါတေးတို့ မပါတဲ့ အသင်းရဲ့ကွင်းလယ်မှာ အယ်လ်နီနီကို အသုံးမပြုခဲ့တာနဲ့ ပတ်သက်ပြီး အနည်းငယ်တော့ အံ့ဩခဲ့ရပါတယ်။ အာတီတာအနေနဲ့ အသက်၃၀အရွယ် အီဂျစ်သားကြီးအ‌ပေါ် လူငယ်ကစားသမားလေး လိုကွန်ဂါလောက်ကို ယုံကြည်မှု မရှိတာလား၊ ဒါမှမဟုတ် အခြားအကြောင်းအရင်း တစ်ခုခုရှိနေသလားဆိုတာ‌ကိုတော့ သူကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။ လာမယ့် ဆောက်သမ်တန်နဲ့ယှဉ်ရမယ့် ပွဲစဉ်မှာလည်း အယ်လ်နီနီကို ထပ်ချန်လှပ်ထားခဲ့မယ်ဆိုရင် ၊ အသင်းရဲ့ရလဒ်ကလည်း တဖန်ထပ်ပြီး ဆိုးရွားခဲ့မယ်ဆိုရင်တော့ အာတီတာကို ကျွန်တော်တို့ မေးခွန်းထုတ်ဖို့ လိုပါပြီ။ အာတီတာ ခင်ဗျား ဘာကြောင့် အယ်လ်နီနီကို မေ့လျော့ထားသလဲဆိုတာပါပဲ။ 

လက်ရှိရာသီမှာ အယ်လ်နီနီကို အာဆင်နယ်ဂျာစီနဲ့အတူ မြက်ခင်းစိမ်းတွေအပေါ်မှာ မတွေ့မြင်ရသလောက်ပါပဲ။ အရန်ခုံ‌ ပေါ်မှာပဲ မှိုတက်နေခဲ့တဲ့ အီဂျစ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ နွေရာသီကတည်းက အသင်းကနေ ထွက်ခွာဖို့ ရှိခဲ့ပေမယ့် အာတီတာကတော့ ပါတေး၊ရှာကာတို့ ရဲ့ အရန်ကစားသမားအဖြစ် ဆက်ရှိနေစေချင်ခဲ့တာကြောင့် အယ်လ်နီနီဟာ အမ်းမရိတ်မှာ သူ့ရဲ့ နောက်ဆုံးအာဆင်နယ်ကစားသမားဘ၀ကို ဆက်လက်ဖြတ်သန်းရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအခြေအနေအရ ကွင်းလယ်မှာ အခြားသုံးစရာ ကစားသမားမရှိမှပဲ အယ်လ်နီနီကို အာတီတာအနေနဲ့ သုံးတော့မှာလားလို့ ပြောရမလို့ပါပဲ။ အရံဖြစ်ခဲ့ပြီမို့ ပါတေးမကစားနိုင်ချိန်မှာတော့ အယ်နီနီဖြစ်သင့်တယ်မဟုတ်လား။

အသင်းမှာ ပွဲထွက်ခွင့် ကောင်းကောင်းမရခဲ့တဲ့အတွက် ကြံ့ခိုင်မှု မပြည့်၀ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့တော့ အယ်လ်နီနီကို အသုံးမပြုတာတော့ မဖြစ်နိုင်ပါဘူး။ အာဆင်နယ်မှာ ပွဲထွက်ခွင့်မရပေမယ့် အယ်လ်နီနီဟာ နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူ အာဖရိကဖလားပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။ဒီတော့ အယ်လ်နီနီရဲ့ အချိန်မရွေး မြက်ခင်းစိမ်းပေါ်အခြေချဖို့ ကြံ့ခိုင်မှု အပြည့်အ၀ ရှိပြီးသားပါ။ 

ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှာတော့ အာတီတာအနေနဲ့ ဘယ်ခြမ်းခံစစ်ပြဿနာနဲ့ ကွင်းလယ်ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်နေပါပြီ။ နောက်ခံလူအများအပြားရှိတဲ့အချိန်မှာ ရှားရှားပါးပါး ကွင်းလယ်ကစားသမားတစ်ဦးကို ဘယ်ခြမ်းခံစစ်ကို ဆင်းကစားခိုင်းတာဟာ အလုပ်မဖြစ်တာကို အာတီတာ တွေ့မြင်ခဲ့ရပြီးပါပြီ။ လိုကွန်ဂါကလည်း အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါ၀င်ဖို့ အတွေ့အကြုံတွေလိုနေဆဲပါပဲ။ဒီတော့ အာတီတာအနေနဲ့ ဘယ်ခြမ်းခံစစ်မှာ တာဗာရက်စ် သို့မဟုတ် ဟိုးလ်ဒင်းကို အသုံးပြုပြီး ရှာကာ၊အယ်လ်နီနီဆိုတဲ့ ကွင်းလယ်အထိုင်ကို အာတီတာအနေနဲ့ ရွေးချယ်လာမလားဆိုတာကိုတော့ စိတ်၀င်စားစရာပါပဲ။ 

အယ်လ်နီနီဟာ ဘောလုံးကို ရှေ့ကိုမပေးတတ်တဲ့သူလို ဝေဖန်ခဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါပါတယ်။ဒါပေမယ့် ရွေးချယ်စရာမရှိတဲ့ အနေအထားတစ်ခုမှာတော့ လိုကွန်ဂါထက် အယ်လ်နီနီကို ယုံကြည်လိုက်တာဟာ မမှားနိုင်ဘူးလို့တော့ ထင်မိတာပါပဲ။

Original Content Here

Advertisement

Leave a Reply

%d bloggers like this: