လောကဓံအချိုးအကွေ့တွေအကြားမှာ လက်တွေ့ဆန်ဖို့ လိုနေပြီဖြစ်တဲ့ အာတီတာတို့လူစု

လောကဓံအနိမ့်အမြင့် အချိုးအကွေ့တွေကတော့ ဘယ်တော့မှ ချိုမြိန်တယ်မရှိလှပါဘူး။ရာသီကုန်ခါနီးမှ အာဆင်နယ်အသင်းကြုံတွေ့နေရတဲ့ လောကဓံအချိုးအကွေ့ကလည်း အတော်လေးကို ပြင်းထန်တယ်ဆိုရပါမယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်အချို့မှာတော့ အရာအားလုံးဟာ အာဆင်နယ်ဘက်မှာ ရှိနေခဲ့ပါတယ်။ ပွဲကျန်သုံးပွဲရှိနေပြီး ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်ယူ၊စပါးတို့ကို အမှတ်ဖြတ်ထားနိုင်တယ်။ မန်ယူ၊၀က်စ်ဟမ်းတို့က ခဏခဏခြေချော်နေခဲ့ပြီး အာဆင်နယ်အတွက် ပြိုင်ဘက်ကောင်းက ကွန်တီတို့ လူစုပဲရှိတယ်။ ချဲလ်ဆီးရဲ့ရလဒ်တွေ ယိမ်းယိုင်စပြုလာချိန်မှာ အာဆင်နယ်ဟာ အဆင့်၃နေရာအတွက်ပါ မျှော်လင့်ချက်တွေ ရှိလာပြီလားလို့ ကျွန်တော်တို့ တွေးခဲ့ကြပါတယ်။ 

လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့ချိန်မှာ စိတ်ပူခဲ့ရပေမယ့် အက်စ်တွန်ဗီလာကို ပြန်ပြီး အနိုင်ရခဲ့ချိန်မှာ ပြန်ပြီး စိတ်သက်သာရာရခဲ့ပါတယ်။ အာဆင်နယ်အတွက် နေ၀င်ညတွေ စတင်ခဲ့တာဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အပြီးမှာ ဖြစ်ပါတယ်။ 

တီယာနေးကို ရာသီကုန်ထိ ဆုံးရှုံးရဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်လာခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တယ်။ပါတေးကိုပါ သီတင်းပတ်အချို့ လက်လွှတ်ရဖို့ ဖြစ်လာပြီး တိုမီယာဆုကလည်း ဒဏ်ရာကနေ မသက်သာသေးသလို အရန်လူစာရင်းမှာ ရှိနေတဲ့ လိုကွန်ဂါ၊တာဗာရက်စ်တို့ကလည်း ပွဲထွက်လူစာရင်းမှာ ပါ၀င်ဖို့ လုံလောက်တဲ့ ခြေစွမ်းတွေ မရှိဘူးဆိုတာ ပဲလေ့စ်၊ဘရိုက်တန်တို့ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ ထင်ရှားခဲ့ပါတယ်။ 

အသင်းခေါင်းဆောင် လာကာဇက်ဆိုရင် ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ စွမ်းဆောင်ရည်အဆင့်သတ်မှတ်ချက် ၂မှတ်သာ ရခဲ့တဲ့ အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။ ခရစ္စတယ်ပဲ‌လေ့စ်နဲ့ ပွဲစဉ်မှာတော့၊ ဘရိုက်တန်နဲ့ ပွဲစဉ်မှာပါ အသင်းရဲ့ ပထမပိုင်း ကစားပုံတွေက ဆိုးရွားခဲ့ပြီး ကွင်းထဲမှာ ရှိနေတဲ့ ကစားသမား ၁၁ယောက်လုံးရဲ့ စွမ်းဆောင်ရည်ကလည်း သာမန်အောက်မှာသာ ရှိနေခဲ့ပါတယ်။ ရှားရှားပါးပါး ချီးကျူးစရာဆိုလို့ ဘရိုက်တန်ကို ရှုံးခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ အိုဒီဂတ်ပဲ ရှိပါတယ်။ 

နောက်ဆုံး လေးပွဲမှာ သုံးပွဲ ရှုံးနိမ့်ခဲ့ပြီးချိန်မှာတော့ လက်ကျန်ပွဲစဉ်တွေကို အကုန်အနိုင်ရဖို့ လိုအပ်နေပါပြီ။ စပါး၊၀က်စ်ဟမ်း၊မန်ယူနဲ့ ချဲလ်ဆီးတို့ကို လက်ကျန်ပွဲစဉ်တွေမှာ ရင်ဆိုင်ရဖို့ ကျန်နေသေးတာကြောင့် လက်ကျန်ပွဲစဉ်အားလုံးအနိုင်ရရေးဆိုတဲ့ စိန်ခေါ်မှုဟာ လွယ်ကူမှာ မဟုတ်တာတော့ အသေအချာပါပဲ။ 

ဒါပေမယ့် အာတီတာတို့ လူစုက သူတို့ရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်နဲ့ အရှုံးပေးမှာ မဟုတ်သေးတာတော့ အသေအချာပါပဲ။မနေ့က ပွဲအပြီးအင်တာဗျူးလ်မှာ အာတီတာက ခုလိုမျိုး ပြောပြလာခဲ့ပါတယ်။ 

ကျွန်တော်တို့မှာ ယှဉ်ပြိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်။ပွဲစဉ်ကြီးတွေ ရှိနေသေးတယ်၊လက်ကျန် ရှစ်ပွဲ ရှိနေတုန်းပါပဲ။ကျွန်တော်တို့ ဒါကို လုပ်နိုင်ပါသေးတယ်။ကျွန်တော်တို့ရဲ့ နေရာကို ပြန်သိမ်းပိုက်ဖို့ လိုအပ်နေပြီး စကားနည်းနည်းပြော၊အလုပ်များများ လုပ်ရမယ့် အချိန်ရောက်လာပါပြီ” 

တနင်္လာနေ့မှာ ကျွန်တော်တို့ လုပ်ရမယ့် ပထမဆုံးအရာက ကျွန်တော်တို့မှာ အခွင့်အရေးအားလုံးရှိသေးတယ်၊ဒီနေရာကိုရောက်ဖို့ ကျွန်တော်တို့ ဘယ်လောက်ထိ ကြိုးစားခဲ့ရတယ်၊ဒီနေရာကို ဘယ်လောက်ထိ လိုချင်လဲဆိုတာနဲ့ နိုင်ပွဲတွေ ပြန်ရဖို့ အတွက် အရာအားလုံးပေးဆပ်ဖို့အတွက် ဘယ်လောက် အလိုရှိနေလဲဆိုတာကို ခေါင်းထဲမှာ စွဲနေအောင် မှတ်သားဖို့ပါပဲ” 

အာတီတာဆိုခဲ့သလိုပဲ လက်ရှိအချိန်ဟာ အပြောထက် အလုပ်နဲ့ သက်သေပြရဖို့ အချိန်ဖြစ်ပါတယ်။ချန်ပီယံလိဂ်၀င်ခွင့်အတွက် ကစားသမားတွေ ဘယ်လောက်ထိ စိတ်အားထက်သန်နေလဲ၊ဘယ်လောက်ထိ ပေးဆပ်မလဲဆိုတဲ့အပေါ်မူတည်ပြီး အသင်းရဲ့ ကံကြမ္မာကို ဆုံးဖြတ်သွားပါလိမ့်မယ်။

Original Article Here

Leave a Reply

%d bloggers like this: