ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အာဆင်နယ်အသင်းမဖြစ်မနေလိုအပ်နေတဲ့အချက် ၄ ချက်

အာတီတာနဲ့ကစားသမား‌များအတွက် ပြင်ဆင်ချိန်တွေဟာ ကုန်ဆုံးခဲ့ပြီဖြစ်ပြီး တိုက်ပွဲကာလကို ရောက်နေပြီဖြစ်ပါတယ်။ဖေဖော်ဝါရီလဟာ အမြှောက်တပ်သားတွေအတွက် အဖွင့်လှခဲ့ပြီး အနီးကပ်ဆုံးပြိုင်ဘက်တွေက ရလဒ်ဆိုးများနဲ့ အထိနာခဲ့တာက‌တော့ ကျေနပ်စရာကောင်းလှပါတယ်။ ဒါပေမယ့် ရေရှည်ရင်ဆိုင်ရမယ့် တိုက်ပွဲတစ်ခုဖြစ်တာကြောင့် အောင်ပွဲစောစောခံလို့တော့မဖြစ်ပါဘူး။  အချိန်တစ်ခုအကြာဝေးကွာနေတဲ့ ချန်ပီယံလိဂ်အိပ်မက်အတွက် အာဆင်နယ်လိုအပ်နေတဲ့ အဓိကလိုအပ်ချက်လေးခုရှိတယ်လို့ ဆိုနိုင်ပါတယ်။ အဲ့ဒီအရာတွေက‌တော့ 

() ဒဏ်ရာပြဿနာကင်းစင်ဖို့ 

အားလုံးသိတဲ့အတိုင်း ဇန်နဝါရီမှာ အသင်းကနေ ကစားသမားခြောက်ယောက်ထွက်ခွာခဲ့ပေမယ့် ကစားသမားအ၀င်ကတော့ တစ်ယောက်မှ မရှိခဲ့ပါဘူး။ တကယ်လို့ အသင်းမှာ ဒဏ်ရာရကစားသမားတွေ၊ ပွဲပယ်ကစားသမားတွေများလာတဲ့အခါ အစားထိုးစရာ စီနီယာကစားသမားအရေအတွက်ဟာ အများအပြားမရှိလှပါဘူး။‌ 

ဒါကြောင့် လက်ကျန်ပွဲစဉ်တွေအားလုံးမှာ ကစားသမားအားလုံးကြံ့ခိုင်မှုအပြည့်၊ ဒဏ်ရာပြဿနာ ကင်းကင်းစင်စင်နဲ့ ကစားနိုင်ဖို့ဆိုတာ အသင်းအတွက် အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ အသင်းရဲ့စီနီယာကစားသမား ၁၄ယောက်၊ ၁၅ယောက်လောက်က ပွဲထွက်လူစာရင်းမှာ ပါ၀င်နိုင်ဖို့ အမြဲအသင့်ဖြစ်နေရပါမယ်။ ပရီးမီယားလိဂ်ကလွဲရင် အခြားယှဉ်ပြိုင်စရာ ပြိုင်ပွဲတွေမရှိတာမို့ ဒီအချက်ဟာ အာဆယ်နယ်အတွက်တော့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ 

() တော့တင်ဟမ်၊ မန်ယူ၊ ၀က်စ်ဟမ်းတို့ရဲ့ ခြေချော်မှုများ 

ပြီးခဲ့တဲ့ရာသီတွေမှာ ထိပ်သီးလေးသင်း၀င်ခွင့်ရဖို့အတွက် သူ့ထက်ငါ အကြိတ်အနယ် ယှဉ်ပြိုင်ရသလို တစ်ပွဲနှစ်ပွဲ တောင် ခြေချော်မခံတဲ့အနေအထားတွေအထိ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိရာသီမှာတော့ မန်စီးတီး၊ လီဗာပူးလ်တို့ကလွဲလို့ အခြားအသင်းကြီးတွေသာ မကြာခဏခြေချော်နေပြီး ရလဒ်ကောင်း၊ ခြေစွမ်းကောင်းတွေကို ပုံမှန်ရဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ အဆင့်၄နေရာအတွက် လုရယ့်အသင်းအရေအတွက်ကတော့ အာဆင်နယ်၊ မန်ယူ၊ စပါး၊ ၀က်စ်ဟမ်းနဲ့ ဝူဗာဟန်တန်တို့ ငါးသင်းက ရာသီကုန်အထိ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။ 

 ဖေဖော်ဝါရီအစမှာတော့ အာဆင်နယ်သာ တစ်ပွဲသာ ဆော့ကစားပြီး အဓိကပြိုင်ဘက်တွေထဲက တစ်သင်းဖြစ်တဲ့ ဝူဗာဟန်တန်ကို အဝေးကွင်းမှာ အနိုင်ရထားပေမယ့် အခြားပြိုင်ဘက်တွေဖြစ်တဲ့ စပါးကတော့ အိမ်ကွင်းမှာ နှစ်ပွဲဆက်ရှုံး၊မန်ယူကလည်း အနိုင်ရသင့်တဲ့ ပွဲစဉ်သုံးပွဲစလုံးမှာ နှစ်ပွဲသရေ ၊တစ်ပွဲသာအနိုင်ရခဲ့ပါတယ်။ 

ဒီလိုမျိုးပြိုင်ဘက်တွေရဲ့ ခြေချော်မှုတွေဟာလည်း အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်အိပ်မက်အတွက် အခွင့်အရေးကောင်းတစ်ခုဖြစ်ပါတယ်။ ပြိုင်ဘက်တွေရဲ့ ခြေချော်မှုကို အခွင့်ကောင်းယူပြီး အနိုင်ရသင့်တဲ့ ပွဲစဉ်တွေကို သေချာပေါက်အနိုင်ရအောင် ကစားဖို့သာ လိုအပ်နေပါတယ်။ 

Advertisements

() အနီးကပ်ဆုံးပြိုင်ဘက်တွေနဲ့ထိပ်တိုက်တွေ့ဆုံမှုတွေမှာ မရှုံးနိမ့်ရေး 

အာဆင်နယ်အနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ စပါး၊ ချဲလ်ဆီးတို့နဲ့ အဝေးကွင်း၊ လီဗာပူးလ်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။ အသင်းကြီးတွေနဲ့ တွေ့ဆုံတဲ့ ပွဲစဉ်တွေမှာဂုဏ်သိက္ခာအရကောာ၊ချန်ပီယံလိဂ်အိပ်မက်အတွက်ပါ အာဆင်နယ်အနေနဲ့ အနိုင်မရနိုင်ခဲ့ရင်တောင် အနိမ့်ဆုံး မရှုံးနိမ့်အောင်ကစားနိုင်ဖို့တော့ လိုအပ်ပါတယ်။ 

အထူးသဖြင့် ခါးသီးတဲ့ မြောက်လန်ဒန်ပြိုင်ဘက်တဖြစ်လဲ ချန်ပီယံလိဂ်၀င်ခွင့်တိုက်ပွဲအတွက်လည်း အနီးကပ်ဆုံး ပြိုင်ဘက်ဖြစ်တဲ့ စပါးအသင်းကို အနိုင်ရဖို့က သိပ်အရေးကြီးပါတယ်။ သူတို့ရဲ့အိမ်ကွင်းမှာ စပါးကို အနိုင်ရခဲ့တာဟာ လွန်ခဲ့တဲ့ ရှစ်နှစ်နီးပါးကဖြစ်ပြီး ရိုဆစ်စကီးရဲ့တစ်လုံးတည်းသော သွင်းဂိုးနဲ့ မြောက်လန်ဒန်ဒါဘီမှာ ဂန်းနားတို့နောက်ဆုံး အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒီလိုအသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်တွေမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် အာဆင်နယ်အတွက် အဆင့်၄နေရာလုပွဲဟာ ပိုမိုခက်ခဲလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အနီးကပ်ဆုံးပြိုင်ဘက်တွေနဲ့တွေ့ဆုံတဲ့အခါ မရှုံးနိမ့်အောင်ကစားနိုင်ဖို့ ဆိုတာလည်း သိပ်ကိုအရေးကြီးလှပါတယ်။ 

() နောက်ထပ် ရူးကြောင်ကြောင် အနီကဒ်တွေ မရှိစေရ 

ကစားသမားတွေဟာ အသင်းအတွက်ပေးဆပ်ကစားရင်း အဝါကဒ်၊ အနီကဒ်တွေ ထိနိုင်တယ်ဆိုပေမယ့်လည်း အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်စရာ ကစားသမားတွေအများကြီး မရှိတဲ့အချိန်မှာ ဒီလို အနီကဒ်ထိနိုင်တဲ့ စွန့်စားမှုတွေ၊ ရူးမိုက်မှုတွေကိုတော့ သတိထားဖို့တော့ လိုအပ်နေပါတယ်။ တိုက်ရိုက်အနီကဒ်ပြစ်ဒဏ်ကြောင့် သုံးပွဲဆက်တိုက်အပယ်ခံခဲ့ရမယ်ဆိုရင် အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာမှာ အသေအချာပါပဲ။  အချို့ပရိတ်သတ်တွေကပေးဆပ်တယ်ဆိုပြီးသဘောကျနိုင်ပေမယ့် အသင်းအတွက်ကတော့ ဒုက္ခတွင်းထဲရောက်ထဲ့အနေအထားဖြစ်ပါတယ်။

လက်ရှိရာသီမှာ လူတစ်ယောက်လျော့နဲ့ ပြိုင်ဘက်ကို နောက်ဆုံးမိနစ်တွေအထိ အကောင်းဆုံးကစားပြနိုင်ခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းရဲ့ ကြံခိုင်တဲ့ တိုက်ပွဲ၀င်စိတ်ဓာတ်ကို တွေ့မြင်ခဲ့ရတာဟာ အားရစရာအ‌တော်ပဲ ကောင်းပါတယ်။ ဒါပေမယ့် လက်ကျန်ပွဲစဉ်တွေမှာတော့ ဒီလို သည်းတထိတ်ထိတ်၊ ရင်တဖိုဖိုနဲ့ နောက်ဆုံးမိနစ်အထိ ဘုရားတနေရတာမျိုး၊ ‌ပွဲပယ်ကစားသမားတွေပြည့်နေတဲ့ လူစာရင်းအတွက် အာတီတာ ခေါင်းခြောက်စရာဖြစ်ရတာမျိုးကိစ္စတွေကိုရှောင်ရှားနိုင်ရမှာဖြစ်ပါတယ်။

Advertisements

Advertisement

Leave a Reply

%d bloggers like this: