အာဆင်နယ်အသင်းဟာ နိုင်ပွဲတွေဆက်လာသလို ပြီးခဲ့တဲ့ဆောင်းရာသီမှာလည်း လူအင်အားဖြည့်တင်းမှု မပြုလုပ်ထားတာကြောင့် လာမယ့်နွေရာသီမှာ တိုက်စစ်မှုးတစ်ဦးနဲ့ ကွင်းလယ်ကစားသမားတစ်ဦး ခေါ်ယူတော့မယ်ဆိုပြီး ထင်မြင်ယူဆချက်များစွာထွက်လာခဲ့ပါတယ်။ သတင်းမီဒီယာတွေထက်မှာလည်း ကစားသမားများစွာနဲ့နာမည်ထွက်ခဲ့ပြီး ၊ ဖေဘရီဇီယိုရိုမာနိုလိုကမ္ဘာကျော်သတင်းသမားကလည်း အာဆင်နယ်ပရိတ်သတ်တွေစိတ်ပူစရာမလိုကြောင်းပြောဆိုလာခဲ့ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာ တော့ အာဆင်နယ်ပရိတ်သတ်တွေစိတ်ပျက်စေတဲ့ သတင်းအချို့ထွက်လာပါတယ်။
ပထမအချက်ကတော့ ထိပ်တန်းပစ်မှတ်အီဆက်ခ်က အာဆင်နယ်ထက် ဘာစီလိုနာကိုပိုပြီးအားသန်နေတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီသတင်းက ဘာစီလိုနာသာတကယ်ခေါ်ယူလိုတယ်ဆိုရင်ဖြစ်နိုင်ချေရှိတဲ့အခြေအနေဖြစ်ပြိး ၊ ကစားသမားကလည်း လက်ရှိကစားနေတဲ့ လိဂ်မှာပဲဆက်ကစားမယ့်ပုံပါ။ နောက်ထပ်သတင်းကတော့ အသင်းရဲ့ ဘဏ္ဏာရေးအခြေအနေပါ။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက Covid 19 ကြောင့် ကွင်းထဲမှာပရိတ်သတ်မပါပဲကစားရတဲ့ပွဲတွေအလွန်များခဲ့တာပြီး အဓိကဝင်ငွေတွေဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။
ဒါကြောင့်ထိပ်တန်းပစ်မှတ်တွေကိုသာမခေါ်ယူနိုင်ဘူးဆိုရင် လက်ရှိလူငယ်တွေကိုအားပြုပြီး ကစားသမားနဲနဲပဲထပ်ဖြည့်မယ်ဆိုတဲ့ Option က အမှန်တကယ် ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အာဆင်နယ်တို့ ချဥ်းကပ်ဖွယ်ရှိတဲ့ ကစားသမားတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
ကိုဒီဂတ်ပို
နယ်သာလန်သားတွေနဲ့အကျိုးပေးလှတဲ့ အာဆင်နယ်အတွက် ခေါ်ယူသင့်တဲ့ကစားသမားဖြစ်ပါတယ်။ ဂိုးသွင်းအားကောင်းသလို တချိန်ကလဲ ခေါ်ယူဖို့ ဆက်သွယ်ဖူးတာကြောင့် အမှန်တကယ်သာ လုပ်ဆောင်မယ်ဆိုရင်ဖြစ်နိုင်ချေများတဲ့ကစားသမားလဲဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးကလဲ သန်း ၃၀ ဝန်းကျင်လောက်သာ သုံးရမှာဖြစ်လို့ ငွေနဲနဲသုံးပြီးအသင်းကို အထိုင်မပျက်အားဖြည့်ချင်ရင်တော့ရွေးချယ်ဖို့ကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် အဲဗာတန်အသင်းရဲ့မန်နေဂျာလမ်းပတ်ကလဲ ဂတ်ပို ကိုခေါ်ယူဖို့ကြိုးပမ်းဖွယ်ရှိတယ်လို့ သတင်းတွေ ထပ်မံထွက်ပေါ်လာနေတာကြောင့် အာဆင်နယ်တို့ လက်မြန်ဖို့တော့လိုပါတယ်။
ဂျိုနသန်ဒေးဗစ်
အာဆင်နယ်ပရီတ်သတ်တွေအတွက် ထပ်ပြီးမိတ်ဆက်စရာမလိုတော့တဲ့ကစားသမားဖြစ်ပါတယ်။ ကနဦးဆွေးနွေးမှုလည်းရှိထားတယ်။ ကစားသမားကလည်း လာချင်နေတယ်။ လိုင်လီ အသင်းကိုယ်တိုင်ကလဲ ငွေလိုအပ်နေတယ်။ ဒါ့အပြင် ကစားသမားကလည်း နောက်ထပ်တစ်ဆင့်မြင့်တဲ့ လိဂ်မှာကစားဖို့အသင့်ရှိနေပုံရပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ် ပစ်မှတ်ထဲလဲ ပါနေတာဖြစ်လို့ ခေါ်ယူဖြစ်ဖို့များနေတဲ့ကစားသမားဖြစ်ပါတယ်။ မေးခွန်းထုတ်စရာတစ်ခုရှိတာက ဒေးဗစ်အနေနဲ့ ပရီးမီးယားလိဂ်ရောက်ရင်ရော အခုလိုစွမ်းဆောင်ရည်ကို ထိမ်းထားနိုင်ပါ့မလားဆိုတာပါပဲ။
ပက်ထရစ်ရှစ်ခ်
အရပ်အမောင်းမြင့်မားပြီး ဂိုးသွင်းအားကောင်းတဲ့အချက်က ချက်တိုက်စစ်မှုးကို အာဆင်နယ်ခေါ်ယူသင့်တဲ့အချက်ပဲဖြစ်ပါတယ်။ သန်း ၅၀ ဆိုတဲ့ပြောင်းရွှေ့ကြေးက များသလိုလိုရှိပေမယ့် အခုနောက်ပိုင်းငွေသုံးရာမှာ လက်မနှေးတော့တဲ့ အာဆင်နယ်အတွက် ထူးခြားနေတဲ့ပမာဏတော့မဟုတ်ပါဘူး။ ပရိသတ်တွေရဲ့ Imagined Striker လို့ပြောရင်တောင်ရတဲ့အထိ ကစားသမားကို အမ်းမရီတ်ခေါ်ချင်နေကြတဲ့ အာဆင်နယ်အားပေးသူတွေအများကြီးရှိပါတယ်။ နောက်ဆုံးဖော်ပြတဲ့သတင်းတွေအရ အာဆင်နယ်အသင်းဟာ ကနဦးစုံစမ်းမှုတွေပြုလုပ်ထားပြီလို့ သိရပါတယ်။
ဒန်နီလို
ဘရာဇီးစျေးကွက်နဲ့နီးစပ်တဲ့အီဒူးအတွက်ရွေးချယ်စရာ ကစားသမားကောင်းတစ်ဦးဖြစ်ပါတယ်။ ခြေစွမ်းအရလဲ ကောင်းမွန်တဲ့အပြင် အသက်ကလဲ ငယ်ရွယ်သေးတာကြောင့် အာတီတာရဲ့ ပေါ်လစီနဲ့ ကိုက်ညီတဲ့ကစားသမားလဲဖြစ်ပါတယ်။ ကြံခိုင်မှုအသားပေးကစားတဲ့ အဂ်လန်မြေမှာ ဘရာဇီးသားတွေအောင်မြင်မှုရဖို့ခက်တယ်ဆိုပေမယ့် ၊ ဒန်နီလိုကိုတော့ အာဆင်နယ်ဂန္တဝင် ဂီဘာတိုဆေးဗားကိုပြန်သတိရစေနိုင်မယ့် ကစားသမားအဖြစ်လည်း ညွန်းဆိုမှုတွေရှိထားပါတယ်။
ဂျက်ဒ်စပန့်
အမှန်တကယ်ခေါ်ယူဖြစ်ဖို့ ရာခိုင်နှုံးအများဆုံးကစားသမားဖြစ်ပါတယ်။ အာတီတာလက်ထက်မှာ အတိုးတက်ဆုံးနဲ့ အတည်ငြိမ်ဆုံးက နောက်တန်းဖြစ်ပါတယ်။ ဒီအထိုင်ကို အာတီတာကလုံးဝအပျက်ခံမယ့်သဘောမရှိပါဘူး။ ဂျက်စပန့်ဟာ အာဆင်နယ်လူငယ်လေး မာတင်နယ်လီကို တိတ်ဆိတ်သွားစေခဲ့သူဖြစ်တဲ့အပြင် ၊ မာတင်နယ်လီကိုယ်တိုင်က ရင်ဆိုင်ရအခက်ဆုံးနောက်ခံလူဖြစ်တယ်လို့ ချီးကျူးသွားခဲ့သူဖြစ်ပါတယ်။ တိုမီယာစု ကို ယှဥ်ပြိုင်မယ့်ကစားသမားလိုချင်နေတဲ့ အာတီတာအတွက် အမှန်တကယ် ခေါ်ယူဖြစ်ဖို့များတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။
ဖေဘီယန်ရုဇ်
အနဲငယ်လေးလံတဲ့ကစားပုံကြောင့် ဝေဖန်မှုတွေရှိနေပေမယ့် ပြောင်းရွေ့ဖို့သေချာနေတဲ့အခြေအနေကြောင့် အာဆင်နယ်သာခေါ်ယူမယ်ဆိုရင် လွယ်ကူတဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်ပြောင်းရွှေ့ကြေးအနေနဲ့လည်း သန်း ၃၀ ထက်ကျော်ဖွယ်မရှိတာကြောင့် အာဆင်နယ်အတွက်အခက်အခဲလုံးဝမရှိနိုင်တဲ့ ခေါ်ယူမှုဖြစ်နိုင်ပါတယ်။ သုံးသပ်သူတွေရဲ့အမြင်ကတော့ ရုဇ်နဲ့ပတ်သတ်လို့ ရောထွေးမှုအချို့ရှိပါတယ်။ အချို့ကလည်း ပါတေးနဲ့တွဲလို့အကောင်းဆုံးကစားသမားလို့ ဆိုကြပြီး ၊ နောက်ထပ်ရှာခါ တစ်ယောက်မလိုဘူးဆိုတဲ့အမြင်တွေလဲရှိနေပါတယ်။