ညာတောင်ပံခံစစ်အတွက် တိုမီယာစုမကစားနိုင်ချိန်မှာ ပရိတ်သတ်အားလုံးပူပန်ခဲ့ကြပါတယ်။ ဘန်ဝှိုက်ကပဲ အစွန်ထွက်ကစားရတော့မလိုလို ၊ တာဗာရက်စ်ကပဲ ဘယ်ခြမ်းအထိလာရတော့မလိုလိုဖြစ်ခဲ့ပြီး သူ့ကိုမေ့ထားကြပါတယ်။ ဆဲဒရစ်ဟာ ဘယ်တုန်းကမှ Option ကောင်းတစ်ခုအဖြစ် ပရိတ်သတ်တွေမမြင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဝုဗ်နဲ့ပွဲမှာ အကောင်းဆုံးကစားသွားခဲ့ပြီးနောက် ၊ အနီးဆုံးကစားခဲ့တဲ့ ဘရန်းဖိုဒ့်နဲ့ပွဲမှာလဲဆက်လက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
၉၈ ကြိမ်ဘောလုံးထိ ၊ ၆၆ က ကြိမ်ပေးပို့မှုပြုလုပ်နိုင်ခဲ့ပြီး ၈၇.၉ ရာခိုင်နှုန်းအထိတိကျမှုရှိခဲ့ပြီး ၊ ၁၆ ကြိမ်တိုင်တိုင်ဖြတ်တင်နိုင်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းဟာ အသက် ၃၀ အရွယ်ပေါ်တူဂီသားရဲ့ ဘရန်းဖို့ဒ်နဲ့ပွဲကစွမ်းဆောင်ရည်ဖြစ်ပါတယ်။ ဒါ့အပြင် တိကျသေချာတဲ့ အဝေးပေးမှု ၅ ကြိမ် ၊ ကန်ချက်တစ်ကြိမ်ပြုလုပ် ၊ ကောင်းမွန်သေသပ်တဲ့ပေးပို့မှုက ၂ ကြိမ်ရှိခဲ့ပါသေးတယ်။ ထပ်ပြောရမယ့်ကိန်းဂဏန်းတွေရှိသေးပေမယ့် ဆဲဒရစ်ကောင်းတယ်ဆိုရင်လုံလောက်ပြီလို့ ယူဆမိပါတယ်။
လွန်ခဲ့တဲ့လအနည်းငယ်တုန်းက ESPN နဲ့ပြုလုပ်တဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ခံယူချက်နဲ့ပတ်သတ်ပြီးအခုလိုရေးသားခဲ့ပါသေးတယ်။
“ ကျွန်တော့်နေရာအတွက်ကြိုးစားတိုက်ပွဲဝင်နေပါတယ်။ နေ့တိုင်းနေ့တိုင်းမှာ အာတီတာရဲ့ တံခါးကိုခေါက်ပြီး ကျွန်တော်ပိုကောင်းလာနေကြောင်းပြောနေခဲ့ပါတယ်။ သူအနေနဲ့ဘယ်သူ့ကိုရွေးချယ်ရမယ်ဆိုတာကိုတွေးနိုင်အောင်ပေါ့ဗျာ .. ကစားခွင့်ဘယ်သူရမယ်ဆိုတာက သူ့ရဲ့ဆုံးဖြတ်ချက်ပါ။ ဒါကို ကျွန်တော့်ဖက်ကလေးစားမှုအပြည့်ရှိပါတယ်။ ဒါပေမယ့် အလွယ်တကူလက်ခံပေးလိုက်တာမျိုးက ကျွန်တော့်ရဲ့ ကစားသမားဘဝမှာမရှိပါဘူး၊ ကျွန်တော်က တိုက်ပွဲဝင်တယ်၊ အောင်ပွဲရယူမယ် .. ဒါကျွန်တော့်ပုံစံပါ “ ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။
အခုတော့အရံအင်အားနဲပါးလွန်းတဲ့အာဆင်နယ်အတွက် ရွေးချယ်စရာကောင်းတစ်ခုဖြစ်ခဲ့ပါပြီ။ ဆဲဒရစ်ဟာ ခြေစွမ်းနဲ့အတူအသင်းစိတ်ဓါတ်ကိုပါ လှစ်ဟပြနေခဲ့ပါတယ်။
“ ကျွန်တော်တို့ကောင်းမွန်စွာစတင်နိုင်ခဲ့ပါတယ် .. အားလုံးကစိတ်ဓါတ်တက်ကြွနေကြပါတယ်။ အားလုံးက ဂိုးသွင်းချင်နေကြတယ် .. အားလုံးကတစ်ယောက်ကိုတစ်ယောက်ကူညီကြတယ် .. အိမ်ကွင်းပရိတ်သတ်တွေရှေ့မှာကစားရတာသိပ်ကိုကောင်းမွန်တဲ့ခံစားချက်ကိုရရှိခဲ့ပြီး သိပ်ကိုကောင်းတဲ့ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ် .. တစ်သင်းလုံးဟာ ခံယူချက်ကောင်းကောင်းနဲ့ရှေ့ဆက်နေနိုင်ကြပါတယ် “ လို့ အာဆင်နယ်မီဒီယာကိုပြောခဲ့တာပါ။
အခက်ခဲဆုံးအချိန်မှာ အသင့်ရှိနေတဲ့ ဆဲဒရစ်ဟာ ခြေစွမ်းအရလိုအပ်ချက်တွေရှိကောင်းရှိနေနိုင်ပေမယ့် အားကစားသမားပီသတဲ့စိတ်ဓါတ်ကတော့ အသင်းအပေါ်အကောင်းဆုံးအကျိုးပြုခဲ့သလို အာတီတာအတွက်လည်း အထောက်အကူပြုနိုင်ခဲ့တာဖြစ်ပါတယ်။