ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှုး ရိုဒရီဂိုဟာ အဂ်လန်ကလပ်အသင်းအာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကိုရရှိနေတယ်လို့သိရပါတယ်။ စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ အဆိုပါ အသက် ၂၁ နှစ်အရွယ် ဘရာဇီးသားဟာ ရီးရဲအသင်းရဲ့ ဘာပေနဲ့ ဟာလန်းတို့အပေါ်စိတ်ဝင်စားနေမှုကြောင့် ဘာနေဗျူးကို စွန့်ခွာရဖွယ်ရှိတဲ့ ကစားသမားတွေအထဲမှာပါနေပါတယ်။
ဆောင်းပါးရဲ့ရေးသားချက်အရ အာဆင်နယ် ၊ နယူးကာဆယ်နဲ့ လီဗာပူးအသင်းတွေဟာ ဘရာဇီးသားကိုခေါ်ယူဖို့ ကြံစည်နေကြတာ ဖြစ်ကြောင်းသိရပါတယ်။ လက်ရှိ အန်ဆယ်လော့တီရဲ့အသင်းမှာလည်း အရံကစားသမားအဖြစ်သာပွဲထွက်နေရသူဖြစ်ပါတယ်။ ဘရာဇီးသားဟာ ဒီရာသီမှာ ၂၄ ပွဲကစားထားပေမယ့် ၁၀ပွဲကသာ ပွဲထွက်ကစားသမားဖြစ်ထားခဲ့ပါတယ်။ ဒါ့အပြင် ဂိုးသွင်းယူနိုင်ခြင်းလဲမရှိသေးပါဘူး။

၂၀၂၅ ခုနှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့ ရိုဒရီဂိုဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ရီးရဲအသင်းဆီကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ခေါ်ယူစဥ်ကတန်ကြေး ၄၅ သန်းရဲ့ တဝက်လောက်ရရင်ပဲပြန်ရောင်းထုတ်မှာဖြစ်ပါတယ်။ နီကိုးလပ်စ်ပေပေထွက်ခွာဖို့ရှိနေတဲ့ အာတီတာရဲ့လူငယ်အသင်းထဲမှာ ရိုဒရီဂိုကိုလည်း လျာထားကြောင်း ခန့်မှန်းရေးသားနေကြတာလဲဖြစ်ပါတယ်။
ဆန်းတို့စ်နဲ့အတူ စတင်တောက်ပလာခဲ့တဲ့ ဘရာဇီးသားလေးဟာ သူ့ရဲ့သက်တမ်းတလျှောက် ဂိုးပေါင်း ၃၀ သွင်းယူထားခဲ့ပြီး မက်ဒရစ်တို့အတွက်ကတော့ ၁၃ ဂိုးသာသွင်းယူထားနိုင်သလို ၂ ဂိုးကလည်း လူငယ်အဆင့်မှာဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကတည်းက ဖူဆယ်ကစားရင်း ဘောလုံးလောကထဲကိုဝင်ရောက်ထားနိုင်ပေမယ့် မက်ဒရစ်မှာနေရာရဖို့ခက်ခဲနေတာကြောင့် အသင်းပြောင်းကစားရင်လည်းမှားတဲ့ဆုံးဖြတ်ချက်လို့တော့ ပြောလို့မရပါဘူး။
Original Content Here,