မန်ချက်စတာယူနိုက်တက် ဂန္တ၀င်ကစားသမားဟောင်းနဲ့ ဒါဘီကောင်တီမန်နေဂျာဖြစ်သူ ဝိန်းရွန်းနီက အာဆင်နယ်ကစားသမား စမစ်ရိုးကို တကယ်သဘောကျတဲ့ အကြောင်းနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ၀န်ခံခဲ့ပါတယ်။ ရွန်းနီက စမစ်ရိုးကို အငှားခေါ်ယူဖို့ ကြိုးစားခဲ့သလို အက်စ်တွန်ဗီလာကလည်း အင်္ဂလန်လက်ရွေးစင်ကစားသမားလေးကို အာဆင်နယ်ဆီကနေ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
စမစ်ရိုးကို ခေါ်ယူဖို့ ကြိုးစားမှုဟာ မအောင်မြင်ခဲ့ပေမယ့် ရွန်းနီက သူ့အနေနဲ့ အာဆင်နယ်ကစားသမားလေးကို ဘယ်လောက်ထိ သဘောကျလဲဆိုတာ ဖွင့်ဟလာခဲ့ပါတယ်။
“ အမှန်ပါပဲဗျာ … ကျွန်တော်က သူ့(စမစ်ရိုး)ရဲ့ ပရိသတ်တစ်ယောက်ပါ။ သူက အရမ်းအံ့သြစရာကောင်းတဲ့ အရည်အချင်းတွေနဲ့ လူငယ်ကစားသမား တစ်ယောက်ဖြစ်ပါတယ် “ လို့ Sky Sportsနဲ့ တွေ့ဆုံမှုမှာ အသက်၃၆နှစ်အရွယ် မန်ယူဂန္တ၀င်ကြီးက ဆိုလာခဲ့ပါတယ်။

“ဒါဘီကို မန်နေဂျာအနေနဲ့ စကိုင်တွယ်ခဲ့တုန်းက ကျွန်တော် တကယ်ခေါ်ယူချင်ခဲ့တဲ့ ကစားသမားက စမစ်ရိုး ဖြစ်ပြီး သူ့ကို အငှားခေါ်ယူနိုင်ဖို့လည်း ကြိုးစားခဲ့ပါတယ်။”
“သူက ခြေထောက်နှစ်ဖက်စလုံးသန်တဲ့ကစားသမားဖြစ်ပြီး ဘောလုံးကို ပုံစံမျိုးစုံနဲ့ သယ်ဆောင်နိုင်တယ်၊ ဂိုးသွင်းနိုင်တယ်၊အခွင့်အရေးတွေလည်း ဖန်တီးပေးနိုင်တယ်။ ကျွန်တော် သူ့ကို တကယ်ပဲ သဘောကျပြီး သူ့မှာ တောက်ပတဲ့ အနာဂတ်တစ်ခုရှိတယ်လို့လည်း ထင်ပါတယ်”
“သူ့ရဲ့ ဘောလုံးကို ခြေထောက်နှစ်ဖက်စလုံးနဲ့ သယ်ဆောင်ပြီး ပြေးနိုင်တဲ့ပုံစံက လယ်လာနာနဲ့ တူတယ်လို့ ထင်ပါတယ်။သူဟာ ပြေးလွှားပြီး ကောင်းကောင်းနေရာယူတတ်သလို ဂိုးမျက်စိလည်း ရှိပါတယ်။ကျွန်တော်သူ့ကို တကယ်ပဲ သဘောကျပါတယ်။”
စမစ်ရိုးဟာ အာဆင်နယ် အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၆ခုနှစ်အထိ အသင်းမှာ ရှိနေမယ့် နှစ်ရှည်စာချုပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။ ကစားသမားကိုယ်တိုင်ကလဲ အာဆင်နယ်ကသာ လက်ခံပါက တသက်လုံးအတူ ကစားသွားဖို့ရည်ရွယ်ထားကြောင်းပြောဆိုထားတာဖြစ်ပါတယ်။
ရွန်းနီဟာ လက်ရှိမန်ယူကစားသမားတွေရဲ့ စိတ်ဓာတ်နဲ့ခံယူချက်ကို သဘောကျ နှစ်သက်ခြင်းမရှိပဲ ဝေဖန်တတ်သူဖြစ်ပြီး သူ့ရဲ့အကြိုက်ဆုံး အင်္ဂလန်လူငယ်ကစားသမားက အာဆင်နယ်ရဲ့ ကျောနံပါတ် ၁၀ပိုင်ရှင် စမစ်ရိုး ဖြစ်နေတာကတော့ အနည်းငယ် အံ့ဩစရာကောင်းပါတယ်။
Original Article Here
