ဘယ်တုန်းကမှ မထင်ပေါ်ခဲ့ရတဲ့ အာဆင်နယ်အတွက် ထာဝရလူ

ကျွန်တော်တို့ ကောင်းကောင်းမမှီလိုက်ပေမယ့် အသင်းအပေါ်မှာ သံယောဇဥ်ကြီးဆဲဖြစ်တဲ့ ကစားသမားဟောင်းကြီးတွေရဲ့  လက်ရှိအသင်းအပေါ်မှတ်ချက်ပေးတဲ့စကားတွေ ကြောင့်အချို့နာမည်တွေကိုရင်းနှီးနေကြပါတယ်။ ပေါလ်မာဆင်၊ လီဒစ်ဆွန်၊ ကီဗင်ကင်းဘဲလ် စသည်ဖြင့်ပေါ့။ အဲ့ဒီအထဲမှာ နဲနဲမှီလိုက်ပြီး  အခုအချိန်ထိခန့်မှန်းသူတွေအဖြစ်နဲ့အာဆင်နယ်သတင်းတွေမှာ အတွေ့များသူတွေထဲ  ဆီးမန်း ၊​ မာတင်ကီအွန် နဲ့ ရေးပါလာတို့ ရဲ့နာမည်တွေလဲအပါအဝင်ပါပဲ။

ရေးပါလာကို အမြဲတမ်းအမေ့ခံထားရတဲ့သူလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းနဲ့သူ့ကြားက အမှတ်တရတွေက အများကြီးရှိပါတယ်။ ကွင်းတွင်းမှာလဲ The Invincible တစ်ယောက်ဖြစ်သလို  ကွင်းပြင်ပမှာလဲ တိုနီအဒမ်တို့လိုကစားဖော်တွေနဲ့အမှတ်တရတွေ တူတူရှိထားဖူးသူဖြစ်ပါတယ်။

ကစားသမားဟောင်းတွေအကြောင်းဖတ်ရတာ တစ်ခါတစ်လေစိတ်ကိုအေးချမ်းစေပါတယ်။ ငယ်ငယ်တုန်းက အမှတ်ရတွေဆီလဲပြန်ရောက်သွားတာမျိုးပေါ့လေ။ ဒီတော့  ရေးပါလာအကြောင်းကို Player Profile ကဏ္ဏအတွက်တင်ဆက်ပေးလိုက်ပါတယ်။

သူ့နာမည်က ရေမွန်ပါလာ .. ဒီစာစုရေးတဲ့ ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလမှာ အသက် ၄၈ နှစ်ရှိပါပြီ။​မတ်လဆိုရင်တော့ ၄၉ နှစ်ပေါ့။  ၁၉၉၂ ခုနှစ်ကစလို့ ၂၀၀၄ ခုနှစ်အထိ ၁၂ နှစ်တိတိ အာဆင်နယ်မှာ ကစားတယ်။ အဲ့ဒီနောက် မစ်ဒယ်ဘရော့ ၊ ဟူးလ်စီးတီးနဲ့ ဝင်ဘလေအသင်းတွေမှာကစားပြီး ၂၀၁၂ ခုနှစ်မှာအနားယူတယ်။ အသင်းအများကြီးမှာ မကစားခဲ့ပဲ ၊ ဘဝတစ်ဝက်လောက်ကို အာဆင်နယ်နဲ့ပဲအချိန်ကုန်ခဲ့သူဖြစ်တယ်။  ( ၁၉၉၁ ကတည်းကစခဲ့တယ်ဆိုရင်ပိုမှန်ပါလိမ့်မယ်။  ပရီးမီးယားလိဂ်အနေနဲ့စတင်တဲ့ ၁၉၉၂ မှာ အသင်းအတွက်ပွဲဦးထွက်ခဲ့ပေမယ့် အစောပိုင်းမှာလဲမှတ်တမ်းရှိထားပါတယ်)

၁၉၉၂ မှာ အာဆင်နယ်နဲ့စီနီယာကစားသမား ဘဝကို စတင်ခဲ့တယ်ဆိုပေမယ့် သူတကယ်အသင်းဆီရောက်နေခဲ့တာက ၁၉၈၉ ခုနှစ်ကတည်းကဖြစ်ပါတယ်။ လေ့ကျင့်ရေးအသင်းသားလေးအဖြစ် ကစားခဲ့ပြီး ၁၉၉၂ ခုနှစ်  ဇန်နဝါရီ ၂၉ ရက်မှာပွဲဦးထွက်ခဲ့ပါတယ်။  အာဆင်နယ်အသင်းအတွက် ပွဲပေါင်း ၄၆၆ ပွဲကစားပြီး ၃၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

ထူးထူးခြားခြားရှိခဲ့တဲ့အမှတ်တရတွေကတော့  ဝါဒါဘရီမင်အသင်းဖက်ကိုသွင်းတဲ့ ဟက်ထရစ် ၊  နယူးကာဆယ်အသင်းဖက်ကိုသွင်းယူခဲ့တဲ့ ဟက်ထရစ်တွေပဲဖြစ်ပါတယ်။ ဒီနှစ်ကြိမ်စလုံးကို ၂၀၀၀ ပြည့်နှစ် တစ်နှစ်ထဲမှာပဲသွင်းယူခဲ့တာလဲဖြစ်ပါတယ်။ နောက်ထပ်ကြီးမားတဲ့အမှတ်တရရှိပါသေးတယ်။  ၂၀၀၃ ခုနှစ် ၊ နိုဝင်ဘာလမှာ အာဆင်နယ်တို့ဟာ အင်တာမီလန်အသင်းကို ဆန်စီရိုကွင်းမှာ ၅ – ၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သူကအသင်းခေါင်းဆောင်အဖြစ်ကစားခဲ့ပါတယ်။

Advertisements

အာဆင်နယ်အသင်းနဲ့ဖြတ်သန်းခဲ့တဲ့သမိုင်းတစ်လျှောက်မှာ  EPL  ၃ကြိမ် ၊  FA Cup ၄ကြိမ် ၊  လိဂ်ဖလား ၁ ကြိမ် ၊ European Cup Winners’ Cup တစ်ကြိမ်တို့ပဲဖြစ်ပါတယ်။ သူဟာ အာဆင်နယ်အသင်း အတွက် ပရီးမီးယားလိဂ်ပွဲပေါင်း ၃၃၃ ပွဲကစားပေးခဲ့ပြီး ၂၀၂၀ ခုနှစ်မှာထုတ်ပြန်တဲ့မှတ်တမ်းအရ အာဆင်နယ်အသင်းမှာ သူ့ထက်များတဲ့သူမရှိဘူးလို့သိရပါတယ်။ ကံမကောင်းစွာ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ဗီအဲရာ ရဲ့အနောက်မှာသာ နေခဲ့ရလို့ ပထမဦးစားပေးတော့မဖြစ်ခဲ့ရသူတစ်ယောက်ပါပဲ။  ဒါပေမယ့် အာဆင်နယ်ကိုချစ်မြတ်နိုးတဲ့သူ့ရဲ့စိတ်က လုံးဝပြောင်းလဲမသွားခဲ့ပဲ အခုအချိန်ထိ ပွဲကြို၊ ပွဲပြီး နဲ့ လူငယ်ကစားသမားလေးတွေရဲ့ အရေးကိစ္စတိုင်းမှာ သူက ပြောမြဲဆိုမြဲဖြစ်ပါတယ်။

အာဆင်နယ်နယ်ပရိတ်သတ်များစွာကလဲ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို အသင်းအတွက်ပေးဆပ်ရင်းနေခဲ့ရတဲ့သူတစ်ယောက်လို့လက်ခံထားကြပါတယ်။ အာဆင်နယ်အသင်းကထွက်ခွာပြီးတဲ့နောက်မှာ မစ်ဒယ်ဘရော ၊ ဟူးလ်စီးတီးတို့မှာကစားရင်း ၂၀၀၇ ခုနှစ်မှာတော့ ကစားသမားဘဝတစ်ခန်းရပ်ခဲ့ပါတယ်။  ၂၀၁၂ ခုနှစ်မှာတော့သူ့လိုပဲ Retire ယူထားပြီးသားကစားသမားကြီးတွေနဲ့အတူ Semi-Pro အသင်း ဝင်ဘလေအတွက်  FA ပွဲစဥ်များအတွက်သွားရောက်ကစားခဲ့ပေးခဲ့ပါသေးတယ်။

ဘောလုံးသမားဘဝကအနားယူတော့ ချက်ခြင်းပဲ  Setana Sports မှာအလုပ်လုပ်ခဲ့ပါတယ်။အခုလောလောဆယ်မှာတော့ BBC Radio 5 နဲ့ Talksport  တို့မှာ ပင်တိုင်တင်ဆက်နေပါတယ်။

သူ့ရဲ့လူမှုရေးဘဝကတော့ အစပိုင်းမှာ သိပ်ကိုရိုးရှင်းလွန်းလှပါတယ်။  ငယ်ချစ် ကာရန်နဲ့ပဲအိမ်ထောင်ကျခဲ့ပြီး  မဂ်လာမဆောင်ခင်ကတည်းက သားသမီး ၃ ဦးထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် ကွာရှင်းချိန်မှာတော့ အတော်ကလေးဟိုးလေးတကျော်ဖြစ်ခဲ့ရပြီး မီဒီယာတွေပေါ်မှာ အကြီးအကျယ်ဖော်ပြခံခဲ့ရတာပါ။  ပိုင်ဆိုင်မှုခွဲဝေခြင်း ၊ ထောက်ပံရေးကိစ္စတွေနဲ့ပတ်သတ်ပြီး တရားရုံးမှာအကြိမ်ကြိမ်ဖြေရှင်းခဲ့ကြရတာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ ပါလာဟာ အသင်း ၄ သင်း ၊ နိုင်ငံအသင်းနဲ့ဆိုရင်  ၅ သင်းနဲ့ကစားခဲ့ဖူးပေမယ့် အာဆင်နယ်အသင်းတစ်သင်းထဲအတွက်သာ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပါတယ်။

Advertisements

Advertisement

Leave a Reply

%d bloggers like this: