၂၀၀၃-၂၀၀၄ ခုနစ် ဘောလုံးရာသီမှာ ရှုံးပွဲမရှိစံချိန်နဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်လာမယ့် ပီရက်စ်ကို အာဆင်၀င်းဂါးက လွန်ခဲ့တဲ့ ၂၂နှစ် က ခေါ်ယူခဲ့ပါတယ်။
ပီရက်စ်က သူဟာ ကလေးဘ၀က ရီးရဲလ်မက်ဒရစ်ရဲ့ ပရိသတ်ဖြစ်ခဲ့ပြီး မာဆေးလ်ကနေ အာဆင်နယ်ကို မပြောင်းရွှေ့ခင်လေးမှာပဲ ရီးရဲမက်ဒရစ်ဂျာစီနဲ့တောင် ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ၀င်းဂါးကတော့ အခြားသူတွေထက် လက်ဦးမှုယူပြီး ပီရက်စ်ကို လန်ဒန်ကိုအရခေါ်ယူနိုင်ခဲ့ပါတယ်။
အင်တာဗျူးတစ်ခုမှာ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့တာနဲ့ ပတ်သက်ပြီး ပီရက်စ်က ခုလို ဖွင့်ဟလာခဲ့ပါတယ်။
“၂၀၀၀ပြည့်နှစ်မှာ ကျွန်တော့်မှာ အာဆင်နယ်၊ရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်တို့ကို ပြောင်းရွှေ့ခွင့်ရှိခဲ့ပြီး တကယ်ကိုကံကောင်းခဲ့တာပါ။ ဒီအသင်းတွေထဲ တစ်သင်းကို ရွေးချယ်ဖို့ဆိုတာ အရမ်းကိုခက်ခဲတဲ့ရွေးချယ်မှု တစ်ခုလည်းဖြစ်ခဲ့ပါတယ် ”
“ ရီးရဲလ်မက်ဒရစ်ကို မပြောင်းရွှေ့ခဲ့တာနဲ့ပတ်သက်ပြီး လူတိုင်းက ကျွန်တော့်ကို ရူးနေပြီလားလို့ ပြောခဲ့ကြတယ်”
“ဘယ်လ်ဂျီယံမှာ ယူရိုပြိုင်ပွဲအတွက်ရှိနေတုန်း ရီးရဲမက်ဒရစ်ဂျာစီနဲ့ ကျွန်တော်ဓာတ်ပုံရိုက်ခဲ့တယ်။ ASသတင်းစာအတွက်ဖြစ်မယ်၊အမှန်ပဲဗျ။”
“နောက်တော့ အရာအားလုံးက အရမ်းကို အလျင်အမြန်ပဲ ဖြစ်သွားခဲ့တယ်။ ၀င်းဂါးက ကျွန်တော့်ကို ဖုန်းဆက်ပြီး ကျွန်တော်ရဲ့မူလအစီအစဉ်တွေကို ဖျက်ပစ်လိုက်တာပဲ။ ကျွန်တော့်ဆီ လေယာဉ်တစ်စီးလွှတ်လိုက်တယ်။ဆေးစစ်ဆေးဖို့ လန်ဒန်ကို သွားခဲ့ပြီး လက်မှတ်ထိုးခဲ့တာပဲ”
အာဆင်နယ်ကို ပြောင်းရွှေ့လာဖို့အတွက် ပြင်သစ်သားမန်နေဂျာကြီးသာမက ပြင်သစ်အသင်းဖော်တွေဖြစ်တဲ့ အွန်နရီနဲ့ ဗီအဲရာတို့ကလည်း သူ့အတွက် စိတ်ခွန်အားတစ်ခုဖြစ်ခဲ့တယ်ပီရက်စ်က ဆိုပါတယ်။
“အဲ့ဒီ့တုန်းက အာဆင်နယ်မှာ အွန်နရီနဲ့ ဗီအဲရာတို့ရှိနေတယ်။ဒါက ကျွန်တော့်အတွက် စိတ်ချလက်ချရှိနေစေပါတယ်”
“အထူးသဖြင့် မာဆေးလ်မှာ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီးတဲ့နောက် အာဆင်နယ်ကိုကြည့်လ်ုက်ရင် တည်ငြိမ်တဲ့ အသင်းတစ်သင်းဖြစ်တယ်။ မက်ဒရစ်မှာဆိုရင်တော့ အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ အခြေအနေတွေ ရှိတယ်ဆိုတာလည်း သိနေတယ်”
“ဒါပေမယ့်လည်း ကျွန်တော့်ငယ်ငယ်တုန်းကတော့ ရီးရဲလ်ရဲ့ ပရိသတ်ဖြစ်ခဲ့တာပါ”
ဂန္တ၀င်ကစားသမားကြီး ပီရက်စ်ဟာ ၂၀၀၆ခုနစ်မှာတော့ အာဆင်နယ်ကနေ ထွက်ခွာပြီး ဗီလာရီးရဲလ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။၂၀၁၀-၁၁ဘောလုံးရာသီမှာ အက်စတွန်ဗီလာအတွက် ကစားပေးခဲ့ပြီးတဲ့နောက် ကစားသမားဘ၀ကနေ အနားယူကြောင်း ကြေညာခဲ့ပါတယ်။