နှစ်သက်စရာအပြည့်နဲ့ရှုံးပွဲ (vs Brighton)

ပွဲရှုံးတဲ့အခါ ပရိတ်သတ်အချို့က တိတ်ဆိတ်သွားပြီး ၊ အချို့ကတော့ စိတ်အလိုမကျစွာရေရွတ်တတ်ကြပါတယ်။ အားပေးတဲ့အသင်းအောင်ပွဲမရဘူးဆိုတာ စိတ်ပျက်စရာဖြစ်ပေမယ့်  အကြောင်းရင်းခံတွေကို မြင်အောင်ကြည့်ရှုခြင်းဟာလည်း ဘောလုံးပွဲတွေနဲ့ပတ်သတ်နေရင် ဖြတ်သန်းကို ဖြတ်သန်းရမယ့် အခြေအနေဖြစ်ပါတယ်။ ဒီတော့ အခုရှုံးပွဲကနေ အာဆင်နယ်အသင်းအတွက် အားတက်စရာဖြစ်ခဲ့တဲ့ကိစ္စတွေကိုပါ ထုတ်နှုတ်ကြည့်ရမှာဖြစ်ပါတယ်။

ပထမဆုံးပြောရမှာက လူစာရင်း နဲ့ လူထုတ်ပုံဖြစ်ပါတယ်။

အာတီတာဟာ ရှာခါကို တီယာနေရဲ့နေရာနဲ့ ကွင်းလယ်အဖျက်ကို အလျဥ်းသင့်သလိုဆော့ကစားသွားစေပြီး ၊ ဘောလုံးဖြန့်ဝေခြင်းကိုတော့  ဆမ်ဘီလိုကွန်ဂါကို အပြည့်အဝပုံအပ်ခဲ့ပါတယ်။ ဒါဟာ ရွေးချယ်စရာမရှိလို့ လုပ်ခဲ့တာလား ၊ တမင်လုပ်ခဲ့တာလားက သူပဲသိမှာဖြစ်ပေမယ့်  အနှစ်ချုပ်ကတော့ လက်တွေ့မှာ အလုပ်မဖြစ်ဘူးဆိုတာပါပဲ။ ဒီအချက်ကလွဲရင် အာဆင်နယ်တို့ဟာ သူတို့ရှိတဲ့အားနဲ့သူတို့ အကောင်းဆုံးလုပ်သွားခဲ့တာဖြစ်ပါတယ်။ ကံဆိုးခဲ့တာကတော့ တဖက်အသင်းက ဦးတည်ချက်မပါပဲ အာဆင်နယ်ကို ကစားကွက်ဖျက်ပြီး ဖြစ်လာတဲ့အခြေအနေအပေါ်ကို အလျှင်အမြန်အခွင့်အရေးယူပြီးကစားတဲ့ပုံဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာ အလိုအပ်ဆုံးက Distribution Rate ကောင်းတဲ့ Ball Winner ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်တို့ကံမကောင်းခဲ့ပါဘူး။  လိုကွန်ဂါဟာ ပါတေးလိုမစွမ်းနိုင်ခဲ့ပါဘူး။

ဒုတိယအချက်ကတော့  အဖြေသိပြီး အဖြေမရှိတဲ့ကိစ္စဖြစ်ပါတယ်။

ဘရိုက်တန်ရဲ့ ကစားပုံဟာ ဘောလုံးကိုင်ပြီး  Passing Lane တွေရှာဖွေနိုင်တဲ့ကွင်းလယ်တစ်ယောက်သာပါရင် အနိုင်ယူလို့ရတဲ့အသင်းဖြစ်ပါတယ်။ ဒီအတွက် အဖြေကိုသိတာကြောင့်  ဒီ Function ကို လိုကွန်ဂါကို လုပ်ဆောင်ဖို့ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားအနေနဲ့ Qualify မဖြစ်တာရော ၊ သူ့ရဲ့ မူလပုံစံကို မဟုတ်နေတာကြောင့် လုပ်ဆောင်ချက်တစ်ခု လစ်ဟင်းနေခဲ့ပြီး အသင်းရဲ့ Midfield Balance က ပုံပျက်နေခဲ့ပါတယ်။ အကျိုးဆက်ကတော့ အာဆင်နယ်တိုက်စစ်သေသွားခဲ့တာပါပဲ။ ဘယ်စွန်ကနေ လူပေးရင်း ညာဖက်ရောက် ၊ ညာဖက်ကနေ လူပေးရင်းဘယ်ဖက်ပြန်ရောက်နေတာဟာ အလယ်ကြောမှာ Passing Option ကိုမရှာနိုင်တဲ့ကွင်းလယ်ကြောင့်ဖြစ်ပါတယ်။

အာတီတာဟာ လိုကွန်ဂါကို ပိုပြီးရဲရဲတင်းတင်းကစားဖို့ ညွန်ကြားခဲ့ပုံရပြီး ၊ ဒုတိယပိုင်းမှာ လိုကွန်ဂါပိုပြီးထိုးဖောက်လာခဲ့ပါတယ်။ တကယ်လည်းသက်ရောက်မှုရှိခဲ့ပါတယ်။ လုံလောက်အောင်မကောင်းခဲ့တာက သီးခြားကိစ္စဖြစ်ပါတယ်။  အာဆင်နယ်တို့ အဖြေကိုသိခဲ့ပါတယ်။ ဒါပေမယ့် ဖြေရှင်းဖို့အတွက်လုံလောက်တဲ့ စွမ်းအားမရှိတာသာဖြစ်ပါတယ်။ ဒါ့အပြင် ဘန်ဝှိုက်ရဲ့နေရာယူပုံတွေကလည်း လိုအပ်ချက်များစွာရှိခဲ့ပါတယ်။ ဒီအချက်ကို ပထမဂိုးမှာသိသာပါတယ်။

နောက်တစ်ချက်က ကျွန်တော့်ဆောင်းပါးရေးတဲ့သက်တမ်းတလျှောက် ဒိုင်လူကြီးတွေအကြောင်းရေးလေ့မရှိပေမယ့် ဒီနေ့ပွဲမှာတော့  ပွဲကိုထိမ်းချင်တာလား ၊ လွတ်ပေးချင်တာလားမသိတဲ့ ကွင်းလယ်ဒိုင်ရဲ့ Performance ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များဆီက ဂျာမန်ဒိုင်လူကြီး မားကပ်စ်မတ်စ် ကိုသတိရမိပါတယ်။ သူသာရှိခဲ့ရင် ဘရိုက်တန်တို့  တွန့်ဆုတ်နေမှာဖြစ်ပါတယ်။ မားကပ်စ်ဟာ မလိုအပ်ပဲ  ဝီစီမှုတ်လေ့မရှိပဲ ပွဲရဲ့ Tempo ကိုသာ ဦးစားပေးသူဖြစ်ပါတယ်။  မလိုအပ်တဲ့ ဝီစီအချို့ကိုသာ ထိမ်းသိမ်းခဲ့ရင်  ဘရိုက်တန်တို့ လူချဖို့ထက် ဘောလုံးကို ပိုအာရုံစိုက်မှာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အာဆင်နယ်တို့ရဲ့ တိုက်စစ်တိုင်းဟာ မလိုအပ်ပဲ အရှိန်တန့်ရပါတယ်။ နောက်ပြီး ပြစ်ဒဏ်ဆုံးဖြတ်ချက်တွေကလည်း   Out of clue လို့ပြောနိုင်ပါတယ်။

ဒီရှုံးပွဲကနေ ဘာကိုအားရသလဲဆိုရင် 

  •  အာဆင်နယ်လူငယ်လေးတွေဟာ ညစ်ကျယ်ကျယ်အသင်းတွေကိုရင်ဆိုင်ပြီး ဒူးထောက်ရတဲ့ ခံစားချက်ကို ပဲလေ့စ်နဲ့ပွဲအပြီး အခုပွဲမှာပါ ဆက်တိုက်ရရှိနေခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရေရှည်အတွက် တန်ဖိုးရှိပါတယ်။
  • နောက်ပြီး အာတီတာအနေနဲ့လည်း  အခုထက်ပိုပြီး Playing Option တွေပြင်ဆင်ထားရမယ်ဆိုတာကို နားလည်မယ်ထင်ရပါတယ်။ ဒီနေ့ပွဲမှာ ပေပေကိုထည့်တာနောက်ကျသလို  မာတင်နယ်လီကိုလည်း မထုတ်သင့်ဘူးလို့ထင်ပါတယ်။

အရှုံးကနေသင်ခန်းစာယူတာမျိုးမဟုတ်ပဲ အမှတ်ဆုံးနိုင်တဲ့ပွဲ ၊ ကိုယ့်အတွက်ခက်ခဲတဲ့အခင်းအကျင်းမှာကျရှုံးတာဖြစ်လို့ အထွေအထူးပြသနာအသစ်တော့မဟုတ်ပါဘူး။  အဆင့် ၄ နေရာအတွက် မျှော်လင့်ချက်ပိုဝေးသွားတယ်ဆိုပေမယ့်လည်း ဒါဟာ ပရီးမီးယားလိဂ်ဖြစ်တယ်ဆိုတာသတိချပ်ရပါလိမ့်မယ်။  ပရိတ်သတ်တွေအတွက်ကတော့ တိတ်ဆိတ်တဲ့ရက်သတ္တပတ်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်  ဘယ်အသင်းပရိတ်သတ်မဆို အခုလိုခံစားချက်နဲ့အတွေ့အကြုံကတော့ ရှိနေမှာပဲဆိုတာကို သတိရထားရင်းပဲ နောက်တစ်ပတ်ပွဲကိုစောင့်လိုက်ကြတာကောင်းပါတယ်။ 

သေချာတာကတော့ အာဆင်နယ်တို့ ဒီရာသီ တန်းမဆင်းရတော့ပါဘူး။

Advertisement

Leave a Reply

%d bloggers like this: