ဇန်နဝါရီအိပ်မက်ဆိုးကို ကျော်လွန်နိုင်ခဲ့ပြီဖြစ်တဲ့ အာရွန်ရမ်းစ်ဒေးလ်

ရမ်းစ်ဒေးလ်ကို ခေါ်ယူခဲ့တာဟာ ပြီးခဲ့တဲ့ နွေရာသီအတွက် အာဆင်နယ်ရဲ့ အကောင်းဆုံးခေါ်ယူမှုလို့တောင် ဆိုနိုင်ပါတယ်။ ခံစစ်ကိုဦးဆောင်နိုင်စွမ်းရှိတဲ့၊ အတည်ငြိမ်ဆုံးလက်စွမ်းနဲ့ဂိုးပေါက်ကိုစောင့်ကြပ်တတ်တဲ့၊ အာတီတာရဲ့ Build Up Play ကစားပုံမှာလည်း အကောင်းဆုံးပါ၀င်နိုင်မယ့် အရည်အသွေးတွေရှိတဲ့ ကစားသမားကို အာဆင်နယ်အနေနဲ့ ပိုင်ဆိုင်ခွင့်ရခဲ့တာ သိပ်ကံကောင်းတယ်လို့တောင် ဆိုနိုင်ပါတယ်။ 

ဝေဖန်တိုက်ခိုက်မှုတွေကို ဘယ်သူမှ မလွန်ဆန်နိုင်သလို အသင်းကို ရောက်ခါစကလည်း ရမ်းစ်ဒေးလ်ဟာလည်း ပရိသတ်တွေရဲ့ ‌ဝေဖန်တိုက်ခိုက်မှုတွေကို အကြီးအကျယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ရာသီအစက လူမှုမီဒီယာပေါ်မှာ ရမ်ဒေးလ်နဲ့ အာဆင်နယ်တို့ကို အကြီးအကျယ်‌ဝေဖန်တိုက်ခိုက်ခဲ့ကြတဲ့ သူတွေဟာ အခုတော့ သူမှသူပဲ ဖြစ်နေကြပါပြီ။

ရမ်ဒေးလ်ဟာ လက်ရှိအချိန်မှာ အဲလီဆင်ဘတ်ကာ၊ မန်ဒီတို့လို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦးလို့တောင် ဆိုနိုင်ပါတယ်။ နှစ်ပေါင်းများစွာ ခံစစ်ပြဿနာနဲ့ ကြုံတွေနေခဲ့ရတဲ့ အာဆင်နယ်ဟာ ရမ်ဒေးလ်ရောက်လာချိန်ကစပြီး အများကြီးပြောင်းလဲသွားခဲ့ပါတယ်။ နွေရာသီက အသင်းကို ရောက်ရှိလာတဲ့ ဘန်ဝှိုက်၊ တိုမီယာဆုနဲ့ ရမ်‌ဒေးလ်ဟာ ရှိရင်းစွဲ ကစားသမားတွေဖြစ်တဲ့ ဂါဘရီယယ်လ်၊ တီယာနေးတို့နဲ့ တွဲဖက်ပြီး ကျစ်လျစ်တဲ့ ခံစစ်အင်အားစုတစ်ခုကို အတူတူတည်ဆောက်နိုင်ခဲ့ကြပါတယ်။ 

အာဆင်နယ်ကို မရောက်သေးခင် အခြားပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ရှက်ဖီးလ်၊ ဘုန်းမောက်တို့မှာ ရှိခဲ့စဉ်ကတည်းက  ရမ်းစ်ဒေးလ်ရဲ့ လက်စွမ်းဟာ ကောင်းမွန်ခဲ့ပေမယ့် သူရောက်ရှိနေတဲ့ အသင်းတွေရဲ့ အဆင့်အတန်းကြောင့် ပေးဂိုးအများအပြားတော့ ခွင့်ပြုခဲ့ရပါတယ်။ နှစ်ရာသီအတွင်း ၁၂၈ဂိုးအထိ ခွင့်ပြုခဲ့ရပြီး တစ်ပွဲပျမ်းမျှ ၁.၆၈ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ ဒီလို မှတ်တမ်းတွေကြောင့် ပရိသတ်တွေက သူ့ရဲ့လက်စွမ်းကို မယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ 

Advertisements

လက်ရှိအာဆင်နယ်အတွက် ၁၉ပွဲကစားပြီးချိန်မှာ ၁၆ဂိုးသာခွင့်ပြုထားခဲ့ရပြီး ဂိုးမပေးခဲ့ရတဲ့ ပွဲစဉ်ကလည်း ၁၁ပွဲအထိရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ တကယ်ပဲ ချီးကျူးစရာကောင်းတဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ လက်စွမ်းတွေကြောင့်လည်း အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပထမဆုံးရွေးချယ်ခံခဲ့ရပြီး ရမ်ဒေးလ်အတွက်တော့ အချိုပေါ်သကာလောင်းသလို ‌ချိုမြိန်တဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်ခွင့်ရခဲ့ပြန်ပါတယ်။ 

ဒါပေမယ့် ဘ၀ဆိုတာ အနိမ့်အမြင့် အတက်အကျတွေလည်း ရှိတတ်တဲ့နည်းတူ ဇန်နဝါရီကတော့ ရမ်ဒေးလ်အတွက် အခက်ခဲဆုံး အချိန်တွေဖြစ်ခဲ့ပါတယ်။ အနဲငယ်သောအမှားတို့နဲ့အတူ အာဆင်နယ်အသင်းလဲရလဒ်တွေယိမ်းယိုင်ခဲ့တာမို့ ခက်ခဲတဲ့အချိန်တစ်ခုကိုတော့ တူတူကျော်ဖြတ်ခဲ့ကြရပါတယ်။

အသင်းရဲ့ ရလဒ်တွေကလည်း ဆိုးရွားနေခဲ့သလို အချို့ပွဲစဉ်တွေမှာလည်း ရမ်ဒေးလ်ရဲ့ လိုအပ်ချက် ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုမေ့ထားလို့မရတဲ့ အချက်က ရမ်းစ်ဒေးလ်ဟာ အသက်၂၃နှစ်ပဲ ရှိသေးတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ နှစ်ရာသီကြာ ဖြတ်သန်းခဲ့ရရင်တောင် ဒီလိုငယ်ရွယ်တဲ့ ဂိုးသမားတစ်ယောက်အနေနဲ့  သင်ယူစရာတွေ အများကြီးရှိသေးတာကြောင့် လိုအပ်ချက်အချို့တော့ ရှိနေဦးမှာပါပဲ။ 

ဝူဗာဟန်တန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မာတင်နယ်လီမထွက်ခွာခင် ပွဲချိန်မိနစ်ခုနစ်ဆယ်အထိ ဘာမှလုပ်စရာ များများပြားပြားမရှိခဲ့ပါဘူး။ တစ်ယောက်လျော့အနေအထားနဲ့ ဝူဗာဟန်တန်ကို ရင်ဆိုင်ရချိန်မှာတော့ ရမ်းစ်ဒေးလ်ဟာ ခံစစ်ကို အကောင်းဆုံးညွှန်ကြားမှုတွေပြုလုပ်ပြီး လက်စွမ်းပြကာကွယ်မှုတွေနဲ့အတူ အကောင်းဆုံးတာ၀န်ကျေခဲ့ပါတယ်။ 

ဇန်နဝါရီရဲ့ ရလဒ်ဆိုးတွေ၊ အကောင်းဆုံးမစွမ်းဆောင်နိုင်ခဲ့မှုကနေ ရမ်ဒေးလ်ဟာ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး လက်ကျန်ပွဲစဉ်တွေမှာလည်း အသင်းရဲ့ ချန်ပီယံလိဂ်အိပ်မက်ကို အသက်ဆက်နိုင်ဖို့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်ရှိနေမှာ အသေအချာပါပဲ။

Advertisements

Leave a Reply

%d bloggers like this: