အိုဒီဂတ် တယောက် အာဆင်နယ်ကပ္ပတိန်ဖြစ်လာသင့်တဲ့ အကြောင်းပြချက် ၄ ချက် 

လာကာဇက်အတွက် အာဆင်နယ်ကစားသမားဘ၀ဟာ ပွဲစဉ် ၁၆ပွဲသာ ကျန်ပါတော့တယ်။ လာကာဇက်ထွက်ခွာသွားချိန်မှာ‌ သူ့ရဲ့ကပ္ပတိန်လက်ပတ်ကိုဆက်ခံဖို့ ကစားသမားတစ်ယောက်ကို အာတီတာအနေနဲ့ ရွေးချယ်ရဖို့ ရှိနေပါတယ်။ ဂါဘရီယယ်၊ တီယာနေးတို့က အသင်းခေါင်းဆောင်လောင်းတွေအဖြစ် နာမည်ကြီးနေပေမယ့် ပရိသတ်တွေ မမျှော်လင့်ထားတဲ့ အခြားကစားသမားတစ်ယောက်ရှိနေပါတယ်။ သူကတော့ အသင်းရဲ့အကောင်းဆုံးကွင်းလယ်လူ မာတင်အိုဒီဂတ်ပါပဲ။ 

အာဆင်နယ်ရဲ့ ကွင်းလယ်တိုက်စစ်မှာ အကောင်းဆုံးခြေစွမ်းပြနေပြီး အစွမ်းကုန်ပေးဆပ်နေတဲ့ နော်ဝေးသားလေးဟာ ဘာကြောင့် အာဆင်နယ်ကပ္ပတိန်လက်ပတ်နဲ့ ထိုက်တန်လဲဆိုတာကို စမ်းစစ်ကြည့်မယ်ဆိုရင် အကြောင်းပြချက် ၄ခုရှိပါတယ်။ 

() အတွေ့အကြုံရှိ ကစားသမားဖြစ်ခြင်း 

အာဆင်နယ်ဟာ ငယ်ရွယ်တဲ့ အသင်းခေါင်းဆောင်တစ်ယောက်ကို တာ၀န်မပေးစရဲ အကြောင်းမရှိပါဘူး။ အသင်းရဲ့ သမိုင်းမှာ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်တဲ့ ဖာဘရီဂတ်စ်ဟာ သူကပ္ပတိန်ဖြစ်လာချိန်မှာ အသက်၂၁နှစ်သာရှိပါသေးတယ်။ အဲ့ဒီအချိန်မှာ ဖာဘရီဂတ်စ်ဟာ အသင်းအတွက် ပွဲပေါင်း ၂၀၀ကျော် ကစားခဲ့ပြီးပါပြီ။ 

အိုဒီဂတ်ကတော့ လက်ရှိမှာ အသက်၂၃နှစ်ရှိပါပြီ။ အသက်၁၅နှစ်ကတည်း သူ့ကို ဥရောပထိပ်တန်းအသင်းအများအပြားက မျက်စိကျခဲ့ပြီး ရီးရဲလ်မက်ဒရစ်က သူ့ကိုခေါ်ယူခဲ့ပါတယ်။ ငါးနှစ် ဆက်တိုက် အငှားထွက်ကစားခဲ့ပြီးနောက်မှာတော့ နော်ဝေးသားလေးဟာ ဂန်းနားယူနီဖောင်းကို ၀တ်ဆင်ပြီး လန်ဒန်မှာ အခြေတကျနေဖို့ ဖြစ်လာခဲ့ပါတယ်။ 

အိုဒီဂတ်ဟာ အသက်၁၅နှစ်ကတည်းက ကမ္ဘာပေါ်မှာ ရှိတဲ့ အကြီးကျယ်ဆုံး အသင်းတစ်သင်းကိုရောက်ခဲ့သူ ဖြစ်ပါတယ်။ အတွေ့အကြုံတွေအများကြီးရှိခဲ့ပြီး နိုင်ငံ့လက်ရွေးစင်အသင်းအတွက်လည်း ပွဲထွက်ခဲ့ပြီးဖြစ်ပါတယ်။ အသက်၂၃နှစ်ဆိုပေမယ့် အိုဒီဂတ်မှာ အသင်းခေါင်းဆောင်တစ်ယောက်ဖြစ်လာဖို့ ရင့်ကျက်တဲ့အတွေ့အကြုံတွေ ရှိပြီးသားဆိုတာ ငြင်းစရာ မလိုပါဘူး။ 

() အသင်းရဲ့နည်းစနစ်ပိုင်းဆိုင်ရာ ခေါင်းဆောင်တစ်ယောက် 

အမ်းမရိတ်မှာ အငှားကစားသမားဘ၀နဲ့ ရှိစဉ်ကတည်းက အိုဒီဂတ်ဟာ ကစားကွင်းထဲမှာ အသင်းဖော်တွေကို ညွှန်ကြားအမိန့်ပေးနိုင်စွမ်းရှိသူဖြစ်ပါတယ်။ နည်းဗျူဟာပိုင်းဆိုင်ရာ  ခေါင်းဆောင်တစ်ဦးလို့ဆိုနိုင်တဲ့ အိုဒီဂတ်ဟာ သူ့ရဲ့ရှေ့မှာ အူဘာမီယန်း ၊နီကိုလပ်စ်ပီပီ၊ လာကာဇက်နဲ့ သူ့ရဲ့နောက်မှာ ပါတေးတို့လို အရည်အသွေးမြင့် ကစားသမားတွေကို ဘယ်လိုနေရာယူရမယ်၊ ဘယ်လိုလုပ်ဆောင်ရမယ်၊ ဘယ်အချိန်တိုက်စစ်ဆင်ရမလဲ စသဖြင့် ညွှန်ကြားနိုင်စွမ်းရှိသူဖြစ်ပါတယ်။ 

အိုဒီဂတ်ဟာ အော်ပစ်ကြိမ်းမောင်းပြီး အမိန့်ပေးတတ်တဲ့သူ၊ ဆူပူတတ်တဲ့ ခေါင်းဆောင်မျိုးမဟုတ်တာတော့ အသေအချာပါပဲ။ အသင်းရဲ့ကစားကွက်ကို ပုံဖော်နိုင်စွမ်းရှိတဲ့၊ တိုက်စစ်လမ်းကြောင်းတွေကိုဖွင့်ပေးနိုင်တဲ့ အိုဒီဂတ်ဟာ နည်းစနစ်ပိုင်းမှာလည်း အကျွမ်းကျင်ဆုံး ကစားသမားတစ်ဦးဖြစ်ပြီး အသင်းရဲ့ကစားကွက်ကို ဦးဆောင်သူဖြစ်တာမို့ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ခန့်အပ်မယ်ဆိုလည်း အဆင်မပြေစရာတော့ မရှိလှပါဘူး။ 

Advertisements

(အာတီတာနဲ့အသင်းဖော်တွေရဲ့ ယုံကြည်မှုကို ရထားသူဖြစ်ခြင်း 

မကြာသေးမီကပဲ အာတီတာက အိုဒီဂတ်ကို  “Natural Leader”လို့ ချီးကျူးခဲ့ဖူးပါတယ်။သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ အကွက်မြင်တဲ့ ပေးပို့မှုတွေဟာ အသင်းဖော်တွေကို များစွာအကူအညီပေးနိုင်ခဲ့တာကြောင့် အသင်းဖော်တွေရဲ့ ယုံကြည်မှုကိုလည်း အပြည့်အ၀ရထားသူဖြစ်နေပါတယ်။ 

အငှားကစားသမားဘ၀တုန်းက သူ့ရဲ့ပါရမီနဲ့ ပတ်သက်ပြီး ပရိသတ်အချို့က သံသယ၀င်ခဲ့ပါသေးတယ်။လက်ရှိရာသီအစမှာလည်း ပုံမှန်ခြေစွမ်းရဖို့ ခဏတာရုန်းကန်‌ခဲ့ရပေမယ့် အခုချိန်မှာတော့ အိုဒီဂတ်မပါ၀င်တဲ့ ပွဲထွက်လူစာရင်းကို ဘယ်သူမှ တွေ့မြင်ချင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် အိုဒီဂတ်သာ မန်နေဂျာ၊အသင်းဖော်၊ပရိသတ်တွေအားလုံးရဲ့ ယုံကြည်မှုကို ပိုင်ဆိုင်ထားသူလို့ ဆိုနိုင်ပါတယ်။ 

() ခြေစွမ်းပိုမိုတိုးတက်လာမယ့် ပါရမီရှင်ကစားသမားဖြစ်ခြင်း 

အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်၀င်ခွင့်အတွက် တိုက်ပွဲကို ကျောနံပါတ် ၁၀နေရာမှာ ကစားနေတဲ့ အိုဒီဂတ်မပါပဲ အောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ လက်ရှိ အမ်းမရိတ်မှာ ပြသနေတဲ့ သူ့ရဲ့ခြေစွမ်းဟာ ကစားသမားဘ၀တစ်လျှောက် အကောင်းဆုံး ခြေစွမ်းလို့ ဆိုနိုင်သလို နောက်ထပ်လည်း အများကြီးတိုးတက်လာဖို့ ရှိတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ 

ကပ္ပတိန်တစ်ယောက်ဟာ အသင်းအတွက် သူ့ရဲ့ဦးဆောင်နိုင်စွမ်း၊ အကောင်းဆုံး ခြေစွမ်းတွေကို ကာလရှည်ကြာပြသနိုင်ဖို့ လိုအပ်ပါတယ်။ အိုဒီဂတ်ရဲ့ ခြေစွမ်း၊ အသက်အရွယ်နဲ့ အသင်းကိုပေးဆပ်ပုံတွေကို ကြည့်ရင် အသင်းရဲ့ကပ္ပတိန်လက်ပတ်ကို တာ၀န်ကျေကျေနဲ့ အချိန်အကြာကြီး တာ၀န်ယူထားနိုင်မယ်သူဆိုတာကို သံသယ၀င်စရာ မရှိပါဘူး။ ဒါ့အပြင် အသင်းရဲ့အင်တာဗျူးတိုင်းမှာလည်း ကောင်းမွန်သေသပ်တဲ့ English စကားကိုပြောဆိုပြီး ရင့်ကျက်တဲ့အဖြေတွေကိုပေးထားနိုင်သူတစ်ယောက်လဲဖြစ်နေပါသေးတယ်။

Advertisements
Advertisement

Leave a Reply

%d bloggers like this: