ဘရန့်ဖို့ဒ်နဲ့ပွဲကပေးခဲ့တဲ့ သတင်းစကားများ (Post Match Review)

စနေနေ့ညမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ အာဆင်နယ်ဟာ (၂-၁)ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

စမစ်ရိုး၊ ဆာကာတို့က ဒုတိယပိုင်းမှာ ဂိုးတွေသွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှာ တည်ကန်ဘောကနေ ချေပဂိုးတစ်ဂိုးပြန်ပေးလိုက်ရတာ‌က ရမ်ဒေးလ်အတွက် clean sheet ပွဲစဉ်တစ်ပွဲ ထပ်ပိုင်ဆိုင်ခွင့်မရခဲ့တာကြောင့် နှမြောစရာတော့ဖြစ်ခဲ့ပါတယ်။ ဒီပွဲစဉ်ကနေ မြင်တွေ့ခဲ့ရတဲ့ စိတ်၀င်စားစရာကောင်းတဲ့ အချက်တွေကိုတော့ သတင်းတွေမှာဖော်ပြထားတဲ့အချက်တွေကိုစုစည်းပြီး ဆွေးနွေးတင်ပြလိုက်ရပါတယ်။ 

() အကောင်းဆုံးပုံစံနဲ့ပွဲထွက်လာပြခဲ့တဲ့ စမစ်ရိုး 

မာတင်နယ်လီပွဲပယ်ကြောင့် မပါ၀င်နိုင်ချိန်မှာတော့ စမစ်ရိုးဟာ အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါ၀င်လာခဲ့ပြီး အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို လှလှပပသွင်းယူခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် လက်ရှိရာသီ စမစ်ရိုးရဲ့ပြိုင်ပွဲစုံသွင်းဂိုး ၁၀ဂိုးပြည့်မြောက်ခဲ့သလို ပရီးမီးယားလိဂ်သွင်းဂိုးကလည်း ၉ဂိုးအထိရှိလာခဲ့ပါတယ်။ အသက်၂၁နှစ်အရွယ် ကွင်းလယ်ကစားသမားတစ်ယောက်အနေနဲ့ ပွဲစဉ်တိုင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါ၀င်ခွင့်မရခဲ့တာတောင် အခုလိုမျိုးအသင်းရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေနိုင်တာဟာ တကယ်ကို ချီးကျူးစရာပါပဲ။ 

နောက်လာမယ့်ပွဲစဉ်တွေမှာ အသင်းရဲ့ညာတောင်ပံ တိုက်စစ်မှာ မာတင်နယ်လီကို အသုံးပြုမလား၊ ဒါမှမဟုတ် စမစ်ရ်ုးကို အသုံးပြုရမလားဆိုတာ အာတီတာအတွက်တော့ ဝေခွဲရာခက်စရာပါပဲ။ လက်ကျန်ပွဲစဉ်၁၅ပွဲ မှာရော ဟေးလ်အန့်အကယ်ဒမီထုတ်ကုန်လေးဟာ ဂိုးတွေဘယ်လောက်ထပ်သွင်းမိုင်ဦးမလဲဆိုတာ ဘယ်သူမှတော့ အတိအကျမသိနိုင်ပါဘူး။ 

() သူ့ရဲ့ခြေစွမ်းကို ထပ်မံ‌သက်သေပြခဲ့တဲ့ ဆဲဒရစ် 

မာတင်နယ်လီနေရာ ၀င်ရောက်ကစားတဲ့ စမစ်ရိုးက အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သလို တိုမီယာဆုနေရာမှာ ကစားခဲ့တဲ့ စီဒရစ်ကိုလည်း မေ့ထားလို့မဖြစ်ပါဘူး။ ဝူဗာဟန်တန်နဲ့ ပွဲစဉ်မှာ သူ့ရဲ့ခြေစွမ်းဟာ ကောင်းမွန်ခဲ့သလို ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း သူဟာ ပွဲထွက်ခွင့်တစ်နေရာအတွက် တိုမီယာဆုနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်ဆိုတာကို ထပ်မံသက်သေပြခဲ့ပါတယ်။ 

ခံစစ်မှာလည်း တာ၀န်ကျေခဲ့သလို ညာခြမ်းတိုက်စစ်မှာလည်း အိုဒီဂတ်၊ ဆာကာ၊ စမစ်ရိုးတို့နဲ့တွဲဖက်ပြီး ဘရန့်ဖို့ဒ်နောက်တန်းကို အလုပ်များစေခဲ့ပါတယ်။ အသင်းရဲ့လက်ကျန်ပွဲစဉ်တွေမှာ တိုမီယာဆုမပါနိုင်ခဲ့ရင်တော့ အာတီတာအတွက် ခေါင်းခြောက်နေစရာမလိုပဲ ဆဲဒရစ်ရှိတယ်ဆိုပြီး  စိတ်ချလက်ချ နေလို့ရပါတယ်။ 

() မေးခွန်းထုတ်စရာ ထပ်ဖြစ်ခဲ့တဲ့ ဒိုင်လူကြီးတွေ 

အာဆင်နယ် ပင်နယ်တီရနိုင်တဲ့ အခွင့်အရေးနှစ်ကြိမ်လောက်ကို လျစ်လျူရှုခဲ့တဲ့ ကွင်းလယ်ဒိုင် ဂျွန်မော့စ်နဲ့ VAR ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေကတော့ တကယ်ကို မေးခွန်းထုတ်စရာပါပဲ။ ဝူဗာဟန်တန်နဲ့ ပွဲမှာ မာတင်နယ်လီရဲ့အငြင်းပွားဖွယ် အနီကဒ်ပြဿနာဖြစ်ပြီးတဲ့နောက် ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း ခုလိုမျိုး မမျှမတဆုံးဖြတ်ချက်တွေချနေတဲ့ ဒိုင်လူကြီးတွေကို ပရိသတ်တွေကတော့ အတော်ပဲ အမျက်ထွက်နေကြပါပြီ။ 

ဘရန့်ဖို့ဒ်ကစားသမား ၀စ်ဆာရဲ့လက်ထိဘောနဲ့ ပေပေကို ပယ်နယ်တီဧရိယာထဲမှာ ဘရန့်ဖို့ဒ်နောက်ခံလူ ပြစ်ဒဏ်ကျူးလွန်ခဲ့မှု နှစ်ခုစလုံးကို လျစ်လျူရှုခဲ့တာဟာ ဒိုင်လူကြီးတွေအနေနဲ့ အာဆင်နယ်အနိုင်မရအောင် တမင် လုပ်ဆောင်နေသလားလို့တောင် ထင်မှတ်စရာပါပဲ။ 

Advertisements

() ကပ္ပတိန်လက်ပတ်ကို ငြင်းဆန်ခဲ့တဲ့ ရှာခါ 

လာကာဇက် ထွက်ခွာသွားချိန်မှာ ကပ္ပတိန်လက်ပတ်ကို လူစား၀င်လာတဲ့ အန်ကက်တီးယားက ရှာခါကို ပေးခဲ့ပါတယ်။ ဒါပေမယ့် ဆွစ်ဇာလန်သားကြီးကတော့ ငြင်းဆန်ခဲ့တာကြောင့် အန်ကက်တီးယားက ကပ္ပတိန်လက်ပတ်ကို ခဏတာကိုင်ထားခဲ့ရပြီး နောက်မှသာ တီယာနေးကို ပေးခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ စိတ်၀င်စားစရာ ကောင်းခဲ့ပေမယ့် ရှာခါက အသင်းရဲ့ ဒုတိယအသင်းခေါင်းဆောင်ဟာ တီယာနေးဖြစ်တယ်ဆိုတာကို သိတာကြောင့်‌ လေးစားမှုနဲ့ ငြင်းပယ်ခဲ့ဟန်ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ပြောစရာဖြစ်ခဲ့တဲ့ ကိစ္စလေးတစ်ခုတော့ ဖြစ်ခဲ့ပေမယ့် ပုံကြီးချဲ့ပြောနေစရာမလိုလှပါဘူး။ 

() အသင်းအတွက် မရှိမဖြစ်ကစားသမား သို့မဟုတ် အိုဒီဂတ် 

အသင်းအတွက် ခြေစွမ်းကောင်းတွေဆက်တိုက်ဆိုသလို ပြသနေတဲ့ အိုဒီဂတ်ဟာ ဒီပွဲစဉ်မှာလည်း သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို တစ်ပြားသားမျှ မလျော့ကျစေခဲ့ပါဘူး။ သူဟာ နည်းစနစ်ပိုင်းဆိုင်ရာ အထူးကျွမ်းကျင်တဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ ငြင်းစရာမရှိအောင် ထပ်မံသက်သေပြခဲ့ပြီး အသင်းရဲ့ညာခြမ်းတိုက်စစ်မှာ ဆာကာ၊စီဒရစ်တို့နဲ့တွဲဖက်ပြီး အကောင်းဆုံးကစားပြခဲ့ပါတယ်။‌ ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုတွေ၊ ပြိုင်ဘက်ကစားသမားတွေကို သပ်သပ်ရပ်ရပ်နဲ့ လိမ်ခေါက်ကျော်ဖြတ်နိုင်စွမ်းတွေနဲ့အတူ သူ့အတွက်ကော၊ အသင်းဖော်တွေအတွက်ပါ နေရာလွတ်တွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

No.10 Role, No.8 Role ဘယ်နေရာမှာမဆို အကောင်းဆုံးကစားနိုင်စွမ်းရှိတဲ့ ပါရမီရှင် နော်ဝေသားလေးဟာ အသင်းရဲ့ ချန်ပီယံလိဂ်၀င်ခွင့်တိုက်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့ ကစားသမားလို့ဆိုရမှာဖြစ်ပါတယ်။

(၆) တိုက်စစ်ပိုင်းလိုအပ်ချက်

လာကာဇက်ဟာ အသင်းခေါင်းဆောင်းကောင်းပီသခဲ့ပေမယ့် တိုက်စစ်မှုးတစ်ယောက်အဖြစ်တော့လိုအပ်ချက်များခဲ့ပါတယ်။ သူသာ ခုထပ်ပိုကောင်းအောင်ကစားနိုင်ခဲ့ရင် ဒုတိယပိုင်းအထိရင်ခုံနေရာတာမျိုးဖြစ်ချင်မှဖြစ်ခဲ့မှာပါ။ ဒါကြောင့် အာတီတာအတွက် တိုက်စစ်မှုးနေရာမှာ သွေးသစ်လောင်းကိုလောင်းမှရမယ်ဆိုတဲ့သတင်းစကားကိုတော့ဒီပွဲကပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကျန်တဲ့ ၁၅ ပွဲမှာလည်းတစ်ခုခုစီစဥ်မှရမယ်ဆိုကို အချက်ပေးခေါင်းလောင်းထိုးခဲ့တာဖြစ်ပါတယ်။ တစ်ခါတစ်လေ ပြိုင်ဖက်နောက်တန်းကို ဆွဲခေါ်ပြီးနေရာလွတ်ရာရမယ့်အချိန်မျိုး ၊ ရှားရှားပါးပါးကန်ခွင့်ရတဲ့အချိန်မျိုးမှာဆိုရင် လာကာဇက်ဖြုန်းတီးခဲ့တာတွေက နှမြောစရာကောင်းပါတယ်။

အထက်ပါအချက်တွေကတော့ Gunners’ Side Team ကစုစည်းထားတဲ့အချက်တွေပဲဖြစ်ပါတယ်။ စာဖတ်သူတွေအနေနဲ့လည်းဆွေးနွေးချင်တာရှိရင်ဆွေးနွေးသွားနိုင်ပါတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: