တီယာနေကို အသင်းခေါင်းဆောင်အဖြစ်မြင်နေတဲ့ ဂန္တဝင်
ဂန္တဝင်ကစားသမား ကီဗင်ကင်းဘဲလ်က လာကာဇက်မရှိတော့တဲ့အချိန်ရောက်ရင် တီယာနေ အသင်းခေါင်းဆောင်ဖြစ်လာလိမ့်မယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။ Football Insider နဲ့တွေ့ဆုံရာမှာ ကင်းဘဲလ်က “ လာကာဇက်ကွင်းထဲကထွက်တော့ လက်ပတ်က ကီယန်ဆီကိုရောက်သွားခဲ့ပါတယ်။ ဒါက အသင်းမှာလက်ထောက်အသင်းခေါင်းဆောင်ဘယ်သူဆိုတာကို ပေါ်လွင်စေတာပဲမဟုတ်ဘူးလား ။ ကျွန်တော့်အဖို့ကတော့ တီယာနေက အသင်းခေါင်းဆောင်အဖြစ်ထိုက်တန်တဲ့သူပါပဲ “ ဆိုပြီး ပြောဆိုသွားတာဖြစ်ပါတယ်။
ဒါဝင်နူးနက်စ်ကို အာဆင်နယ်ကြိုးပမ်းမယ်လို့ Football Insider ဖော်ပြလာ
အာဆင်နယ်အသင်းဟာ ဘင်ဖီကာ ကစားသမား ဒါဝင်နူးနက်စ်ကို နွေရာသီအပြောင်းအရွေ့မှာ ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ Football Insider ကဖော်ပြလာပါတယ်။ အဆိုပါကစားသမားကို ဝက်စ်ဟမ်းအသင်းက ဆောင်းရာသီတုန်းက ခေါ်ယူဖို့ကြိုးစားခဲ့ရာမှာ အောင်မြင်မှုမရခဲ့ဘူးလို့လည်းအဆိုပါသတင်းမှာဖော်ပြထားပါတယ်။ နူနက်စ်ဟာ အသက် ၂၂ သာရှိသေးပြီး ပရိုဖက်ရှင်နယ်ကစားသမားဘဝမှာ ပွဲပေါင်း ၁၃၀ နီးပါးကစားထားပြီး ၅၇ ဂိုးသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်တို့ စံချိန်တင်အရှုံးပေါ်
Covid 19 ကပ်ရောဂါရဲ့ သက်ရောက်မှုကြောင့် အာဆင်နယ်အသင်းဟာ ပေါင်သန်း ၁၀၀ ကျော်ထိခိုက်နစ်နာခဲ့ရကြောင်း တရားဝင်ထုတ်ပြန်သွားခဲ့ပါတယ်။ မေလ ၂၀၂၁ ခုနှစ်အထိတွက်ချက်ခဲ့တဲ့အဆိုပါ ငွေစာရင်းရှင်းတမ်းမှာ အမ်းမရီတ်အသင်းဟာ စုစုပေါင်း ပေါင် ၁၀၇.၃ သန်းအထိဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ အာဆင်နယ်တို့အတွက် အခွန်မဆောင်ခင် အနေအထားမှာ ပေါင် ၈၅ သန်းလောက်အထိ အနုတ်ပြစေခဲ့တဲ့အကြောင်းအရင်းဟာ Covid 19 ကြောင့် အိမ်ကွင်း ၃၁ ပွဲမှာ ၂ ပွဲသာ ပရိတ်သတ်နဲ့အတူကစားရခြင်းကြောင့်ဖြစ်တယ်လို့ The Athletic မှာ ဖော်ပြထားပါတယ်။ အခုလို ငွေကြေးအနှုတ်ပြခြင်းဟာ အာဆင်နယ်တို့အတွက် စံချိန်တင်ပမာဏဖြစ်တယ်လို့သိရပါတယ်။
အာဆင်နယ်က စိတ်ဝင်စားနေပေမယ့် ဘာကာကို ကတ်ဆီကို ပိုအားသန်နေ
အာဆင်နယ်အသင်းဟာ မီလန်ကွင်းလယ်လူ ဖရန့်ကတ်ဆီကို ဘာစီလိုနာအသင်းနဲ့အပြိုင်စိတ်ဝင်စားနေပေမယ့် ကစားသမားက ကာတာလန်ကလပ်ကို ပြောင်းရွေ့ဖို့ သာပိုအလေးသာနေတယ်လို့ စပိန်သတင်းစာ Sport ကဖော်ပြလာပါတယ်။ အဆိုပါအသက် ၂၅ နှစ်အရွယ် အိုင်ဗရီကို့စ်သားဟာ ရာသီကုန်မှာအလွတ်နဲ့ ပြောင်းရွှေ့တော့မယ့်သူဖြစ်ပါတယ်။ ဒီရာသီ ၂၆ ပွဲကစားပြီး ၆ ဂိုးသွင်း ၊ ၁ကြိမ်ဖန်တီးပေးထားနိုင်တဲ့ ကတ်ဆီကို ပရီးမီးယားလိဂ်အသင်း အများစုကလည်း မျက်စေ့ကျခဲ့ကြတယ်လို့သိရပါတယ်။
အာဆင်နယ်နဲ့အတူရှိနေခဲ့တဲ့ ဘောကောက်လူငယ်လေး
ဝုဗ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲစဥ်မှာ ဘောကောက်လူငယ်လေးတစ်ယောက်ကလဲ အာဆင်နယ်ကို တတ်စွမ်းသလောက်ပါဝင်ကူညီသွားခဲ့တယ်လို့ Daily Star သတင်းစာအပါအဝင် အားကစားမီဒီယာအများစုမှာဖော်ပြနေခဲ့ပါတယ်။ ဝံပုလွေတို့ဟာ သူတို့အသာရချိန်မှာ ပွဲကို အချိန်ဆွဲဖို့ကြိုးစားခဲ့ကြပေမယ့် ၊ အဆိုပါ လူငယ်လေးဟာ ဂိုးလွန်ဘောတိုင်းကို ချက်ခြင်းကွင်းထဲပြန်ပစ်ထည့်ပေးနေတာကြောင့် ဝုဗ်ဂိုးသမားအနေနဲ့ ထင်တိုင်းမပေါက်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးအာဆင်နယ်အနိုင်ရချိန်မှာလည်း ဘောကောက်လူငယ်လေးဟာ အောင်ပွဲခံနေခဲ့တယ်လို့ ဖော်ပြထားပါတယ်။