အနှစ်သာရရှိသောအသင်းတစ်သင်းကို အားပေးခြင်း

ရာသီအစတုန်းက အာဆင်နယ်ကို လူတိုင်းက လှောင်ပြောင်ခဲ့ကြတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ဟာ ပေါင်သန်း၁၅၀လောက်သုံးပြီး ကစားသမားခြောက်ဦးအထိခေါ်ယူခဲ့ပေမယ့် ပရီးမီးယားလိဂ်ရာသီအစ သုံးပွဲစလုံးကို ရှုံးနိမ့်သွားခဲ့ပြီးတဲ့နောက် တန်းဆင်းဇုန်ထဲအထိ ရောက်သွားခဲ့ပါတယ်။  မန်ချက်စတာစီးတီးကို ရှုံးနိမ့်တဲ့ပွဲမှာ ပရိတ်သတ်တွေကို နှုတ်ဆက်နေတဲ့ အာဆင်နယ်ကစားသမားတွေရဲ့ ပုံရိပ်ဟာ အတော်ကလေးခံစားရခက်တဲ့အခြေအနေဖြစ်ခဲ့ပါတယ်။

ဒီလိုမျိုး အသင်းဟာ အဆိုးရွားဆုံး အခြေအနေ တစ်ခုရောက်သွားချိန်မှာ အာဆင်နယ်ရဲ့ ကျဆုံးခန်းဆိုပြီး ပါးစပ်အရသာခံ ပြောဆိုတဲ့သူအများအပြားကို တွေ့မြင်ခဲ့ရပါတယ်။ အခြားသော ပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် လှောင်ပြောင်မှုတွေကို ခံခဲ့ရတဲ့ အာဆင်နယ်ပရိသတ်တွေဟာ အဲ့ဒီအခိုက်အတန့်တွေကို အမှတ်‌ရနေဦးမှာပါ။ မင်းတို့ အာဆင်နယ်က တန်းဆင်းရတော့မှာပါကွာ ဆိုတဲ့  လှောင်ပြောင်သံတွေဟာ ပရိတ်သတ်အတွက်တော့ ရယ်စရာ မကောင်းခဲ့ပါဘူး၊ နှလုံးသားရှိတဲ့ လူတိုင်းအတွက်၊ဘောလုံးကိုချစ်မြတ်နိုးတဲ့သူတိုင်းအတွက် ဘယ်လိုမှ ရယ်စရာ မကောင်းခဲ့ပါဘူး။ ကျွန်တော်ကတော့ ထိုအချိန်ကတည်းက ဘယ်လိုမှ မခံစားရပါဘူး။ ဒါက အသင်းကို မနှစ်သက်လို့မဟုတ်ပါဘူး။ အသင်းတစ်သင်းကို ဘယ်လိုအားပေးမယ်ဆိုတဲ့ ကျွန်တော့်ရဲ့ စံနှုံးသာဖြစ်ပါတယ်။

Advertisements

ဒါပေမယ့် ဒီလို ဆိုးရွားတဲ့အခြေအနေကနေပဲ အာတီတာနဲ့ လူငယ်ကစားသမားလေးတွေဟာ  ဘယ်လို တဖန်ရုန်းထရမယ်၊ မြက်ခင်းစိမ်းပေါ်မှာ ဘယ်လို ပြေးလွှားတိုက်ပွဲ၀င်ရမလဲဆိုတာ သင်ယူနိုင်ခဲ့ပါတယ်။ ရာသီအစတုန်းက တန်းဆင်းရတော့မယ်လို့ လှောင်ပြောင်ခံခဲ့ရတဲ့ အသင်းဟာ အခုဆို စပါး၊ မန်ယူတို့ရဲ့အထက် အမှတ်ပေးဇယား အဆင့် ၄နေရာမှာ ရပ်တည်နေပါတယ်။ ရာသီကုန်မှာ ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ အခွင့်အရေးကောင်းနေပေမယ့်လည်း ဘောလုံးကျွမ်းကျင်သူ အများစုကတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့် ပြိုင်ပွဲမှာ မန်ယူ၊ စပါးတို့ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ ခုထိ‌ ကျယ်ကျယ်လောင်လောင်ပြောနေတုန်းပါပဲ၊ လက်ကျန်ပွဲစဉ်တွေမှာ ချဲလ်ဆီး၊ မန်ယူ၊ စပါးတို့နဲ့ ရင်ဆိုင်ရတဲ့အခါ အာဆင်နယ်ဟာ အနိုင်မရနိုင်ဘူးလို့  ခုထိယူဆနေကြတုန်းပါပဲ။ အာတီတာတို့ ဂန်းနားအဖွဲ့တွေ ဒီလောက်ထိ လုပ်ပြခဲ့ပြီးတာတောင် ချီးကျူးခံရဖို့၊ အထင်ကြီးခံရဖို့ မထိုက်တန်သေးဘူးလားလို့ မေးခွန်းထုတ်ချင်စရာပါပဲ။ 

ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ပရီးမီးယားလိဂ်နောက်ဆုံးငါးပွဲဆက်တိုက်အနိုင်ယူပြီး ပုံစံကောင်းတွေဆက်တိုက်ပြသနိုင်ခဲ့ပေမယ့် လီဗာပူးလ်ကိုစတင် ရှုံးနိမ့်လိုက်ချိန်မှာ အာဆင်နယ်ဟာ ချန်ပီယံလိဂ်၀င်ခွင့်နဲ့ ဝေးမှာပဲဆိုတဲ့ သုံးသပ်စကားတွေ အများကြီးထွက်ပေါ်လာခဲ့ပါသေးတယ်။ ဝူဗာဟန်တန်ကို အဝေးကွင်းမှာ အနိုင်ယူပြီးတော့၊ အက်စတွန်‌ဗီလာကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီးနောက် ကစားသမားတွေဟာ သူတို့ရဲ့အနိုင်ရလဒ်အတွက် အောင်ပွဲခံခဲ့တာကို ပြိုင်ဘက်ကစားသမားတွေ ဖြစ်တဲ့ ရူဗင်နီဗက်စ်၊ အက်ရှ်လေးယန်း ၊ နောက်ဆုံးအဘွန်လဟော်တို့အထိ ဝေဖန်ခဲ့ကြပါတယ်။ 

ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်ပါစေ ၊ရာသီကုန်မှာ ချန်ပီယံလိဂ် ၀င်ခွင့်ဆိုတာကြီးနဲ့ လွဲချော်ခဲ့ရင်တောင် အာတီတာနဲ့ သူရဲ့ကောင်လေးတွေရဲ့ ကြိုးစားမှုကို မဖြစ်မနေ အသိအမှတ်ပြုရမှာပါ။ ဒီအသင်းဟာ အခြေခံကနေ ပြန်လည်တည်ဆောက်ခဲ့ရတဲ့ အသင်းဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အငယ်ဆုံး လူစာရင်းနဲ့ အခက်ခဲဆုံးပြိုင်ပွဲကို ယှဉ်ပြိုင်နေရတာပါ။ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ သူတို့ ဘယ်လိုအောင်ပွဲခံခဲ့လဲ၊ ရမှတ်တွေဆုံးရှုံးခဲ့ရတဲ့ ပွဲစဉ်တွေမှာ သူတို့တွေ ဘယ်လောက်တောင် စိတ်ပျက်သွားခဲ့လဲဆိုတာ ကြည့်ရင် ဂန်းနားတွေရဲ့ ရည်မှန်းချက်ဘယ်လောက်ကြီးတယ်၊ အနိုင်ရလိုစိတ် ဘယ်လောက်ကြီးတယ်၊ အသင်းအတွက် သူတို့ရဲ့ စိတ်နဲ့ ခန္ဓာကို ဘယ်လောက်ထိ ပေးဆပ်ထားလဲဆိုတာ သိသာပါတယ်။ 

နှစ်တွေအများကြီးကြာပြီးမှ အသင်းသားတွေရဲ့တိုက်ပွဲ၀င်စိတ်တွေ၊ စည်းလုံးမှုတွေ၊ ပရိသတ်တွေရဲ့ တခဲနက် အားပေးထောက်ခံမှုတွေကို ဒီနှစ်မှာ ကျွန်တော်တို့ ပြန်လည်မြင်တွေ့ ရခဲ့ပါတယ်။ မုန်းတီးသူတွေက ဆက် မုန်း၊ ဝေဖန်သူတွေက ဆက်ဝေဖန်နေဦးမှာပါပဲ၊ အာဆင်နယ် ရာသီကုန်မှာ ချန်ပီယံလိဂ် ၀င်ခွင့်ရသွားရင်တော့ အသင်းက တော်လွန်းလို့မဟုတ်ပဲ ပြိုင်ဘက်တွေညံ့လွန်းလို့ ကံကောင်းသွားတာလို့ ပြောရင်ပြောပြဦးမှာပါ။ ဘာမှ ဂရုစိုက်စရာမလိုပါဘူး။ ဒီအသင်းကို အသွေးထဲအသားထဲက ချစ်တဲ့ ပရိသတ်တွေဟာ အာတီတာနဲ့သူရဲ့ကောင်လေးတွေ နောက်မှာ အပြည့်အ၀ ရှိနေလို့ပါပဲ။

ဒါ့အပြင်ဘောလုံးအသင်းတစ်သင်းမှာ အရေးအကြီးဆုံးက ဆုဖလားတွေ ၊ အောင်ပွဲတွေ ဆိုတာထက် အသင်းကို ကိုယ်စားပြုတဲ့ ကောင်းမွန်တဲ့ အနှစ်သာရ လိုအပ်ပါတယ်။ ဘောလုံးကစားနေကြတိုင်း ၊ ဆုဖလားတွေရနေတိုင်း အသင်းတစ်သင်းရဲ့  လက္ခဏာနဲ့ညီနေတာမဟုတ်ပါဘူး။  အသင်းမှာ Brand Guide Book ဆိုတာရှိပါတယ်။ အဲ့ဒီစာအုပ်ကျွန်တော် မဖတ်ဖူးပေမယ့် ဆုဖလားတွေရဲ့ အခန်းကဏ္ဏကိုသာ အဓိက နေရာကနေ ထည့်သွင်းထားခြင်းမရှိမှာကိုတော့ ခန့်မှန်းမိပါတယ်။​  အာဆင်နယ်ရဲ့ အနှစ်သာရတွေသာ အပြည့်ပါဝင်နေပါလိမ့်မယ်။ ဒါကသိပ်သေချာပါတယ်။

ရလဒ်တစ်ခုထဲကိုကြည့် ၊ နည်းပြအကြောင်းကိုပဲ မမောနိုင် မပန်းနိုင်လက်ညိုးထိုးနေခြင်းဟာ  ပျော်စရာကောင်းတဲ့အခိုက်အတန့်တွေကို ဖြုန်းတီးခြင်းတစ်မျိုးပါပဲ။ ၂၁ ရာစုရဲ့ အားကစားကမ္ဘာကို  အတွေးအခေါ်ဟောင်းနဲ့ ချိတ်ဆက်ရှုမြင်နေသရွေ့ ပင်ပန်းပြီး ၊  အသုံးမတည့်တော့တဲ့ ဘောင်တစ်ခုထဲမှာ ပိတ်မိနေဦးမှာပါပဲ။​ အာတီတာကို စိတ်နဲ့မတွေ့တိုင်း ၊ ကိုယ်ပြောခဲ့တာ မမှားကြောင်း သက်သေပြဖို့ တွေ့သမျှအကြောင်းအရာတွေကိုလိုက်ပြီး ကိုးကားနေရတာကလဲ မြင်ရတာစိတ်မသက်သာစရာပါပဲ။

အသင်းသားတွေရဲ့အားထုတ်မှု ၊ ၁၂ ယောက်မြောက်ဘောလုံးသမားတွေလို့ဆိုရမယ့်  ပရိတ်သတ်တွေ အပြင်  ၁၃ ယောက်မြောက်ကစားသမားဖြစ်တဲ့ အာတီတာ ပါကွင်းဘေးမှာရှိနေပြီပဲ။  ဒီထက်ပိုကောင်းတဲ့အနှစ်သာရကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ထဲမှာ ကျွန်တော်မတွေ့ခဲ့ဖူးသေးပါဘူး။  လေးစားမှုအပြည့် ၊  စိတ်ပါလက်ပါကစားနေတဲ့ ကစားသမားတွေနဲ့နည်းပြရှီနေသရွေ့  အာဆင်နယ်ဆိုတဲ့ အမှတ်တံဆိပ်ဟာ ဘာဆုတံဆိပ်မှ မရလဲ ပရိတ်သတ်တွေရဲ့ ချစ်ခြင်းကိုရရှိနေဦးမှာဖြစ်ပါတယ်။   အသင်းကိုစွန့်ခွာချိန် ၊ အပြစ်ပြောချိန်ဟာ  အနှစ်သာရနဲ့ဝေးချိန်ရောက်မှာသာဖြစ်ပါတယ်။ ဆုဖလားဆိုတာ ကျွန်တော့်အတွက် ဒုတိယဦးစားပေးသာဖြစ်ပါတယ်။

Advertisements

Leave a Reply

%d bloggers like this: