ဘရိုက်တန်နဲ့ပွဲမတိုင်ခင်မှာ အာဆင်နယ်နည်းပြ အာတီတာက သူ့အတွက် ငွေကြေးသာအလုံအလောက်ရှိရင် ဂိုးသမား ၃ ဦး အပါအဝင် ကစားသမား ၂၅ ဦးလောက်ရှိတဲ့ လူစာရင်းကို တည်ဆောက်ထားမှာဖြစ်တယ်လို့ပြောလာခဲ့ပါတယ်။ ထို့အတူ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ်ကိုသွားရင် အင်အားတောင့်တင်းမှဖြစ်မယ်ဆိုတာ နားလည်ကြောင်းလဲပြောဆိုလာပါတယ်။
ဒီလိုဖြေကြားမှုအပြီးမှာ အပြောင်းအရွေ့နဲ့ပတ်သတ်တဲ့ ကောလာဟာလတွေ ထွက်လာမှာလည်းအသေအချာဖြစ်ပါတယ်။ ဒါကြောင့် ယနေ့အထိ အာဆင်နယ်နဲ့သတင်းကြီးနေတဲ့ ကစားသမားများထဲမှ တိုက်စစ်မှုးတွေနဲ့ပတ်သတ်တဲ့သတင်းတွေကို ပြန်လည်ပေါင်းစပ် တင်ပြပေးလိုက်ပါတယ်။ အချို့သောကစားသမားတွေဟာ ရင်းမြစ်ခိုင်လုံခြင်းအားနဲမှုကြောင့် ယခင်ကဖော်ပြခြင်းမရှိတာကြောင့် စာဖတ်သူတွေအတွက် အသစ်တွေဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။
ဒါဝင်နူနက်စ်နဲ့ အိုဆီမန်
ဖြစ်နိုင်ခြေအများဆုံးနဲ့ ကျိုးကြောင်းဆီလျှော်မှုအရှိဆုံးကစားသမားနှစ်ဦးဖြစ်ပါတယ်။ နူးနက်စ်ကို အာဆင်နယ်ဖက်က ကမ်းလှမ်းထားတယ်ဆိုတဲ့သတင်းအချို့လဲရှိထားပြီးသားပါ။ ဒါ့အပြင် ကာယကံရှင်ဖက်ကလဲ ကိုယ်စားလှယ်အပြောင်းအလဲအပါအဝင် အသင်းပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပုံရတာကြောင့် အာဆင်နယ်ပရိတ်သတ်တွေမျှော်လင့်လို့ရတဲ့အထဲမှာထိပ်ဆုံးက ပါဝင်ပါတယ်။
သူနဲ့အတူ နောက်ထပ်မျှော်လင့်နိုင်တာကတော့ နာပိုလီရဲ့ ဗစ်တာအိုစီမန်ဖြစ်ပါတယ်။ လောလောလတ်လတ် Football London ရဲ့သတင်းမှာတောင် အာဆင်နယ်တို့ဟာ ခေါ်ယူဖို့ကြိုးစားနေကြောင်းကို အထောက်အထားအချို့နဲ့ရေးသားထားပါသေးတယ်။ ကွင်းထဲကလိုအပ်ချက်နဲ့နှိုင်းယှဥ်ကြည့်ရင်လဲပဲ လက်တွေ့ကျတာကြောင့် ချန်ပီယံလိဂ်သာဝင်ခွင့်ရပါက ဖြစ်လာနိုင်စရာရှိတဲ့ကစားသမားပဲဖြစ်ပါတယ်။
သတင်းတွေကို ကောက်ချက်ချရရင်တော့ အိုစီမန်က ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခြင်း မရရှိခြင်း နဲ့ဆက်စပ်နေပြီး နူးနက်စ်ကတော့ အာဆင်နယ်တို့ကြိုးစားဖို့ပဲလိုအပ်ပါတယ်။ ၆၇ သန်းပေးရင် ဖြစ်လာနိုင်တဲ့အပြောင်းအရွှေ့ပါပဲ။

ကိုဒီဂတ်ပို
ကစားသမားလေးဖက်ကလည်း သဲလွန်စတွေပေးထားသလို သတင်းတွေကလည်းဖော်ပြနေပါတယ်။ ဖြစ်လာနိုင်ဖွယ်ရှိပေမယ့်ကောလာဟာလ သက်သက်လဲဖြစ်နိုင်ပါတယ်။ တကယ်လို့ ခေါ်ယူလိုတယ်ဆိုရင် ၃၅ သန်းလောက်နဲ့ပြီးပြတ်သွားနိုင်ပါတယ်။ ဂတ်ပိုကိုတော့ပရိတ်သတ်တွေအနေနဲ့ အရမ်းမျှော်လင့်မထားစေချင်တာက လက်ရှိကစားသမားတွေနဲ့ ခြေစွမ်းတအားမကွာခြားတဲ့အချက်ကြောင့်ပဲဖြစ်ပါတယ်။
အာတီတာအနေနဲ့ အသင်းကို လှန်ချသလို ပြောင်းလဲစေမယ့်ကစားသမားမျိုးကို ပိုအလိုရှိနေတာ မြင်သာပါတယ်။ ဒါကြောင့် အသက်အရွယ်နဲ့ စျေးနှုန်းအရမဆိုးပေမယ့် မာတင်နယ်လီတို့ကို ခြိမ်းခြောက်မယ့်ကစားသမားမျိုးကို အာတီတာပိုလိုချင်မယ်လို့ ယူဆနိုင်ပါတယ်။
ဟာဇက်
မထင်မှတ်ပဲ နာမည်ထွက်လာတာက ချဲလ်ဆီးကစားသမားဟောင်း ဟာဇက်ပါပဲ။ အစောပိုင်းတုန်းက ကောလာဟာလလို့ ထင်ရပေမယ့် သတင်းဌာနကြီးတွေက ဆက်တိုက်ဖော်ပြလာနေတာကြောင့်ထည့်သွင်းစဥ်းစားရဖွယ်ရှိနေပါတယ်။ အရင်ကခြေစွမ်းတွေမရှိတော့ဘူးဆိုပေမယ့် သူ့ရဲ့အတွေ့အကြုံတွေက လက်ရှိလူငယ်အသင်းကို များစွာအထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ နောက်ဆုံးရသတင်းတွေအရတော့ Option to buy ပါဝင်တဲ့အငှားစာချုပ်နဲ့ခေါ်ယူလိုက ခေါ်ယူနိုင်တယ်ဆိုပြီး ဖတ်နေရပါတယ်။

အဆန်ဆီယို
သူ့အကြောင်းရေးရင် ပရိတ်သတ်တွေစိတ်မလှုပ်ရှားကြတော့ပါဘူး။ ဒါပေမယ့်ဖြစ်နိုင်ခြေရှိတဲ့ကစားသမားဖြစ်ပါတယ်။ ရီးရဲမှာဆိုရင် ဒုတိယတန်းစားဖြစ်နေဖို့ပဲရှိတဲ့သူ့အခြေအနေကိုသူအားမရတာကလဲအမှန်ဖြစ်ပါတယ်။ ဒီတော့ သင့်တော်တဲ့စျေးနှုန်းတစ်ခုနဲ့အတူ အသင်းသစ်တစ်သင်းဆီရောက်လာနိုင်ပါတယ်။ အာဆင်နယ်လဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဒီဘားလား
အာဆင်နယ်ကိုရောက်နိုင်တယ်ဆိုတဲ့ ရေးသားမှုတွေအလွန်များပေမယ့် ဖြစ်နိုင်ခြေနဲပါတယ်။ စီးရီးအေမှာပဲနေရင်နေ .. မနေရင်လဲ တော့တင်ဟမ်ဆီသာရောက်ဖို့များနေပါတယ်။ အသက်အရွယ်အရရော .. ကွန်တီရဲ့ စီးရီးအေနဲ့ ပရီးမီးယားလိဂ်အထာကို ကူးပြောင်းပေးနိုင်စွမ်းကြောင့်ရော ဒီဘားလားသာ အဂ်လန်ကိုလာဖြစ်ခဲ့ရင်တောင် သူ့အနေနဲ့ စပါးကိုသာရွေးချယ် ဖြစ်ဖို့များပါတယ်။

လော်တာရိုမာတီနက်စ်
လက်ရှိအင်တာမီလန်နဲ့အစစအရာရာအဆင်ပြေနေပေမယ့် ငွေကြေးကဘာမဆိုဖြစ်နိုင်တာကြောင့် အင်တာမီလန်တို့ရဲ့ဆုံးဖြတ်ချက်ကသာ အခရာဖြစ်ပါတယ်။ ဒီဘားလားကို အလွတ်နဲ့ရနိုင်တယ်ဆိုတဲ့ အခင်းအကျင်းဟာ တဖက်မှာစျေးကွက်ကြိုက်ကစားသမားတစ်ယောက်ဖြစ်တဲ့ မာတီနက်စ်ကို သန်း ၈၀ ဝန်းကျင်နဲ့ရောင်းထုတ်ဖို့အတွက် အင်တာတို့ထည့်မစဥ်းစားစရာမရှိပါဘူး။ တကယ်လို့ လော်တာရိုမာတီနက်စ် သာ အသင်းပြောင်းမယ်ဆိုရင်တော့ အာဆင်နယ်တို့ ပြိုင်ဖက်များစွာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အလက်ဇန်းဒါး မီထရိုဗစ်
အာတီတာက တိုက်စစ်မှုး ၂ ယောက်ခေါ်မယ်လို့ အခိုင်အမာဖော်ပြပြီးတဲ့နောက် Football London ဟာ တိုက်စစ်မှုးအတော်များများကို အကြံပြုရေးသားလာပါတယ်။ ဒီအထဲမှာ ဖူလ်ဟမ်ရဲ့ မီထရိုဗစ်လဲပါဝင်ပါတယ်။ အဆိုပါ အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာပဲ ဖူဟမ်အတွက် ၃၈ ဂိုးသွင်းပြီး ၇ ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။ အာတီတာအနေနဲ့ ခေါ်ယူနိုင်ခြေအလွန်နဲတဲ့ အခင်းအကျင်းမျိုးဖြစ်ပါတယ်။ တကယ်လို့ ဖြစ်လာခဲ့ရင်တော့လည်း အဂ်လန်အကြောင်းနားလည်နေတဲ့တိုက်စစ်မှုးတစ်ဦးရောက်လာတယ်လို့သာ သတ်မှတ်ရမှာဖြစ်ပါတယ်။ သို့သော် အလွန်တရာဖြစ်နိုင်ခြေနဲပါးပါတယ်။
အခြားတိုက်စစ်မှုးများ
အီဆက်ခ် ၊ ဒေးဗစ်တို့အပြင် အဲ့ဗာတန်ဖက်က ကစားသမားတွေနဲ့လည်း နေ့စဥ်နီးပါးသတင်းထွက်နေပေမယ့် အင်အားကောင်းတဲ့ အကြောင်းပြချက်ကိုတော့ရှာမတွေ့သေးပါဘူး။ ဒါ့အပြင် ဝက်စ်ကင်နဲ့လဲ မနေ့တုန်းကသတင်းပြန်တက်လာခဲ့ပေမယ့် ထူးထူးခြားခြားခိုင်လုံမှုမတွေ့သေးပါဘူး။ အဲဗာတန်အသင်းရဲ့အနေအထားကြောင်းရစ်ချာလီဆန်နဲ့ လည်း ပူးတွဲရေးသားနေကြဦးမှာပါပဲ။ ကဲဗက်လီဝင်နဲ့ကတော့ မဖြစ်နိုင်တော့ဘူးလို့ဆိုကြပြန်ပါတယ်။
ကြားထဲမှာ လူငယ်ကစားသမားတွေ ၊ ဘွန်ဒက်စ်လီဂါနဲ့စီးရီးအေဖက်က ခြေစွမ်းပြသူတွေနဲ့လည်း ရေးသားတာမျိုးတွေရှိထားပေမယ့် ယခုဖော်ပြထားခဲ့တဲ့ကစားသမားတွေလောက်တောင် အလားအလာမရှိသေးတာကြောင့် ဒီဆောင်းပါးမှာတော့ ဒီလောက်နဲ့ပဲရပ်နားလိုက်ပါတယ်။ ကွင်းလယ်နဲ့နောက်တန်းကစားသမားတွေကိုတော့ ဆက်လက်ကောက်နှုတ်တင်ပြပေးသွားပါဦးမယ်။