BBC ရဲ့ Match of the day အစီအစဥ်မှာ တင်ဆက်နေကြတဲ့ ဂယ်ရီလိုင်နီကာနဲ့ ဒန်နီမာဖီတို့ဟာ မာတင်နယ်လီရဲ့ လူကျွံဘောနဲ့ပတ်သတ်ပြီး တူညီတဲ့အမြင်ကိုယ်စီကို ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ အဆိုပါ တင်ဆက်သူနှစ်ဦးစလုံးက ဘရာဇီးသားလေးရဲ့ ဂိုးက လူကျွံနေကြောင်းအမြင်ကို ဝေမျှခဲ့ကြပါတယ်။
“ ဒီဂိုးနဲ့ပတ်သတ်ပြီး အမြင်ရှင်းသွားအောင်လုပ်ကြတာပေါ့ဗျာ .. တကယ်ပဲ လူကျွံအနေအထားမှာရှိနေခဲ့ပါတယ်။ သူတို့အနေနဲ့ အခုထက်ပိုပြီး အချိန်ကြာကြာယူချင်လဲယူနိုင်ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ အဖြေမှန်ကိုရရှိသွားခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂိုးနဲ့ မာတင်နယ်လီကြားမှာ ဘယ်သူမှရှိမနေပါဘူး “ လို့ လိုင်နီကာက ပြောဆိုလာပါတယ်။ ဒီအချက်ကို မာဖီကလည်း ပြန်လည်ထောက်ခံခဲ့ပါတယ်။
“ အမှန်ပါပဲ .. ဘာကိစ္စနဲ့အကြာကြီးအဖြေရှာနေရလဲမသိပါဘူး။ စစချင်းတော့ ဆန်းချက်စ်အပေါ်မှာ ပစ်ဒဏ်ကျူးလွန်ခဲ့သလားဆိုတာကို သူတို့ရှာဖွေနေပုံရပါတယ်။ အဲ့ဒီနောက်မှာတော့ ထိခိုက်မှုမရှိတာကို သူတို့မြင်ခဲ့ကြပုံပါပဲ “

“ နောက်တော့ မာတင်နယ်လီပေါ့ .. သူ့အနေနဲ့ လူကျွံအနေအထားမှာရှိမနေဖို့အတွက် ကစားသမား ၂ ယောက်က သူ့အနောက်မှာရှိနေရပါမယ်။ အခုက တစ်ယောက်ဲပါ။ ဂိုးသမားဖြစ်စေ ၊ အခြားကစားသမားဖြစ်စေ တစ်ယောက်ထဲပဲဖြစ်နေတယ်။ ဒါက နည်းစနစ်သစ်အရ လူကျွံဘောပါ။ လူတွေကမေ့နေကြပုံပါပဲ။ ဒီတော့ အခုဆုံးဖြတ်ချက်က မှန်ပါတယ်။ ဒါပေမယ့် မြန်မြန်လေးတော့ချခဲ့သင့်ပါတယ် “ လို့ ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
လူကျွံဘောနည်းစနစ်သစ်အရ ယခင်တုန်းက ဘောလုံးရရှိချိန်မှာ နောက်ဆုံးလူမဖြစ်ရဘူးဆိုတဲ့အချက်အစား ၊ အနဲဆုံးကစားသမား ၂ ယောက်ရှိရမယ်ဆိုပြီးပြောင်းလဲလိုက်တာဖြစ်လို့ မာတင်နယ်လီက လူကျွံနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ယခုရာသီအစောပိုင်း ပွဲစဥ်တစ်ပွဲမှာ အူဘာမီယန်ရဲ့ ကန်ချက်ကို ဆာကာပိတ်သွင်းတုန်းကလဲ အဆိုပါဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါသေးတယ်။ သို့သော်ကွင်းလယ်ဒိုင်များအနေနဲ့စည်းမျဥ်းသစ်ကို သတိမမူခဲ့မိပဲ ဖြစ်စဥ်ကိုအစအဆုံးပြန်လည်သုံးသပ်နေခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင်ပွဲစဥ်တစ်ခုလုံးမှာလည်း ဒိုင်လူကြီးများရဲ့အရည်အသွေးအားနဲမှုကြောင့် အာဆင်နယ်အသင်းဖက်က နစ်နာမှုတွေရှိခဲ့တာကိုလည်းထောက်ပြမှုတွေရှိနေခဲ့ပါတယ်။