အာဆင်နယ်အသင်းခေါင်းဆောင်လက်ပတ်က ဘယ်သူနဲ့ပိုကိုက်ညီသလဲ

Football London က ဆောင်းပါးရှင်နှစ်ယောက်ဟာ မတ်လ ၁၁ ရက်နဲ့  ၁၂ ရက်မှာ သတင်းရင်းမြစ်နှစ်ခုကို ကိုးကားပြီး  အာဆင်နယ်အသင်းခေါင်းဆောင်သစ်က ဘယ်သူဖြစ်မလဲဆိုတာကို မတူကွဲပြားစွာ ရေးသားလာကြပါတယ်။  ကာဝါမီဘွာကေး ကတော့   တီယာနေ ကိုရည်ညွန်းထားပြီး ၊ ခရစ္စဝီတလေကတော့  မာတင်အိုဒီဂတ်သာဖြစ်ကြောင်းပြောဆိုထားကြတာပါ။ သတင်းဌာနတစ်ခုထဲက  အာဆင်နယ်သတင်းထောက်တွေရဲ့  (ခရစ္စကတော့ Chief ဖြစ်ပါတယ်) ရေးသားမှုတွေကို တူတူလေ့လာကြည့်ရအောင်ပါ။

ရိန်းဂျားအသင်းရဲ့ တိုက်စစ်မှုးဟောင်းအယ်လီမက်ကွိုက်စ်ကတော့ အသင်းရဲ့ နောက်ခံလူ တီယာနေဟာ အာဆင်နယ်ရဲ့  အသင်းခေါင်းဆောင်သစ်အဖြစ်လျာထားခြင်းခံရသူဖြစ်ကြောင်း အတိအလင်းပြောလာခဲ့ပါတယ်။

“  သူဘယ်လိုလူဆိုတာ ဆဲလ်တစ်မှာကစားစဥ်ကထဲက ကျွန်တော်သိနေတာပါ။ သူ့နဲ့အတူကစားသူတွေကို တကယ်တိုးတက်စေတဲ့သူပါ  “  လို့ မက်ကွိုက်စ်က The Sun ကိုပြောခဲ့တာပါ။  “ သူကသေချာပေါက် ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။  တူညီတဲ့ ဥပမာကိုပေးရမယ်ဆိုရင်တော့ လီဗာပူးက အင်ဒီရောဘတ်ဆန်ပေါ့ဗျာ။ သူတို့နှစ်ယောက်စလုံးက တိုးတက်လိုစိတ်ရှိတာတွေ​၊ အသင်းအပေါ်ချစ်မြတ်နိုးကြတာတွေ ၊ ကစားပွဲတွေမှာအာရုံစူးစိုက်ကြတာတွေမှာ တူညီကြပါတယ် “ လို့ ပြောခဲ့ပါတယ်။

Advertisements

“ ကျွန်တော်နဲ့အတူ talkSPORT မှာအလုပ်လုပ်နေကြတဲ့  လောရာဝုဒ်စ် ၊ ဒါရန်းဘန့် နဲ့ ရေးပါလားတို့အကုန်လုံးက တီယာနေကို အာဆင်နယ်အသင်းခေါင်ဆောင်လို့ပဲမြင်နေကြတာပါ “ လို့သူက ဆိုလာပြန်ပါတယ်။  

တီယာနေနဲ့နီးစပ်ခဲ့သူအနေနဲ့ တီယာနေကိုသဘောကျတာအဆန်းမဟုတ်ပါဘူး။  ထိုနည်းတူစွာပဲ နော်ဝေအသင်းရဲ့မန်နေဂျာ ဆိုဘက်ကန်ကလည်း  အိုဒီဂတ်က သာအာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်တယ်လို့ ဆိုလာပါတယ်။

“  မာတင်နဲ့ပတ်သတ်ပြီးတော့ အာတီတာဟာ ကျွန်တော်နဲ့အမြင်တူပါလိမ့်မယ်။  တဖက်အသင်းကွင်းဖက်ခြမ်းမှာ အိုဒီဂတ်ရှိနေခြင်းအားဖြင့် ဂိုးတွေရမယ် ၊ ဖန်တီးမှုတွေဖြစ်လာမယ် “  လို့ နော်ဝေသတင်းစာ VG နဲ့တွေ့ဆုံရာမှာ ပြောဆိုလာခဲ့ပါတယ်။

“ ဒါပေမယ့် ဒီထက်ပိုတဲ့အမြင်တူမှုတွေရှိသေးတယ်ဗျ။   ခံစစ်ကိုအားပြုကစားရတဲ့အချိန်မှာလည်း အိုဒီဂတ်ကအတော်လေး စမတ်ကျတဲ့သူဖြစ်ပါတယ်။  သူကနည်းစနစ်လဲကြွယ်တယ်။ ဦးဆောင်နိုင်စွမ်းလဲရှိပါတယ် …  နော်ဝေးလက်ရွေးစင်အသင်းအတွက်တော့ သူကို  နောက်ချိန်တိုက်စစ်ကစားသမားအဖြစ်လည်းမြင်မိတာပါပဲ “  လို့ ပြောခဲ့ပါတယ်။  ဒီတော့ သတင်းထောက်က အိုဒီဂတ်ကို အသင်းခေါင်းဆောင်ဖြစ်လာမယ်လို့ရောထင်လားလို့မေးတဲ့အခါ   “ ဒါပေါ့… သူကခေါင်းဆောင်အရည်အသွေးရှိသူတစ်ယောက်ပါ။ ဆုံးဖြတ်တာကတော့ အာတီတာရဲ့အလုပ်ပေါ့ “ လို့ဖြေဆိုခဲ့ပါတယ်။

မတူညီတဲ့အမြင်တွေနဲ့ပြောဆိုခဲ့ကြပေမယ့် အာဆင်နယ်မှာ ခေါင်းဆောင်အရည်အသွေးနဲ့ပြည့်စုံကြတဲ့ လူငယ် ၂ ယောက်ရှိနေတယ်လို့တော့ အကြမ်းဖျင်းပြောလို့ရပါတယ်။   ချွင်းချက်အနေနဲ့ မက်ကွိုက်စ်ကတော့  တီယာနေဟာ အရည်အချင်းရှိသူဖြစ်သလို တချိန်ထဲမှာပဲ အတွေ့အကြုံတွေလိုအပ်နေသေးကြောင်းကိုလဲပြောဆိုထားပါသေးတယ်။

Leave a Reply

%d bloggers like this: