ဘရွတ်ခ်နော်တန် ကတ်ဖီ .. အသက်က ၁၈ နှစ်။ အာဆင်နယ် U21 အသင်းမှာကစားနေရင်း လင်ကွန်းစီးတီးအသင်းကို ရာသီကုန်အထိ အငှားနဲ့ပြောင်းရွေ့ကစားနေသူ။
ဒီကစားသမားလေးအကြောင်းကပြောဖို့သိပ်စောကောင်းစောနေနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့စွမ်းရည်တွေကတော့ ထင်သာမြင်သာရှိစပြုနေပါပြီ။ သူက ထွန်းတောက်လာတာဖြစ်ချင်ဖြစ်မယ် ၊ ဒါမှမဟုတ် သူလိုကိုယ်လိုဖြတ်သန်းသွားတာလဲဖြစ်ချင်ဖြစ်မယ်။ သို့သော် U21 အဆင့်ကနေ စီနီယာအဆင့်ကို တက်တက်ချင်းမှာပဲ မျက်စေ့ကျစရာစွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပါတယ်။
အခုမှ စီနီယာအဆင့် ၆ ပွဲပဲ (ပွဲထွက်အဖြစ်က ၂ ကြိမ်) ရှိသေးတဲ့ကစားသမားလေးဟာ မြေပြင်မှာတစ်ဦးခြင်း ၂၅ ကြိမ်ရင်ဆိုင်အတွေ့မှာ ၁၉ ကြိမ်အနိုင်ရတယ်။ ၁၂ ကြိမ်မှာ ၁၀ ကြိမ်လှည့်စားကျော်ဖြတ်နိုင်ခဲ့တယ်။ သူ့ကိုကျော်ဖြတ်ဖို့ကြိုးစားတာကို ၆ ကြိမ်တိတိအောင်မြင်အောင်တားဆီးနိုင်ခဲ့ပါတယ်။ ဒီနှုန်းဟာ အခုမှ စီနီယာအဆင့်ကိုရောက်လာတဲ့ ကစားသမားတစ်ယောက်အဖို့ အံ့သြစရာပါ။
ညာတောင်ပံခံစစ်မှာကစားနေတဲ့ ကတ်ဖီဟာ လင်ကွန်းအသင်းနဲ့လည်းအသားတကျရှိနေပြီး ပွဲထွက်အဖြစ်စတင် ကစားတဲ့ ၂ ပွဲမှာတင် အခွင့်အရေးကြီးကြီးမားမားတွေအပါအဝင်ဖန်တီးပေးမှုတွေပြုလုပ်ပြီးလင်ကွန်းစီးတီးကို အကျိုးပြုနေပြီဖြစ်ပါတယ်။ တဖက်နောက်ခံလူတွေကို ဖိအားပေးကျော်ဖြတ်ပြီး ပံ့ပိုးမှုတွေလုပ်ပြနေတဲ့ကစားသမားလေးဟာ အချိန်တိုအတွင်းမှာပဲ လင်ကွန်းစီးတီးပရိတ်သတ်တွေကြားထဲ ရေပန်းစားလာပါတယ်။
အကယ်၍သာ အခုလိုစွမ်းဆောင်ရည်တွေကိုဆက်တိုက်ပြသနေမယ်ဆိုရင် … သူ့ရဲ့နောက်တစ်ဆင့်က ဘာများဖြစ်မလဲ။
ပြီးခဲ့တဲ့ရက်ပိုင်းပွဲစဥ်တွေမှာ ဆဲဒရစ်တစ်ယောက်ခြေစွမ်းပြနိုင်တာကြောင့် တိုမီယာစုမကစားနိုင်ခြင်းအပေါ်မှာ စိတ်အေးခဲ့ရပေမယ့် ညာခြမ်းခံစစ်အတွက် အာတီတာတို့ ကစားသမားရှာနေကြတာ အားလုံးအသိပါပဲ။ အဒမ်တိုင်လာ၊ လမ်းပ်တေး စသည်ဖြင့် ထိပ်တန်းကစားသမားတစ်ယောက်ကို အသင်းအတွက် ထပ်ဖြည့်ချင်နေတာပါ။ ကတ်ဖီဟာ ဒီနေရာအတွက် အရံအင်အားအဖြစ် အခွင့်အရေးရလာမလားဆိုတာ စဥ်းစားစရာရှိပါတယ်။ အထူးသဖြင့် ဆဲဒရစ်ဟာ အသင်းသစ်ရှာဖွေလျက်ရှိပြီး နွေရာသီမှာထွက်ခွာဖွယ်ရှိနေသူတစ်ယောက်ပါ။
အကဲဖြတ်ဖို့ စောသေးပေမယ့် တိုက်စစ်သမားတွေပဲနေရာယူထားတဲ့အာဆင်နယ်လူငယ်တွေကြားထဲမှာ ခံစစ်ကစားသမားတစ်ယောက်လည်းရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။